Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[544]b နိရောဓ နှစ်မျိုး

Author: IAPT

နိရောဓ နှစ်မျိုး

ဝိရာဂါနုပဿီတိ ဧတ္ထ ပန ဒွေ ဝိရာဂါ ခယဝိရာဂေါ စ အစ္စန္တဝိရာဂေါ စ။ တတ္ထ ခယဝိရာဂေါတိ သင်္ခါရာနံ ခဏဘင်္ဂေါ။ အစ္စန္တဝိရာဂေါတိ နိဗ္ဗာနံ။ ဝိရာဂါနုပဿနာတိ တဒုဘယဒဿနဝသေန ပဝတ္တာ ဝိပဿနာ စ မဂ္ဂေါ စ။ တာယ ဒုဝိဓာယပိ အနုပဿနာယ သမန္နာဂတော ဟုတွာ အဿသန္တော ပဿသန္တော စ “ဝိရာဂါနုပဿီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ”တိ ဝေဒိတဗ္ဗော။ နိရောဓာနုပဿီပဒေပိ ဧသေဝ နယော။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

ခယဝိရာဂ, အစ္စန္တဝိရာဂဟု ဝိရာဂ နှစ်မျိုး ရှိ၏။ ခယနိရောဓ, အစ္စန္တနိရောဓဟု နိရောဓလည်း နှစ်မျိုးပင် ရှိ၏။ ထိုတွင် ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသော သင်္ခါရတရားတို့၏ ပျက်ခြင်း ခဏဘင်သည် ခယဝိရာဂ မည်၏၊ ခယနိရောဓလည်း မည်၏။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား အစ္စန္တဝိရာဂမည်၏၊ အစ္စန္တနိရောဓလည်း မည်၏။ ရာဂ၏ စင်စစ် ကင်းပြတ်ရာ ကင်းပြတ်ကြောင်း, ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်းတရားတည်း။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ပျက်ခြင်း = ခဏဘင်ကို ရှုမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည် တဒင်္ဂအားဖြင့် ကိလေသာတို့ကို စွန့်လွှတ်တတ်သောကြောင့် ကင်းပြတ်စေတတ်သောကြောင့် ဝိရာဂါနုပဿနာ မည်၏။ တဒင်္ဂအားဖြင့် ကိလေသာတို့ကို ချုပ်စေတတ်သောကြောင့် တဒင်္ဂအားဖြင့် ကိလေသာတို့၏ ချုပ်ငြိမ်းကြောင်း ဖြစ်သောကြောင့် နိရောဓာနုပဿနာလည်း မည်၏။

အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာတရားတော်မြတ်ကြီးကို အာရုံ မျက်မှောက် ထွင်းဖောက်သိမြင်သော အရိယမဂ်သည် ရာဂ၏ အကြွင်းမဲ့ စင်စစ် ကင်းရာကင်းကြောင်း ချုပ်ရာချုပ်ကြောင်း ဖြစ်သောကြောင့် ဝိရာဂါနုပဿနာ မည်၏၊ နိရောဓာနုပဿနာလည်း မည်၏။

ထိုဝိရာဂါနုပဿနာ နိရောဓာနုပဿနာ အမည်ရသော ဝိပဿနာဉာဏ် မဂ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ထွက်သက်လေကို ဖြစ်စေသည်ရှိသော် “ဝိရာဂသဘော နိရောဓသဘောကို (သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် နိဗ္ဗာန်တရားတော်မြတ်ကို) အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်၏ဟူ၍ သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

ဤအထက်ပါ ဝိရာဂနှစ်မျိုး နိရောဓနှစ်မျိုးတို့တွင် ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၏ ပျက်ခြင်း ခဏဘင်ဟူသော ခယဝိရာဂ, ခယနိရောဓ သဘောကို ရှုမြင်တတ်သော ဝိပဿနာဉာဏ်ကိုရအောင် ကြိုးပမ်းရမည် ဖြစ်သည်။ အစ္စန္တဝိရာဂ, အစ္စန္တနိရောဓ အမည်ရသော အကယ်စင်စစ် ရာဂ၏ ကင်းရာချုပ်ရာဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို သိမြင်တတ်သော အရိယမဂ်ကို ရရှိရေးအတွက် ဖြစ်သည်။

အကယ်၍ အသင်သူတော်ကောင်းသည် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ (အရဟတ္တမဂ်၏ စွမ်းအားကြောင့်) နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ခဲ့သည် ဖြစ်အံ့၊ ယင်းချုပ်ငြိမ်းမှုသဘောကား လောကီနိရောဓသစ္စာပင်တည်း။ င်းနိရောဓသစ္စာကို ရှုမြင်တတ်သော ဝိပဿနာဉာဏ်ကား လောကီမဂ္ဂသစ္စာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)

ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ၊ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ယဉ္စဿ ဥဒယဗ္ဗယဒဿနံ၊ မဂ္ဂေါဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံ ဟောတိ၊ တတြ သမ္မောဟဝိဃာတတော။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိသွားသောအခါ ---

၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း, အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့်အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့၏ ပရိနိဗ္ဗာနစုတိ၏ အဆုံး၌ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရ၏။ ယင်းသို့ ရှုမြင်သောဉာဏ်ကို ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်ဟု ခေါ်ဆို၏။ အကြောင်းတရားအားဖြင့် ဖြစ်မှု ချုပ်မှုကို ရှုမြင်သော ဉာဏ်ဟု ဆိုလိုသည်။

ထိုတွင် အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံကို ရှုမြင်သော ဝိပဿနာဉာဏ်ကို ပစ္စယတော ဥဒယဒဿနဉာဏ်ဟု ခေါ်ဆို၏။ အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို ရှုမြင်သော ဝိပဿနာဉာဏ်ကို ပစ္စယတော ဝယဒဿနဉာဏ်ဟု ခေါ်ဆို၏။

အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို ရှုမြင်တတ်သော ပစ္စယတော ဝယဒဿနဉာဏ် ဖြစ်ပေါ်လာခြင်းဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ နိရောဓသစ္စာတရားသည် ထင်ရှားလာ၏။ အကြောင်းတရားတို့၏ မဖြစ်ခြင်းကြောင့် = နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် အရဟတ္တမဂ်ကြောင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကြောင်းတရား ထင်ရှားရှိမှသာလျှင် ထင်ရှားဖြစ်ပေါ်လာနိုင်သော အကျိုးတရားစုတို့၏ မဖြစ်ခြင်း သဘောကို = နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့၌ ချုပ်ငြိမ်းသွားမှုကို ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကြောင့်တည်း။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

အကြောင်းတရားတို့၏ ချုပ်ငြိမ်းမှုကား သဥပါဒိသေသနိဗ္ဗာန်တည်း။ အကျိုးတရားတို့၏ ချုပ်ငြိမ်းမှုကား အနုပါဒိသေသနိဗ္ဗာန်တည်း။ အကြောင်းတရားတို့၏ ချုပ်ငြိမ်းမှုကား ကိလေသပရိနိဗ္ဗာန်တည်း၊ အကျိုးတရားတို့၏ ချုပ်ငြိမ်းမှုကား ခန္ဓပရိနိဗ္ဗာန်တည်း။ (အဘိ၊ဋ္ဌ၊၂၊၄၁၃။)

၂။ ခဏတော ဥဒယဗ္ဗယဒဿန --- သင်္ခါရတရားတို့၏ ဖြစ်မှု-ပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ရှုမြင်တတ်သော ဝိပဿနာဉာဏ်သည် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် မည်၏။

ဤနှစ်မျိုးသော ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်, ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်သည် တစ်နည်းဉာဏ် ပြဓာန်းသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော တရားစုသည်လောကီမဂ္ဂသစ္စာတည်း။ ထို ပစ္စယတော ဥဒယဗ္ဗယ, ခဏတော ဥဒယဗ္ဗယဟူသော နှစ်မျိုးသော ဥဒယဗ္ဗယသဘော၌ မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟကို = သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်သတ်တတ်သောကြောင့် ယင်းတရားစုသည် မဂ္ဂသစ္စာ မည်၏။

“အယံ လောကိယော အယံ လောကုတ္တရော”တိ အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)

“ဤကား လောကီမဂ္ဂသစ္စာ၊ ဤကား လောကုတ္တရာမဂ္ဂသစ္စာ”ဟု ဖြူစင်မြင့်မြတ်သော အရိယာတို့၏ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ဟုတ်တိုင်းမှန်စွာ မသိသော ယောဂါဝစရပုဂ္ဂိုလ်သည် လောကီမဂ္ဂသစ္စာတရား၌ နှလုံးသွင်း၍ လောကုတ္တရာမဂ္ဂသစ္စာတရားကို ဖြစ်စေအံ့သောငှာ မစွမ်းနိုင်ပေ။ (မ၊ဋ္ဌ၊၂၊၁၆၅။) ထိုကြောင့် အသင်သူတော်ကောင်းသည် လောကီနိရောဓသစ္စာ, လောကုတ္တရာနိရောဓသစ္စာ, လောကီမဂ္ဂသစ္စာ, လောကုတ္တရာမဂ္ဂသစ္စာတရားတို့ကို သိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။

သင်္ခါရတရားတို့၏ ဖြစ်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် သိမြင်ခြင်းကား ဇာတိဒုက္ခကို သိမြင်ခြင်းတည်း။ သင်္ခါရတရားတို့၏ ပျက်မှု ခဏဘင်ကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် သိမြင်ခြင်းကား မရဏဒုက္ခကို သိခြင်းတည်း။ ယင်း ဇာတိဒုက္ခ မရဏဒုက္ခတို့ကား လောကီဒုက္ခသစ္စာတရားတည်း။ တစ်ဖန် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ထင်ရှားရှိနေခြင်းကြောင့် အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်မှုကို သိခြင်းကား သမုဒယသစ္စာကို သိခြင်းတည်း၊ လောကီသမုဒယသစ္စာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ဤလောကီ ဒုက္ခသစ္စာ သမုဒယသစ္စာတို့ကိုလည်း အသင်သူတော်ကောင်းသည် သိအောင် ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။