အိပ်မက် မက်နေခဲ့သော်
န သုပတိ န ပဋိဗုဇ္ဈတိ န သုပိနံ ပဿတီတိ သဗ္ဗေနာပိ စ ပဉ္စဒွါရိကစိတ္တေန နေဝ နိဒ္ဒံ ဩက္ကမတိ၊ န နိဒ္ဒါယတိ၊ န ပဋိဗုဇ္ဈတိ၊ န ကိဉ္စိ သုပိနံ ပဿတီတိ ဣမေသု တီသု ဌာနေသု သဟ ဇဝနေန ဝီထိစိတ္တံ ပဋိက္ခိတ္တံ။ပ ။ ဧဝံ မနောဒွါရိကဇဝနေနေဝ ပဋိဗုဇ္ဈတိ၊ န ပဉ္စဒွါရိကေန။ သုပိနမ္ပိ တေနေဝ ပဿတိ၊ န ပဉ္စဒွါရိကေန။ (အဘိ၊ဋ္ဌ၊၂၊၃၈၈-၃၈၉။)
ကပိမိဒ္ဓပရေတော ခေါ မဟာရာဇ သုပိနံ ပဿတိ။ (ခု၊၁၁၊၂၈၉-မိလိန္ဒပဥှာ။)
တေနာယံ သုပိနော ကုသလောပိ ဟောတိ အကုသလောပိ အဗျာကတောပိ။ ပ ။ သုပိနေနေဝ “ဒိဋ္ဌံ ဝိယ မေ, သုတံ ဝိယ မေ”တိ ကထနကာလေပိ အဗျာကတောယေဝ။ (အဘိ၊ဋ္ဌ၊၂၊၃၉၁။)
အဗျာကတောယေဝ အာဝဇ္ဇနမတ္တဿေဝ ဥပ္ပဇ္ဇနတောတိ ဝဒန္တိ။ ဧဝံ ဝဒန္တေဟိ မနောဒွါရေပိ အာဝဇ္ဇနံ ဒွတ္တိက္ခတ္တုံ ဥပ္ပဇ္ဇိတွာ ဇဝနဋ္ဌာနေ ဌတွာ ဘဝင်္ဂံ ဩတရတီတိ အဓိပ္ပေတန္တိ ဒဋ္ဌဗ္ဗံ။ (မူလဋီ၊၂၊၂၀၁။)
။ ပ ။ သုပိနံ သေက္ခပုထုဇ္ဇနာဝ ပဿန္တိ၊ အပ္ပဟီနဝိပလ္လာသတ္တာ။ အသေက္ခာ န ပဿန္တိ၊ ပဟီနဝိပလ္လာသတ္တာ။ (အဘိ၊ဋ္ဌ၊၂၊၃၉၀။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုတော်မူချက် ဖွင့်ဆိုတော်မူချက်အရ ဝိပလ္လာသတရားကို မပယ်ရှားရသေးသည့် အတွက်ကြောင့် သေက္ခပုထုဇန်ပုဂ္ဂိုလ်တို့သည်သာလျှင် အိပ်မက်ကို မြင်မက်ကြကုန်၏။ ဝိပလ္လာသတရားကို ပယ်ရှားပြီးသည့် အတွက်ကြောင့် ရဟန္တာအရှင်မြတ်တို့သည် အိပ်မက်ကို မြင်မက်တော်မမူကြကုန်။ ကပိမိဒ္ဓပရေတဟု ခေါ်ဆိုသော မျောက်မျဉ်းအိပ် = မျောက်မျဉ်းငိုက် အချိန်အခါ၌သာအိပ်မက်ကို မက်ကြသည်။ မျောက်သတ္တဝါ၏ အိပ်မှုကား အလွန်လျင်မြန်သော နိုးမှုရှိ၏။ အလားတူပင် ဘဝင်သို့ သက်လိုက် ဝီထိစိတ် ဖြစ်လိုက်ဖြင့် အလွန်လျင်မြန်သော ဖြစ်ခြင်းရှိသည့် အချိန်အခါ = ငိုက်မျဉ်းနေသည့် အချိန်အခါ၌ အိပ်မက်ကို မြင်မက်တတ်၏။
ပဉ္စဒွါရိကဝီထိစိတ်ဖြင့် အိပ်ပျော်ခြင်းသို့ မသက်ရောက်၊ အိပ်လည်း မအိပ်၊ နိုးလည်း မနိုး၊ အိမ်မက်လည်းမမက်။ ဘဝင်စိတ်ဖြင့်သာလျှင် အိပ်ပျော်ခြင်းသို့ သက်ရောက်၏ = အိပ်ပျော်၏။ မနောဒွါရိကဇောစိတ်ဖြင့်သာလျှင် အိပ်ရာမှ နိုး၏၊ ပဉ္စဒွါရိကစိတ်ဖြင့် အိပ်ရာမှမနိုး၊ မနောဒွါရိကဇောစိတ်ဖြင့်ပင်လျှင် သို့မဟုတ် မနောဒွါရိကစိတ်ဖြင့်ပင်လျှင် အိပ်မက် မြင်မက်၏။ ပဉ္စဒွါရိကစိတ်ဖြင့် အိပ်မက် မမက်။
