နိရာမိသ ဒုက္ခဝေဒနာ
ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ “ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ”တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုတ္တရေသု ဝိမောက္ခေသုပိဟံ ဥပဋ္ဌာပေတိ “ကုဒါဿု နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမိ၊ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီ”တိ။ ဣတိ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟပစ္စယာ ဒေါမနဿံ၊ ယံ ဧဝရူပံ ဒေါမနဿံ၊ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ ဒေါမနဿံ။ (မ၊၃၊၂၆၁။)
= ရူပါရုံတို့၏သာလျှင် မမြဲသော အနိစ္စအခြင်းအရာကိုလည်းကောင်း, ဖောက်ပြန်ခြင်း = ဝိပရိဏာမ သဘော, ကင်းပြတ်ခြင်း = ဝိရာဂသဘော, ချုပ်ပျောက်ခြင်း = နိရောဓသဘောကိုလည်းကောင်း သိရှိ၍ --- “ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ရူပါရုံတို့သည်လည်းကောင်း, ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏။ ခပ်သိမ်းကုန်သော ထိုရူပါရုံတို့သည် ---
- ၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊
- ၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရသော ဒုက္ခတရားတို့သာတည်း၊
- ၃။ ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်း” ---
ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရသည် ဖြစ်၍ကိလေသာတို့မှ လွတ်မြောက်မှုတို့၌ အသာဆုံး အမြတ်ဆုံး ဖြစ်သောကြောင့် အနုတ္တရဝိမောက္ခ အမည်ရကုန်သော အရဟတ္တဖိုလ်တို့၌ --- “အရိယာ သူတော်ကောင်းတို့သည် ယခုအခါ၌ အကြင် အရဟတ္တဖိုလ်သို့ ကပ်ရောက်၍ နေထိုင်တော်မူကြကုန်၏၊ ငါသည်လည်းပဲ အဘယ်မည်သော အခါ၌ ထိုအရဟတ္တဖိုလ်သို့ ကပ်ရောက်၍ နေရပါအံ့နည်း” --- ဟူသော တောင့်တခြင်းကို (မြတ်နိုးခြင်းကို) ဖြစ်စေ၏။ ဤသို့လျှင် အနုတ္တရဝိမောက္ခတရားတို့၌ တောင့်တခြင်း (ချစ်မြတ်နိုးခြင်းကို) ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ တောင့်တမှု (ချစ်မြတ်နိုးမှု) ဟူသော အကြောင်းကြောင့် ဒေါမနဿတရားသည် ဖြစ်ပေါ်၍လာ၏။ ဤဒေါမနဿတရားသည်နေက္ခမ္မသိတဒေါမနဿ မည်၏။ နိရာမိသ ဒုက္ခဝေဒနာတည်း။ (သဒ္ဒါရုံ စသည့် အာရုံငါးပါးတို့၌လည်း ပုံစံတူပင်ဟောကြားထားတော်မူပေသည်။) (မ၊၃၊၂၆၁။)
ဣမာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနီတိ ဣမာနိ ဧဝံ ဆသု ဒွါရေသု ဣဋ္ဌာရမ္မဏေ အာပါထဂတေ အရဟတ္တေ ပိဟံ ပဋ္ဌပေတွာ တဒဓိဂမာယ အနိစ္စာဒိဝသေန ဝိပဿနံ ဥပဋ္ဌပေတွာ ဥဿုက္ကာပေတုံ အသက္ကောန္တဿ “ဣမမ္ပိ ပက္ခံ ဣမမ္ပိ မာသံ ဣမမ္ပိ သံဝစ္ဆရံ အရဟတ္တံ ပါပုဏိတုံ နာသက္ခိ”န္တိ အနုသောစတော ဂါမန္တပဗ္ဘာရဝါသိမဟာသိဝတ္ထေရဿ ဝိယ အဿုဓာရာပဝတ္တနဝသေန ဥပ္ပန္နဒေါမနဿာနိ ဆ နေက္ခမ္မသိတဒေါမနဿာနီတိ ဝေဒိတဗ္ဗာနိ။ (မ၊ဋ္ဌ၊၄၊၁၈၇။)
