သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊= ဒုကုဋ် - သပိတ် - သင်္ကန်းကို ဆောင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ ၁။ သာတ္ထကသမ္ပဇဉ် (သင်္ကန်း)
ဤ၌ ဒုကုဋ်နှင့် သင်္ကန်းတို့ကို ဝတ်ရုံခြင်း၏ အစွမ်းဖြင့်, သပိတ်ကို ဆွမ်းခံခြင်း ဆွမ်းစားခြင်း စသည်တို့၏ အစွမ်းဖြင့် သုံးဆောင်ခြင်းသည် ဓာရဏ = ဆောင်ခြင်း မည်၏။ ဒုကုဋ်နှင့် သင်္ကန်းတို့ကို ဝတ်၍သော်လည်းကောင်း, ရုံ၍သော်လည်းကောင်း ဆွမ်းခံသွားသော ရဟန်းအားဆွမ်း စသော ပစ္စည်းအာမိသကို ရခြင်းသည်လည်းကောင်း, အအေးကို ပယ်ဖျောက်ခြင်းငှာ စသည်ဖြင့် သင်္ကန်းကို သုံးဆောင်ရာဝယ် ပစ္စဝေက္ခဏာ ဆင်ခြင်ပုံကို ဘုရားရှင် ဟောကြားထားတော်မူသော နည်းအတိုင်းပင်အချမ်းအပူကို ပယ်ဖျောက်ခြင်း အချမ်းအပူ၏ ပျောက်ကင်းခြင်း စသော အကျိုးတရားသည်လည်းကောင်း အတ္ထ = အကျိုးတရား မည်၏။ ထိုအကျိုးတရား၏ အစွမ်းဖြင့် သာတ္ထကသမ္ပဇဉ်ဉာဏ်ကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၃၄၃။ မ၊ဋ္ဌ၊၁၊၂၆၉။)
သင်္ကန်းကို သုံးဆောင်ရာ၌ ရရှိလာသော အကျိုးတရားတို့ကို ဆင်ခြင်၍ သုံးဆောင်တတ်သော ဉာဏ်သည် သာတ္ထကသမ္ပဇဉ်ဉာဏ် မည်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ကန်းကို ဝတ်ရုံသုံးဆောင်ရာ၌ ယင်းရနိုင်သော အကျိုးတရားတို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲရမည်ဟု ဆိုလိုပေသည်။