အိပ်မက် မက်နေသော စိတ်သည် ကုသိုလ်လည်း ဖြစ်နိုင်၏၊ အကုသိုလ်လည်း ဖြစ်နိုင်၏၊ အဗျာကတလည်း ဖြစ်နိုင်၏။ အိပ်မက်၌ စေတီတော်ကို ရှိခိုးရခြင်း တရားနာရခြင်း တရားဟောရခြင်း စသည်တို့ကို ပြုလုပ်သူအား ကုသိုလ် မနောဒွါရိကဇောဝီထိစိတ်များ ဖြစ်ကြ၏။ အိပ်မက်၌ သူ့အသက်သတ်ခြင်း စသည်ကို ပြုသောသူအား အကုသိုလ် မနောဒွါရိကဇောဝီထိစိတ်များ ဖြစ်ကြ၏။ အိပ်မက်၌ပင်လျှင် “မြင်လိုက်သလိုလို,ကြားလိုက်သလိုလို”ဟု ပြောဆိုသင့်ရာအခါ၌ အဗျာကတ ဖြစ်၏။
အဗျာကတသာ ဖြစ်သည် ဟူရာ၌ မနောဒွါရာဝဇ္ဇန်းသာ နှစ်ကြိမ် သုံးကြိမ် ဖြစ်ခြင်းကြောင့်ဟု ဆိုကြ၏။ ဤသို့ ပြောဆိုသူတို့၏ ဝါဒအရ --- မနောဒွါရ၌လည်း မနောဒွါရာဝဇ္ဇန်းသည် နှစ်ကြိမ် သုံးကြိမ် ဖြစ်၍ ဇောနေရာ၌ ရပ်တည်၍ ဘဝင်သို့ သက်ပြန်၏ဟု အလိုရှိအပ်ပေသည်။ ဤသို့ မှတ်သားပါ။ (မူလဋီ၊၂၊၂၀၁။)
ယင်းအိပ်မက်၌ ဖြစ်သော ပြုလုပ်အပ်သော ကုသိုလ်ကံ အကုသိုလ်ကံသည် အကျိုးရှိသလော မရှိသလော= အကျိုးပေးသလော မပေးသလောဟူမူ အကျိုးရှိ၏ အကျိုးပေး၏။ သို့သော် အားနည်းသောကြောင့် ပဋိသန္ဓေအကျိုးကို ပေးဖို့ရန် မစွမ်းနိုင်ပေ။ အခြားသော ကံတစ်ခုက ပဋိသန္ဓေအကျိုးကို ပေးပြီးသော် ပဝတ္တိအခါ၌ကားယင်းအိပ်မက်၌ ပြုအပ်သော ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးကို ခံစားခွင့် ရှိပေသည်။
ယောဂါဝစရပုဂ္ဂိုလ်သည် နိုးလာသော အခါ၌ ယင်းအိပ်မက် အတွင်း၌ ဖြစ်ခဲ့သော ပြုခဲ့သော ကုသိုလ်အကုသိုလ် အဗျာကတတရားတို့ကိုလည်းကောင်း, ယင်း နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်းသမာဓိကို အဆင့်ဆင့် ထူထောင်ပြီးလျှင် ပြန်လည်၍ သိမ်းဆည်းနိုင်သည်သာ ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်းနိုင်ခဲ့သော် အိပ်ပျော်ရာ နိုးလာရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိသည်ပင် မည်နိုင်ပါပေသည်။