Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[468] နာမရူပပရိစ္ဆေဒဉာဏ်

作者: IAPT

နာမရူပပရိစ္ဆေဒဉာဏ်

သော “ဣမေ ဖဿပဉ္စမကာ ဓမ္မာ ကိံ နိဿိတာ”တိ ဥပဓာရေန္တော “ဝတ္ထုံ နိဿိတာ”တိ ပဇာနာတိ။ ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ “ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ”န္တိ။ သောအတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ ဧဝမေတ္ထ ဝတ္ထု ရူပံ၊ ဖဿပဉ္စမကာ နာမန္တိ နာမရူပမေဝ ပဿတိ။ ရူပဉ္စေတ္ထ ရူပက္ခန္ဓော၊ နာမံ စတ္တာရော အရူပိနော ခန္ဓာတိ ပဉ္စက္ခန္ဓမတ္တံ ဟောတိ။ နာမရူပဝိနိမုတ္တာ ဟိ ပဉ္စက္ခန္ဓာ ပဉ္စက္ခန္ဓဝိနိမုတ္တံ ဝါ နာမရူပံ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။ မ၊ဋ္ဌ၊၁၊၂၈၁။)

= ထိုယောဂါဝစရ ရဟန်းတော်သည် “ဤဖဿလျှင် ငါးခုမြောက် ရှိကြကုန်သော ဖဿပဉ္စမကတရားတို့သည် အဘယ်ကို မှီ၍ ဖြစ်ပေါ်လာကြပါကုန်သနည်း”ဟု ဤသို့ စူးစမ်းဆင်ခြင်လတ်သော် “ဤဖဿပဉ္စမကတရားတို့သည် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ပေါ်လာကြကုန်၏”ဟု ဤသို့ သိရှိလာ၏။ ဤ၌ ဝတ္ထုဟူသည် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဟူသော ဝတ္ထုရုပ်သက်သက်ကိုသာ ဆိုလိုသည်မဟုတ်၊ ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်းကို ဆိုလို၏။ ယင်းကရဇကာယဟူသော ဝတ္ထုရုပ်ကို ရည်ရွယ်တော်မူ၍ --- “ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီနေ၏၊ ဤကရဇကာယနှင့် ဆက်စပ်လျက် ဖြစ်နေ၏”ဟု (ဒီ၊၁၊၇၂။) သာမညဖလသုတ္တန်၌လည်းကောင်း, (မ၊၂၊၂၀၉။) မဟာသကုလုဒါယိသုတ္တန်၌လည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ယင်း ကရဇကာယဟူသည် ပရမတ္ထတရားကိုယ်အနက်သဘောအားဖြင့် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့နှင့် (၂၄)မျိုးသော ဥပါဒါရုပ်တို့ပင် ဖြစ်ကြသည်။ (ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ဖြစ်ပေါ်နေကြကုန်သော (၅၄)မျိုး (၄၄)မျိုး စသော ရုပ်တရားတို့ပင်တည်း။ ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။) ဤ၌ ---

  • ၁။ ကရဇကာယဟူသော ဝတ္ထုကား ရုပ်တရားတည်း၊
  • ၂။ ဖဿပဉ္စမကတရားတို့ကား နာမ်တရားတည်း။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်မျှကိုသာလျှင် ဉာဏ်မျက်စိဖြင့် တွေ့မြင်နေ၏။ ဤနာမ်ရုပ် နှစ်မျိုးတို့တွင် ---

  • ၁။ ရုပ်တရားကား ရူပက္ခန္ဓာတည်း၊

  • ၂။ နာမ်တရားကား နာမ်ခန္ဓာလေးပါးတည်း။ (ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတည်း၊၊)ဤသို့လျှင် ခန္ဓာငါးပါးမျှသာ ဖြစ်၏။ မှန်ပေသည် ---

  • ၁။ နာမ်ရုပ် နှစ်ပါးမှ လွတ်ကုန်သော ခန္ဓာငါးပါးတို့သည်လည်း မရှိကုန်။

  • ၂။ ခန္ဓာငါးပါးမှ လွတ်သော နာမ်ရုပ်သည်လည်း မရှိပေ။