ဘုရား အစရှိသော အရိယာသူတော်မြတ်တို့၏ အထံမှ အရဟတ္တဖိုလ်၏ ဂုဏ်ကျေးဇူးတို့ကို တစ်ဆင့်ကြားနာရ၍ အရဟတ္တဖိုလ်ကို ရလိုသော ကြံစည်စိတ်ကူးမှုများသည် ဖြစ်ပေါ်လာ၏၊ အရဟတ္တဖိုလ်ကို ရည်ညွှန်း၍ ဆုတောင်းပန်ထွာမှုကိုလည်း ပြု၏။ ထိုအရဟတ္တဖိုလ်၌ မိမိ၏ စိတ်ကို ရရှိဖို့ရန် ဆောက်တည်ထား၏။ ဤသို့ အရဟတ္တဖိုလ်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းတစ်ဦးသည် အရဟတ္တဖိုလ်ကို ရကြောင်းဖြစ်သည့် သမထ ဝိပဿနာ ဘာဝနာတို့ကို စီးဖြန်းအားထုတ်လေရာဝယ် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံ(၆)မျိုးတို့သည် ထိုက်သလို ထင်လာကြ၏။ ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံသည် ထင်လာလတ်သော် အရဟတ္တဖိုလ်၌ လိုလားတောင့်တခြင်း = ချစ်မြတ်နိုးခြင်းဟူသော အလွန် သိမ်မွေ့နူးညံ့သော ပိဟတရားကို ဖြစ်စေလျက် ထိုအရဟတ္တဖိုလ်ကို ရရှိခြင်းငှာ ယင်းအာရုံ (၆)ပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေးတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၍ အရဟတ္တဖိုလ်သို့တိုင်အောင် ရောက်ရှိအံ့သောငှာ လုံ့လကြိုးကုတ် အားထုတ်ပါသော်လည်း ရောက်ရှိစေဖို့ရန် မစွမ်းနိုင်ဖြစ်နေ၏။ ထိုသို့ အရဟတ္တဖိုလ်သို့ ရောက်ရှိဖို့ရန် မစွမ်းနိုင် ဖြစ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် “ငါသည် ဤလဆန်းပက္ခပတ်လုံးလည်း, ဤလဆုတ်ပက္ခပတ်လုံးလည်း, ဤလပတ်လုံးလည်း, ဤနှစ်ပတ်လုံးလည်း ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်ပါလျက် ဖြစ်စေပါလျက် အရဟတ္တဖိုလ်သို့ ရောက်ရှိအံ့သောငှာ မစွမ်းနိုင်ခဲ့လေပေါ့” --- ဟု
အဖန်ဖန် ဝမ်းနည်း ကြေကွဲခြင်းသည် ဖြစ်ပေါ်လာ၏။ ယင်းသို့ အဖန်ဖန် ဝမ်းနည်း ကြေကွဲသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ရွာနီးကျောင်း လိုဏ်ဂူ၌ သီတင်းသုံးတော်မူသော မဟာသီဝမထေရ်မြတ်ကြီး၏သန္တာန်၌ကဲ့သို့ မျက်ရည် အယဉ်တို့ကို တသွင်သွင် စီးဆင်းစေသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်သော(၆)ပါးကုန်သော ဒေါမနဿဝေဒနာတို့ကို နေက္ခမ္မသိတဒေါမနဿဝေဒနာတို့ဟူ၍ သိအပ်ကုန်၏။(မ၊ဋ္ဌ၊၄၊၁၈၇။)
အနုတ္တရဝိမောက္ခော နာမ အရဟတ္တံ
ဣဓ အဓိပ္ပေတံ ဥက္ကဋ္ဌနိဒ္ဒေသေန။ (မ၊ဋီ၊၃၊၃၈၃။)
အနုတ္တရေသု ဝိမောက္ခေသူတိ သုညတဖလာဒိအရိယဖလဝိမောက္ခေသု။ (ဒီ၊ဋီ၊၂၊၂၆၅။)
အနုတ္တရဝိမောက္ခ အရ အရဟတ္တဖိုလ်ကို ကောက်ယူရန် အဋ္ဌကထာက (မ၊ဋ္ဌ၊၄၊၁၈၆) ဖွင့်ဆိုခြင်းမှာ အသာဆုံး အမြတ်ဆုံးဖြစ်သည့် ဝိမောက္ခတရား = ကိလေသာတို့မှ လွတ်မြောက်ကြောင်းတရားကို ညွှန်ကြားတော်မူလိုသည့် အတွက် ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ ဥပစာရဈာန်, အပ္ပနာဈာန်, ဝိပဿနာဈာန်, အောက်မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို လိုလားတောင့်တလျက် ချစ်မြတ်နိုးလျက် သမထ ဝိပဿနာ ဘာဝနာတို့ကို အားထုတ်ရာ၌လည်း မျှော်လင့် တောင့်တသည့်အတိုင်း မရရှိ၍ ဝမ်းနည်းကြေကွဲရာ၌ ဖြစ်ပေါ်လာကုန်သော ဒေါမနဿဝေဒနာတို့သည်လည်း နေက္ခမ္မသိတဒေါမနဿဝေဒနာတို့သာတည်းဟု မှတ်ပါ။