မဟာနာဂမထေရ်မြတ်ကြီး
ကာဠဝလ္လိမဏ္ဍပ (= နွယ်မဲ မဏ္ဍပ်) အရပ်၌ သီတင်းသုံးတော်မူသော မဟာနာဂမထေရ်မြတ်ကြီးသည်လည်း ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူသည်ရှိသော် ရှေးဦးစွာ ဘုရားရှင်၏ ဒုက္ကရစရိယာ (၆)နှစ် ကြာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခြင်း = မဟာပဓာနကျင့်စဉ်ကို ပဋိပတ္တိပူဇာဖြင့် ပူဇော်ပေအံ့ဟူသော ဆုံးဖြတ်ချက်ဖြင့် (၇)နှစ်တို့ ကာလပတ်လုံး ရပ်ခြင်း စင်္ကြံသွားခြင်းကိုသာလျှင် (= ရပ်လျက်ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း, စင်္ကြံကြွလျက် ကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းကိုသာလျှင်) အဓိဋ္ဌာန်တော်မူ၏။ (ဆွမ်းစားခြင်း ကျင်ကြီး ကျင်ငယ် စွန့်ခြင်း စသော ကိစ္စတို့မှအပ ထိုင်ခြင်း, အိပ်ခြင်း, ဣရိယာပုထ်နှစ်မျိုးကို လုံးလုံးအသုံးမပြုပေ။) နောက်ထပ်တစ်ဖန် (၁၆)နှစ်တို့ ကာလပတ်လုံး ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူသည်ရှိသော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူ၏။
ထိုမဟာနာဂမထေရ်ကြီးသည် ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဓာတ်ဖြင့်သာလျှင် ခြေကို ကြွချီတော်မူ၏၊မြှောက်တော်မူ၏၊ ကမ္မဋ္ဌာန်းနှင့် မယှဉ်သော စိတ်ဖြင့် = ကမ္မဋ္ဌာန်းအာရုံမှ လက်လွတ်သွားသော လွတ်ထွက်သွားသော စိတ်ဖြင့် ခြေကို ကြွချီခဲ့မိသည်ရှိသော် နောက်ကြောင်းသို့ တစ်ဖန် ပြန်လှည့်တော်မူလျက် ထိုကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွက်သွားသော စိတ်ဖြင့် ခြေကို ကြွချီမိရာနေရာမှ စ၍ ကမ္မဋ္ဌာန်းနှင့် ယှဉ်သော စိတ်ဖြင့်သာလျှင်တစ်ဖန် ပြန်ကြွတော်မူ၏။ (ဤ၌ ကမ္မဋ္ဌာန်းဟူသည် မိမိ အမြဲနှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကိုပင် ဆိုလိုသည်။)
ထိုသို့ ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်တော်မူလျက် သွားစဉ် ရွာအနီးသို့ ဆိုက်ရောက်တော်မူလတ်သော်“နွားမလေလော, ရဟန်းလေလော”ဟု ယုံမှားသံသယ ဖြစ်လောက်သော နေရာ၌ မတ်တတ်ရပ်တော်မူ၍သင်္ကန်းကို ရုံတော်မူပြီးနောက် လက်ကတီးချိုင်းကြားမှ လွယ်လာသော ရေဖြင့် သပိတ်ကို ဆေးကြောတော်မူ၏။ သပိတ်ဆေးပြီးနောက် ရေကို ပါးစပ်တွင်း၌ ငုံထားတော်မူ၏။ အဘယ်ကြောင့်နည်း ဟူမူ --- “ငါ့အားဆွမ်းလောင်းလှူရန်အလို့ငှာလည်းကောင်း ရှိခိုးအံ့သော်ငှာလည်းကောင်း ရောက်ရှိလာကြကုန်သော လူတို့ကို“ဒီဃာယုကာ ဟောထ = အသက်ရှည်ကြပါစေ”ဟူသော စကားကို ပြောဆိုခဲ့မိလျှင် ထိုသို့ ပြောဆိုလိုက်မိသော စကားမျှဖြင့်လည်း ကမ္မဋ္ဌာန်းအာရုံမှ စိတ်ပျံ့လွင့်မှုသည် မဖြစ်ပါစေသတည်းဟု နှလုံးပိုက်တော်မူ၏၊ ထိုကြောင့်ရေကို ငုံခြင်း ဖြစ်၏။
“အရှင်ဘုရား ...ယနေ့ ဘယ်နှစ်ရက် ရှိပါပြီလဲ”ဟု နေ့ရက်ကိုသော်လည်းကောင်း, ကျောင်း၌ရှိသောရဟန်းတော် အရေအတွက်ကိုလည်းကောင်း, ပြဿနာ တစ်ခုခုကိုသော်လည်းကောင်း မေးမြန်းလျှောက်ထားခဲ့ပါမူကား ရေကို မျိုချ၍ အဖြေကို ပြောကြားတတ်၏။ အကယ်၍ နေ့ရက် စသည်တို့ကို မေးမြန်းလျှောက်ထားကြသော ပုဂ္ဂိုလ်တို့ မရှိကြပါကုန်မူကား ရွာမှ ထွက်ခွာလာသော အချိန်၌ ရွာတံခါးဝ၌ ငုံထားပြီးသော ရေကိုထွေး၍သာလျှင် ကျောင်းသို့ ပြန်ကြွတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၃၃၇။ မ၊ဋ္ဌ၊၁၊၂၆၃။)