အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပြောဆိုချက်
အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား တရားထိုင်လိုက်သဖြင့် အချိန်အနည်းငယ် ကြာညောင်း၍ ခန္ဓာကိုယ်ဝယ် နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်လာသောအခါ ယင်းနာကျင်ကိုက်ခဲမှု စသည်ကို လိုက်ရှုကြ၏။ ထိုသို့ ရှုလိုက်သဖြင့် နာကျင်ကိုက်ခဲမှု စသည်တို့ ပျောက်ပျက်သွားသောအခါ “ဝေဒနာကို ကျော်သွားပြီ၊ ဝေဒနာကုန်သွားပြီ၊ ဝေဒနာ မရှိတော့ပြီ”ဟု ပြောတတ်ကြ၏။
ထိုသို့ ပြောဆိုလာသူတို့အား “အသိစိတ်ကော ရှိပါသေးသလား”ဟု မေးမြန်းကြည့်သောအခါ “အသိစိတ်ကား ရှိနေသည် မချုပ်သေးပါ”ဟု အဖြေပေးကြ၏။
ယင်းသို့ ဝေဒနာကို နိုင်အောင်တိုက်နိုင်ပါသည်ဟု ဝန်ခံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်တို့၏ အလိုမှာ“ဝေဒနာကား ချုပ်သွား၏၊ အသိစိတ်ကား မချုပ်သေး”ဟု ဆိုလိုနေကြ၏။
ဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ကား ဝေဒနာစေတသိက်သည် သဗ္ဗစိတ္တသာဓာရဏစေတသိက်= စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ဖြစ်၏။ စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်၏၊ စိတ်ရှိနေသမျှ ဝေဒနာကား ရှိလျက်ပင် ဖြစ်သည်။ စိတ်ဖြစ်နေသမျှ ဝေဒနာကား ဖြစ်လျက်ပင် ရှိ၏။ ထိုဝေဒနာမှာ သုခသော်လည်းဖြစ်ရာ၏၊ သို့မဟုတ် ဒုက္ခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဥပေက္ခာသော်လည်း ဖြစ်ရာ၏။ ဝေဒနာတစ်မျိုးမျိုးကား စိတ်ဖြစ်တိုင်း ပါဝင်လျက် ရှိ၏။
ဘုရားဟောနှင့် ခေတ်အပြောကား ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေ၏။ မည်သည့် အဆိုကို အမှန်ယူသင့်သည် ဟူသော အချက်ကား အသင်သူတော်ကောင်းကိုယ်တိုင် ဆုံးဖြတ်ယူရမည့် ကိုယ်ပိုင် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ အကယ်၍ အသင်သူတော်ကောင်းဘက်က “ဘုရားဟောကား မှား၏၊ မိမိ၏ ကိုယ်တွေ့ ဉာဏ်မြင်ကား မှန်၏”ဟု အဖြေပေးလာသည် ဖြစ်အံ့၊ ထိုဘုရားကိုပင် အသင်သူတော်ကောင်း အနေဖြင့် ယုံကြည်သိမှတ် ဆည်းကပ် ကိုးကွယ်ဖို့ရန် သင့်မသင့်ကိုပါ ထပ်မံ စဉ်းစားရတော့မည် ဖြစ်ပေသည်။ “ဘုရားဟောကား မှား၏”ဟု အဖြေပေးနေသောကြောင့် ဖြစ်၏။