Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[566] လောကီမဂ္ဂင် တရားကိုယ် (၈) ပါး ရှုကွ

ຜູ້ຂຽນ: IAPT

လောကီမဂ္ဂင် တရားကိုယ် (၈) ပါး ရှုကွက်

လောကီ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ --- ဟူသော လောကီ ဝိရတိ စေတသိက် ရှုကွက်များကို ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း ရှုပါ။

ဝိပဿနာဇောသည် ဉာဏသမ္ပယုတ် = ဉာဏ်ယှဉ်ခဲ့လျှင် ယင်း ဝိပဿနာဇော အသီးအသီး၌ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ (= ဝီရိယ), သမ္မာသတိ, သမ္မာသမာဓိ (= ဧကဂ္ဂတာ)တို့ ပါဝင်ကြ၏။ ဉာဏဝိပ္ပယုတ်ဝိပဿနာဇော၌ကား သမ္မာဒိဋ္ဌိ မပါဝင်ပေ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်များကို ပြန်၍ သတိပြုကြည့်ပါ။ စက္ခုအကြည်ဓာတ် ရုပ်တရား တစ်လုံးကိုပင် ---

  • ၁။ စက္ခုအကြည်ဓာတ်ဟု သိသော မနောဒွါရဝီထိ,
  • ၂။ ရုပ်တရားဟု သိသော မနောဒွါရဝီထိ,
  • ၃။ အနိစ္စဟု သိသော မနောဒွါရဝီထိ,
  • ၄။ ဒုက္ခဟု သိသော မနောဒွါရဝီထိ,
  • ၅။ အနတ္တဟု သိသော မနောဒွါရဝီထိ,
  • ၆။ အသုဘဟု သိသော မနောဒွါရဝီထိ -

ဤမနောဒွါရဝီထိ အသီးအသီး၌ ဇော အသီးအသီးသည် ဉာဏသမ္ပယုတ် မဟာကုသိုလ် ဖြစ်လျှင် ယင်းမဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်ကြ၏။ ယင်းမနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းသောအခါ၌ ယင်းမဂ္ဂင်တရားကိုယ် (၅)ပါးတို့ကို သိမ်းဆည်းခြင်းလည်း အကျုံးဝင်သွားပေသည်။ ကျန်ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, ရုပ်တရားအားလုံးကို ခြုံ၍ ရှုနေသော မနောဒွါရဝီထိ နာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရာ၌လည်းကောင်း, နာမ်တရား တစ်လုံးစီကို ဖြစ်စေ, စိတ္တက္ခဏတစ်ခုအတွင်း, ဝီထိစဉ် တစ်ခုအတွင်းရှိ နာမ်တရားအားလုံးတို့ကို ခြုံ၍ ဖြစ်စေ ရှုနေသော မနောဒွါရဝီထိ နာမ်တရားများကို တစ်ဖန်ပြန်၍ သိမ်းဆည်း ရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ အရူပသတ္တက ရှုနည်းတို့၌လည်းကောင်း, ဘင်္ဂဉာဏ်ပိုင်း စသည်တို့၌လည်းကောင်း ဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုရာ၌ ယင်းအရှုခံဝိပဿနာဉာဏ် ပြဓာန်းသောမဟာကုသိုလ် မနောဒွါရဝီထိအတွင်း ဇော အသီးအသီး၌လည်း ယင်း မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်လျက်ပင်ရှိကြ၏။ လောကီ မဂ္ဂင်တရားကိုယ် (၅)ပါးတို့ကို တစ်နည်း လောကီ မဂ္ဂင်တရားကိုယ် (၅)ပါးနှင့် တကွသောသမ္ပယုတ် နာမ်တရားစုတို့ကို သိမ်းဆည်းခြင်း တစ်ဖန်ပြန်၍ ဝိပဿနာရှုခြင်းပင် ဖြစ်ပေသည်။ လောကီ မဂ္ဂသစ္စာတရားတို့ကို ဟုတ်တိုင်းမှန်စွာ ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိခြင်းပင် ဖြစ်ပေသည်။ သိအောင်ကြိုးစားပါလေ။