အာယတန ပဗ္ဗ - အာယတနပိုင်း ပထမဆင့်
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။
ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုဉ္စ ပဇာနာတိ၊ ရူပေ စ ပဇာနာတိ၊ ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ၊ တဉ္စ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။ (မ၊၁၊၇၈-၇၉။)
ရဟန်းတို့ ...တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် အတွင်း အာယတန (၆)ပါး, အပြင်အာယတန (၆)ပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ရဟန်းတို့ ...အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် အတွင်း အာယတန (၆)ပါး, အပြင် အာယတန(၆)ပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေလေသနည်း။
ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် စက္ခုအကြည်ဓာတ်ကိုလည်း ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ကွဲကွဲပြားပြား သိ၏။ ဗဟိဒ္ဓ စတုသမုဋ္ဌာနိက = အပြင်ဗဟိဒ္ဓ ဖြစ်သော, ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးကြောင့် ဖြစ်သော ရူပါရုံကိုလည်း ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝလက္ခဏာ၏ အစွမ်းဖြင့် ကွဲကွဲပြားပြား သိ၏။
ထို စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ နှစ်ပါးစုံကို အစွဲပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ခြင်းကိုလည်း ကွဲကွဲပြားပြား သိ၏။ မဖြစ်ပေါ်လာသေးသော သံယောဇဉ်တရား၏ ဖြစ်ပေါ်လာရန် အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏၊ ဖြစ်ပေါ်လာပြီးသော သံယောဇဉ်တရားကို ပယ်ရှားနိုင်ဖို့ရန် အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏။ ပယ်အပ်ပြီးသော သံယောဇဉ်တရား၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း =အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏။ (မ၊၁၊၇၈-၇၉။)
သောတာယတန-သဒ္ဒါရုံ, ဃာနာယတန-ဂန္ဓာရုံ, ဇိဝှါယတန-ရသာရုံ, ကာယာယတန-ဖောဋ္ဌဗ္ဗာရုံ,မနာယတန-ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူသည်။