Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[555]b ၄။ ဥပ္ပန္န ကုသိုလ်

Author: IAPT

၄။ ဥပ္ပန္န ကုသိုလ်

ဥပ္ပန္နာနန္တိ တေသံယေဝ ပဋိလဒ္ဓါနံ။ (ဒီ၊ဋ္ဌ၊၂၊၃၉၃။)

ရအပ်ကုန်ပြီးသော ဈာန်ကုသိုလ် မဂ်ကုသိုလ်တို့သည် ဥပ္ပန္န ကုသိုလ်တို့ မည်ကုန်၏။ ထိုတွင် မဂ်ကုသိုလ်ကား စိတ္တက္ခဏတစ်ချက်သာ သက်တမ်းရှိ၏။ မဂ်ကုသိုလ်စိတ် (၄)မျိုးတို့သည် တစ်ကြိမ်စီသာ ဖြစ်ရိုးဓမ္မတာရှိ၏။ ထိုကြောင့် ယင်းမဂ်ကုသိုလ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် တည်တံ့အောင် တိုးပွားအောင် ပြုလုပ်ဖို့ရန် မစွမ်းနိုင်ပေ။ ထိုမဂ်ကုသိုလ်၏ အားကြီးသောမှီရာ ဥပနိဿယ အကြောင်းရင်းဖြစ်သော ဝိပဿနာကုသိုလ်ကိုလည်းကောင်း, ယင်းဝိပဿနာ၏ အခြေခံ အကြောင်းရင်း ပါဒကဖြစ်သော ဈာန်ကုသိုလ်ကိုလည်းကောင်း ပဗန္ဓဌိတိ အမည်ရသော ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်ခြင်း အစဉ်အတန်း၏ အစွမ်းဖြင့် တည်တံ့အောင် ကြိုးစားရ၏၊ မပျောက်ပျက်အောင် ကြိုးစားရ၏၊ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင်အထပ်ထပ် ဖြစ်အောင် ကြိုးစားရ၏၊ မိမိ ပွားများနေသော ဘာဝနာဉာဏ်၏ အရဟတ္တမဂ်ဆိုက်သည် အထိပြည့်စုံအောင် ကြိုးပမ်းရ၏။ ဝီရိယနှင့်ယှဉ်သော ဆန္ဒဓာတ်ကို ဖြစ်စေအပ်၏၊ ကာယိကဝီရိယ စေတသိကဝီရိယကို ဖြစ်စေအပ်၏၊ လုံ့လပြုအပ်၏၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြင့်မားအောင် မြှင့်တင်ပေးရ၏၊ အင်္ဂါလေးပါးရှိသော ဝီရိယခြံရံလျက် သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို တကယ် ကျင့်ဖို့ရန် စိတ်ကို ဆောက်တည်အပ်၏၊ တကယ် ကျင့်အပ်၏။ ယင်းသို့ ကျင့်သော် အနုပ္ပန္န ကုသိုလ်တို့လည်း ဖြစ်ပေါ်လာကြမည် ဖြစ်၏၊ ဥပ္ပန္နကုသိုလ်တို့လည်း တိုင်းထက်အလွန် တိုးပွားလာကြမည် ဖြစ်၏။

ဤ သမ္မာဝါယာမမဂ္ဂင်သည်လည်း ---

  • ၁။ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင် ကြိုးစားအားထုတ်ခြင်း,
  • ၂။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် ကြိုးစားအားထုတ်ခြင်း,
  • ၃။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ခြင်း,
  • ၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း ---

ဟု အားထုတ်ခြင်း သမ္မာဝါယာမ (၄)မျိုး ရှိ၏။

ဤသို့ ကြိုးစားအားထုတ်နေသော စိတ်ဓာတ်တို့၏ ထူးထွေကွဲပြားမှု ရှိသည့်အတွက်ကြောင့် အရိယမဂ်၏ရှေးအဖို့၌ ကျင့်အပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟု ဆိုအပ်သော သမထ ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့ ဖြစ်ပေါ်လာအောင် ကြိုးပမ်းခိုက်၌ ထူးထွေကွဲပြားမှု ရှိ၏၊ သမ္မာဝါယာမ အမျိုးမျိုး ရှိ၏။ သို့သော် အရိယမဂ်အခိုက်၌ကား သမ္မာဝါယာမမဂ္ဂင်သည် ဤလေးဌာနလုံးတို့၌ ပင်လျှင် ပြုသင့်ပြုထိုက်သည့် ယင်း (၄)မျိုးသောလုပ်ငန်းကိစ္စရပ်တို့ကို ပြီးစီးစေတတ်သည့် စွမ်းအားကြောင့် မဂ္ဂင်္ဂ = အရိယမဂ်၏ အင်္ဂါကို ပြည့်စေလျက် တစ်ခုတည်းသာလျှင် ဖြစ်သော ကုသိုလ်ဝီရိယသည် ဖြစ်ပေါ်လာ၏၊ ဤကုသိုလ်ဝီရိယသည် သမ္မာဝါယာမ မည်၏။ (အရိယမဂ်နှင့် ယှဉ်သော ဝီရိယသည် အထက်ပါ ကိစ္စလေးရပ်ကို ပြီးစီးအောင် တစ်ပြိုင်နက် ဆောင်ရွက်နိုင်၏ဟူလိုသည်။) (ဒီ၊ဋ္ဌ၊၂၊၃၉၃။)