၄။ အသမ္မောဟသမ္ပဇဉ်
ခန္ဓာအိမ် အတွင်း၌ကား တည့်တည့်ကြည့်တတ်သော အတ္တ, စောင်းငဲ့ကြည့်တတ်သော အတ္တ မည်သည်မရှိသည်သာတည်း။ တည့်တည့်ကြည့်ပေတော့အံ့။ --- ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်နှင့် အတူတကွပင်လျှင် စိတ်ကြောင့်ဖြစ်ကုန်သော, စိတ္တသမုဋ္ဌာန် ရုပ်ကလာပ်တို့တွင် သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်သည် ဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် စိတ်ကြောင့် ဖြစ်သောဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ ထိုထိုသော အရပ်၌ ပျံ့နှံ့သည်၏ အစွမ်းအားဖြင့် အောက်မျက်လွှာသည် အောက်သို့ နစ်မြုပ်သွား၏၊ အထက်မျက်လွှာသည် အထက်သို့ ကြွ၏(= တက်၏, လွင့်၏)။ ယန္တရားဖြင့် ဖွင့်သော (= ပွင့်အောင် ဖွင့်လိုက်သော) တစ်စုံတစ်ယောက်သောသူ မည်သည်မရှိသည်သာတည်း။ ထိုနောင် စက္ခုဝိညာဏ်စိတ်သည် မြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာ၏။ --- ဟုဤသို့ ကွဲကွဲပြားပြား သိခြင်းသည် ဤ အာလောကိတေ ဝိလောကိတေ၌ အသမ္မောဟသမ္ပဇဉ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၃၄၀။ မ၊ဋ္ဌ၊၂၊၂၆၆။)
[မှတ်ချက် --- ဤစက္ခုဝိညာဏ်စိတ်သည် မြင်ခြင်းကိစ္စကို ပြီးစေလျက် ဖြစ်ပေါ်လာသည်ဟု ဆိုသဖြင့် ယင်းစက္ခုဝိညာဏ်သည် မိမိ ရှေ့က ရှိသော ပဉ္စဒွါရာဝဇ္ဇန်း၊ မိမိ၏ နောက်က ဖြစ်ကြကုန်သော သမ္ပဋိစ္ဆိုင်း-သန္တီရဏ-ဝုဋ္ဌောတို့ မပါဘဲ, မဟန္တာရုံ ဖြစ်က ဇောမပါဘဲ, အတိမဟန္တာရုံ ဖြစ်က ဇော တဒါရုံတို့ မပါဘဲ မိမိ ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ သို့အတွက် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် စက္ခုဒွါရဝီထိ နာမ်တရားစုတို့နှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုပါ စက္ခုဝိညာဏ်၌ သိမ်းကျုံးယူပါ။ ယင်းသို့ ယူစေလိုသောကြောင့် အဋ္ဌကထာဆရာတော်က အောက်ပါနည်းကို ဆက်လက်၍ တစ်ဖန် ဆိုတော်မူပြန်သည်။]