Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[379] ဉာတပရိညာ တီရဏပရိညာ

Tác giả: IAPT

ဉာတပရိညာ တီရဏပရိညာ

ဣတိ ဘဂဝါ ဗာဟိယဿ သံခိတ္တရုစိတာယ ဆဟိ ဝိညာဏကာယေဟိ သဒ္ဓိံ ဆဠာရမ္မဏဘေဒဘိန္နံ ဝိပဿနာယ ဝိသယံ ဒိဋ္ဌာဒီဟိ စတူဟိ ကောဋ္ဌာသေဟိ ဝိဘဇိတွာ တတ္ထဿ ဉာတတီရဏပရိညံ ဒဿေတိ။ ကထံ? ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿနဋ္ဌေန။ တဒုဘယမ္ပိ ယထာပစ္စယံ ပဝတ္တမာနံ ဓမ္မမတ္တမေဝ၊ န ဧတ္ထ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ၊ ယတောတံ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ, ဥဒယဗ္ဗယပ္ပဋိပီဠနဋ္ဌေန ဒုက္ခံ, အဝသဝတ္တနဋ္ဌေန အနတ္တာတိ ကုတော တတ္ထ ပဏ္ဍိတဿ ရဇ္ဇနာဒီနံ ဩကာသောတိ? အယမေတ္ထ အဓိပ္ပါယော သုတာဒီသုပိ။ (ဥဒါန၊ဋ္ဌ၊၈၂။ အနုဋီ၊၂၊၁၈၃။)

ဤသို့လျှင် ဘုရားရှင်သည် ဗာဟိယအား တရားအကျဉ်းကိုသာ နှစ်ခြိုက်သည့်အတွက်ကြောင့် --- စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ် --- ဟူသော ဝိညာဏ ကာယ (၆)ပါးတို့နှင့် အတူတကွ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ --- ဟူသော (၆)မျိုးသောအာရုံအပြားရှိသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံကို ---

  • ၁။ ဒိဋ္ဌတရား
  • ၂။ သုတတရား
  • ၃။ မုတတရား
  • ၄။ ဝိညာတတရား --

ဟူသော --- (၄)ပါးကုန်သော ကောဋ္ဌာသ = အဖို့အစုတို့ဖြင့် ခွဲခြားဝေဖန်တော်မူ၍ ထိုဝိညာဏ် (၆)ပါး,အာရုံ (၆)ပါး၌ ထိုဗာဟိယအား ဉာတပရိညာနှင့် တီရဏပရိညာကို ပြည့်စုံအောင် ဖြည့်ကျင့်ရန် ဘုရားရှင်ကညွှန်ကြားပြသတော်မူပေသည်။ အဘယ်သို့ ညွှန်ကြားပြသတော်မူသနည်း ဟူမူ ---

  • ၁။ ရူပါရုံသည် စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။ မြင်အပ်သော တရားတည်း။
  • ၂။ စက္ခုဒွါရိကဝီထိစိတ် (ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် မနောဒွါရိကဝီထိစိတ်)တို့နှင့် တကွသော စက္ခုဝိညာဏ်သည် ရူပါရုံကို သိမြင်တတ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏။ မြင်တတ်သော တရားစုတို့တည်း။ (ဤစကားရပ်ဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ကို ပြ၏။)
  • ၃။ ထိုမြင်အပ်သောတရားနှင့် မြင်တတ်သောတရား နှစ်ပါးစုံသည်လည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပြုပြင်ပေးပါမှ အကြောင်းတရား အားလျော်စွာ အနိုင်နိုင် ဖြစ်ပေါ်လာကြရသော ဓမ္မသဘောမျှသာ ဖြစ်ကြ၏။ ဤမြင်အပ်သောတရား, မြင်တတ်သောတရား နှစ်ပါးစုံ၌ တစ်စုံတစ်ခုသော ပြုလုပ်တတ် ဖန်ဆင်းတတ်သော အတ္တသည်လည်းကောင်း, ပြုလုပ်စေအပ် = အဖန်ဆင်းခံရသော အတ္တသည်လည်းကောင်း မရှိပေ။ (ဤစကားရပ်ဖြင့် ယင်း မြင်အပ် မြင်တတ်သော တရားတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရန် ပစ္စယပရိဂ္ဂဟဉာဏ်ကို ဖော်ပြ၏။ ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကား ဉာတပရိညာတည်း။)
  • ၄။ ယင်းသို့ မြင်အပ်သောတရား, မြင်တတ်သောတရားစုတို့သည် ဆိုင်ရာ အကြောင်းတရားအားလျော်စွာ ဖြစ်ပေါ်လာကြရသော ဓမ္မသဘော သက်သက်မျှသာ ဖြစ်ခြင်းကြောင့် ---- အကြောင်းတရားနှင့် တကွသောယင်းမြင်အပ်သောတရား မြင်တတ်သောတရားသည် ----
    • (က) ဖြစ်ပြီးလျှင် မရှိခြင်း အနက်သဘောကြောင့် အနိစ္စတည်း၊
    • ( ခ ) ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေရတတ်သည့် အနက်သဘောကြောင့် ဒုက္ခတည်း၊
    • ( ဂ ) တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း မဖြစ်ခြင်း အနက်သဘောကြောင့် အနတ္တတည်း။

ဤသို့ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်နေသော ပညာရှိသူတော်ကောင်း၏ သန္တာန်ဝယ် ထိုမြင်အပ်သောတရား, မြင်တတ်သောတရားတို့အပေါ်၌ အဘယ်မှာလျှင် တပ်မက်ခြင်း ရာဂ, ပြစ်မှားခြင်း ဒေါသ, အသိမှားခြင်း တွေဝေခြင်း မောဟတို့၏ ဖြစ်ပေါ်လာဖို့ရန် အခွင့်အလမ်းသည် ရှိနိုင်ပါတော့အံ့နည်း။ ဤကား ဤ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒေသနာတော်၌ ဆိုလိုရင်း အဓိပ္ပါယ်တည်း။ သုတ-မုတ-ဝိညာတတို့၌လည်း ဤနည်းပင်တည်း။ (ဤစကားရပ်တို့ဖြင့် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်ဟူသော တီရဏပရိညာကို ပြဆို၏။) (အနုဋီ၊၂၊၁၈၃ ၌ အယဥှေတ္ထ အဓိပ္ပါယော၊ ဧသ နယော သုတာဒီသုပိ ---- ဟု လာရှိသည့်အတိုင်းဘာသာပြန်ဆိုထားသည်။)