Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[403]b ဝေဒနာ မချုပ်ဘူးလား

ຜູ້ຂຽນ: IAPT

ဝေဒနာ မချုပ်ဘူးလား

ဝေဒနာကား ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရမည့် တရားစုသာ ဖြစ်၏။ ဝေဒနာကို ကုန်အောင်တိုက်ရမည့် တရားကား မဟုတ်ပေ။ ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာအမျိုးမျိုးတို့ကိုသာ ကုန်အောင်တိုက်ရမှာ ဖြစ်သည်။ တဏှာကို ကုန်ခန်းစေသည့် ကျင့်စဉ်ကား --- အကြောင်းတရားနှင့် တကွသော ဝေဒနာ အဝင်အပါ ဖြစ်သည့် ခန္ဓာ (၅)ပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း လုပ်ငန်းရပ်ပင် ဖြစ်သည်။

ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)

အကြောင်းတရားတို့ကား သမုဒယသစ္စာတရားတည်း။ အကျိုးခန္ဓာ (၅)ပါးတို့ကား ဒုက္ခသစ္စာတရားတည်း။ အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာ (၅)ပါးတို့ကား သင်္ခါရတရားတည်း။ ယင်းသင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာ၌ ကောင်းစွာ တည်နေသော ဝိပဿနာဉာဏ်က ရှေးက ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် သိသော အရိယမဂ်ဉာဏ်က နောက်က ဖြစ်၏။

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်ဉာဏ်ပေါ်လာမည် ဖြစ်၏၊ ယင်းအရိယမဂ်ဉာဏ်က ကိလေသာတို့ကို အဆင့်ဆင့် ပယ်သတ်သွားမည် ဖြစ်၏၊ ယင်းကိလေသာတို့တွင် တဏှာလည်း ပါဝင်လျက်ပင် ရှိ၏။ သို့အတွက် ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော တဏှာကို ချုပ်ငြိမ်းစေရေးအတွက် အကြောင်းတရားနှင့် တကွသော ဝေဒနာ အဝင်အပါဖြစ်သည့် ခန္ဓာ (၅)ပါးတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ ထိုကြောင့် ဝေဒနာကားကုန်အောင်တိုက်ထုတ်ရမည့် တရား မဟုတ်၊ ပရိညာပညာ သုံးမျိုးဖြင့် (တဏှာ ကုန်ခန်းရေးအတွက်) ပိုင်းခြားသိအောင် ကျင့်ရမည့် တရားသာ ဖြစ်သည်။

ယင်းသို့ ဖြစ်လျှင် ဝေဒနာကား မချုပ်တော့ပြီလောဟု မေးရန်ရှိ၏။ ကျမ်းဂန်များ၌ ဝေဒနာချုပ်ပုံ သုံးမျိုးလာရှိ၏။

၁။ ယေဘုယျအားဖြင့် သာသနာပ အချိန်အခါကာလ၌ စတုတ္ထဈာန်သို့ တိုင်အောင်သော ရူပါဝစရဈာန်တို့ကို ရရှိတော်မူကြသည့် သူတော်ကောင်းတို့သည် “နာမ်တရား ရှိ၍ ခံစားမှု ရှိနေရ၏၊ နာမ်တရား မရှိကခံစားမှုလည်း မရှိနိုင်၊ ထိုအခါ ချမ်းသာလိမ့်မည်”ဟု မျှော်လင့်၍ နာမ်တရားတို့ကို ရွံရှာစက်ဆုပ်သည့် နာမဝိရာဂဘာဝနာတစ်မျိုးကို ပွားများအားထုတ်ကြ၏။ ယင်းနာမဝိရာဂဘာဝနာ၏ စွမ်းအားကြောင့် ကွယ်လွန်သွားသောအခါ အသညသတ်ဘုံသို့ ရောက်ရှိသွားကြ၏။ ယင်းဘုံ၌ နာမ်တရား လုံးဝမရှိဘဲ ရုပ်ချည်းသက်သက်ကမ္ဘာ (၅၀၀)ကာလပတ်လုံး တည်နေနိုင်၏။ ထိုအချိန်၌ ထိုဘုံဝယ် နာမ်တရားများ လုံးဝဖြစ်ခွင့် မရှိသဖြင့် နာမ်တရားတို့တွင် အဝင်အပါဖြစ်သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤကားဝေဒနာချုပ်ပုံ တစ်နည်းတည်း။

၂။ သမာပတ် (၈)ပါးတို့ကို ရရှိတော်မူကြသော အနာဂါမ် ရဟန္တာအရှင်မြတ်ကြီးတို့သည် သင်္ခါရတရားတို့၏ အပျက်ကို အမြဲတမ်း ဝိပဿနာရှုနေရသဖြင့် သင်္ခါရတရားတို့၏ အပျက်ကိုပင် မြင်တွေ့နေရ၍ ငြီးငွေ့တော်မူလာကြ၏၊ ယင်းသို့ ငြီးငွေ့တော်မူကြသဖြင့် သညာ ဝေဒနာကို ဦးတည်၍ သညာဝေဒယိတနိရောဓဟု ခေါ်ဆိုထားသော စိတ်+စေတသိက်+စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှု = နိရောဓသမာပတ်ကို ဝင်စားတော်မူကြ၏။ ယင်းနိရောဓသမာပတ်ကို အလိုရှိသလို အချိန်ကာလကို ပိုင်းခြား၍ ဝင်စားတော်မူကြ၏။ တစ်ရက် ဝင်စားပါက တစ်ရက်ပတ်လုံး စိတ်+စေတသိက်+စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြ၏။ (၇)ရက် ဝင်စားပါက (၇)ရက်ပတ်လုံး စိတ်+စေတသိက်+စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြ၏။ သို့အတွက် ထိုအချိန်တွင် စေတသိက်တို့တွင် အဝင်အပါ ဖြစ်သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤသည်မှာလည်း ဝေဒနာချုပ်ပုံ တစ်နည်းတည်း။

