Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[279] နာမရူပဝဝတ္ထာန အခန်း

ຜູ້ຂຽນ: IAPT

နာမရူပဝဝတ္ထာန အခန်း

၄။ နာမရူပဝဝတ္ထာန = ရုပ်+နာမ်ကို ပိုင်းခြား မှတ်သားခြင်း

သော ဧဝံ ဖဿာဒီနံ ဝသေန ဥပဋ္ဌိတေ စတ္တာရော အရူပိနော ခန္ဓေ နာမန္တိ၊ တေသံ အာရမ္မဏဘူတာနိ စတ္တာရိ မဟာဘူတာနိ, စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ ရူပန္တိ ဝဝတ္ထပေတိ။ ဣတိ အဋ္ဌာရသ ဓာတုယော ဒွါဒသာယတနာနိ ပဉ္စက္ခန္ဓာတိ သဗ္ဗေပိ တေဘူမကေ ဓမ္မေ ခဂ္ဂေန သမုဂ္ဂံ ဝိဝရမာနော ဝိယ ယမကတာလကန္ဒံ ဖာလယမာနော ဝိယ စ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတိ။ နာမရူပမတ္တတော ဥဒ္ဓံ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ ဒေဝေါ ဝါ ဗြဟ္မာ ဝါ နတ္ထီတိ နိဋ္ဌံ ဂစ္ဆတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇-၂၂၈။)

ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားတို့ကို ကောင်းမွန်စင်ကြယ်စွာ အသိဉာဏ်၌ ထင်လင်းအောင် သိမ်းဆည်းပြီးသောအခါ နာမ်တရားတို့ကိုလည်း ဆက်လက် သိမ်းဆည်း၏။ ထိုသို့ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ---

  • ၁။ ဖဿက စ၍ သိမ်းဆည်းသောနည်း
  • ၂။ ဝေဒနာက စ၍ သိမ်းဆည်းသောနည်း
  • ၃။ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းသောနည်း

ဤ (၃)နည်းတို့တွင် --- တစ်နည်းနည်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းလတ်သော် မိမိ၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာကုန်သော ထင်လာကုန်သော ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကို နာမ်တရား --- ဟူ၍လည်းကောင်း, ထိုနာမ်တရားတို့၏ အာရုံဖြစ်ကုန်သော မဟာဘုတ် = ဓာတ်ကြီး (၄)ပါးတို့နှင့် ထိုမဟာဘုတ် = ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ဖြစ်ကြကုန်သော ဥပါဒါရုပ်အပေါင်းကို ရုပ်တရား --- ဟူ၍လည်းကောင်း ပိုင်းခြားမှတ်သား၏။ ဤသို့လျှင် ဓာတ် (၁၈)ပါး,အာယတန (၁၂)ပါး, ခန္ဓာ (၅)ပါးတည်းဟူသော အလုံးစုံလည်း ဖြစ်ကုန်သော ဘုံသုံးပါးအတွင်း၌ တည်ရှိကြကုန်သော = ဤတေဘူမက ရုပ်-နာမ်တရားတို့ကို ပူတာတံတင်းနှင့် တူသော ကြီးစွာသော ပန်းကပ်ကို = ကြုတ်ကြီးကို နှစ်ဖြာထက်ခြမ်း ဖြန်းဖြန်းကွဲအောင် သန်လျက်ဖျားဖြင့် ကလပ်လိုက် ဖွင့်လိုက်ဘိသကဲ့သို့လည်းကောင်း,ထန်းပင်ပေါက် ထန်းမြစ်ဟူသော ထန်းဖုညှောက်အစုံကို နှစ်ဖြာထက်ခြမ်း ဖြန်းဖြန်းကွဲအောင် အဖျားမှ ကိုင်၍ခွဲချလိုက်ဘိသကဲ့သို့လည်းကောင်း --- နာမ်တရားဟူ၍လည်းကောင်း, ရုပ်တရားဟူ၍လည်းကောင်း နှစ်ဖို့နှစ်စုအားဖြင့် ပိုင်းခြားမှတ်သား၏။ ဘုံသုံးပါးအတွင်း၌ နာမ်ရုပ်မျှသာ ရှိ၏၊ နာမ်-ရုပ်မျှမှ အထက်၌ နာမ်ရုပ်ထက်အပိုအလွန်ဖြစ်သော ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာသည် မရှိသည်သာတည်းဟု ဆုံးဖြတ်ချက်ချနိုင်ခြင်းသို့ ရောက်၏။ (ဝိသုဒ္ဓိ၊၂၊၂၂၇-၂၂၈။)

ဤအထက်ပါ ညွှန်ကြားချက်အရ --- (၆)လိုင်းလုံး၌ ရုပ်+နာမ်တို့ကို စိတ္တက္ခဏတိုင်း၌ စိတ္တနိယာမလမ်းကြောင်းအတိုင်း ပူးတွဲသိမ်းဆည်းနိုင်သောအခါ ယင်း ရုပ်+နာမ်တို့ကိုပင် အာရုံယူ၍ ယင်း ရုပ်-နာမ်တို့၌ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမှ ဆိတ်သုဉ်းမှု, လူ-နတ်-ဗြဟ္မာ ထင်ရှား မရှိမှု, ရုပ်+နာမ် အစုအပုံမျှသာ ရှိမှုကိုဉာဏ်ဖြင့်မြင်အောင် ကြည့်၍ “ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာ မရှိ၊ ရုပ်+နာမ် မျှသာ ရှိ၏” ---

ဤသို့ ရုပ်+နာမ်ကို ပိုင်းခြားမှတ်သားပါ။ (ဗဟိဒ္ဓသို့ ဉာဏ်ကို စေလွတ်၍ ဗဟိဒ္ဓ ရုပ်+နာမ်တို့ကို (၃၁)ဘုံအတွင်း၌ ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ လူ-နတ်-ဗြဟ္မာ ထင်ရှား မရှိမှုကိုလည်း တွေ့ရှိရပေလတ္တံ့။