၃။ ရဟန္တာအရှင်မြတ်တို့ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသောအခါ ယင်း ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ ခန္ဓာ(၅)ပါးတို့သည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြ၏။ အဆင့်ဆင့်သော အရိယမဂ်ဉာဏ်တို့က ကံ-ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်လိုက်သဖြင့် ကံ-ကိလေသာများ ချုပ်ငြိမ်းသွားခြင်းကြောင့်, တစ်နည်း ဆိုရသော် တဏှာကုန်သွားခြင်းကြောင့် တဏှာ အစိုဓာတ် အစေးဓာတ်များ ထင်ရှားရှိပါမှ ဖြစ်ခွင့်ရှိသော ခန္ဓာ (၅)ပါးတို့လည်း မဖြစ်နိုင်တော့ဘဲ လုံးဝအပြီးတိုင် ချုပ်ငြိမ်းသွားကြရ၏။ ခန္ဓာ (၅)ပါးတို့တွင် တစ်ပါးအပါအဝင် ဖြစ်သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤသည်လည်း ဝေဒနာချုပ်ပုံ တစ်နည်းတည်း။

ဤသို့လျှင် ဗုဒ္ဓစာပေ ကျမ်းဂန်များ၌ ဝေဒနာချုပ်ပုံ သုံးမျိုးလာရှိ၏။ အသညသတ်ဘုံ၌ ဝေဒနာအဝင်အပါ နာမ်တရားအားလုံးတို့၏ ချုပ်ငြိမ်းမှုကား နောင်တစ်ဖန် ပြန်လည်၍ ဖြစ်ခွင့်ရှိသော ချုပ်ငြိမ်းမှု ဖြစ်ခြင်းကြောင့် ဥပ္ပါဒနိရောဓတည်း။ အသညသတ်ဘုံ၌ ကမ္ဘာ (၅၀၀) သက်တမ်း ကုန်ဆုံး၍ ပဉ္စဝေါကာရဘုံ၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေ တည်နေရသောအခါ ဝေဒနာ အဝင်အပါ ဖြစ်သော ခန္ဓာ (၅)ပါးတို့ တစ်ဖန် ပြန်လည်၍ ဖြစ်ရပြန်၏။

သို့အတွက် အသညသတ်ဘုံ၌ နာမ်တရားတို့၏ ချုပ်ငြိမ်းမှုမှာ နောင်တစ်ဖန် ဖြစ်ခြင်းရှိသော ချုပ်ခြင်း = ဥပ္ပါဒနိရောဓတည်း။

နိရောဓသမာပတ် အခိုက်၌ ဝေဒနာနှင့် တကွသော စိတ်+စေတသိက်+စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုမှာလည်း နိရောဓသမာပတ်မှ ထသောအခါ တစ်ဖန် ပြန်လည်၍ ဖြစ်ခွင့်ရှိသောကြောင့် ဥပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းတည်း။

ပရိနိဗ္ဗာနစုတိ၏ နောက်၌ ဝေဒနာ အဝင်အပါ ခန္ဓာ (၅)ပါးတို့၏ ချုပ်ငြိမ်းမှုကား နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်းတည်း။

ဤဝေဒနာချုပ်ငြိမ်းပုံ သုံးမျိုးလုံး၌ ဝေဒနာ တစ်ခုတည်းသာ ချုပ်သည်မဟုတ် ဝေဒနာနှင့် ယှဉ်ဖက် စိတ်စေတသိက်အားလုံး ချုပ်ကြသည့် ချုပ်ငြိမ်းမှုမျိုးသာ ဖြစ်သည်။ အသင်သူတော်ကောင်း ပြောသကဲ့သို့ “အသိစိတ်ကား ရှိ၏၊ ဝေဒနာကား မရှိတော့ပြီ”ဟူသော ချုပ်နည်းမျိုးကား မဟုတ်ပါပေ။ ခဏနိရောဓဟူသော ဝေဒနာအဝင်အပါ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်သည်လည်း ဥပ္ပါဒနိရောဓပင်တည်း။ အကြောင်းမကုန်သေးပါကနောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်ခြင်းတည်း။ သင်္ခါရတရားတိုင်း၏ ဓမ္မတာတည်း။ ယင်းချုပ်ပုံကိုပါ ထည့်သွင်းရေတွက်လျှင် ဝေဒနာချုပ်ပုံ လေးမျိုး ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းခဏနိရောဓကိုကား ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။