မေးသင့်သော မေးခွန်းများ
အသင်သူတော်ကောင်းသည် သမထ ဝိပဿနာ ဘာဝနာတို့ကို အားထုတ်ဖူးကောင်း အားထုတ်ဖူးပေမည်။ အကယ်၍ အားထုတ်ဖူးသူဖြစ်လျှင် --- မိမိကိုယ်ကို မိမိ အောက်ပါမေးခွန်းတို့ကို မေးကြည့်ပါ။
- ၁။ ငါသည် ရုပ် (၂၈)ပါးတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းတတ် ရှုပွားတတ်ပြီလား?
- ၂။ စေတသိက် (၅၂)ပါး, ဝိညာဏဓာတ် (၆)ပါးတို့ကိုလည်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းတတ် ရှုပွားတတ်ပြီလား?
- ၃။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကြောင့် အကျိုးရုပ်နာမ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း, အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးရုပ်နာမ်တို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း, ယင်း အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ဖြစ်ခြင်း ပျက်ခြင်း သဘောကိုလည်းကောင်း --- ဟုတ်တိုင်းမှန်စွာ သိမ်းဆည်းတတ် ရှုပွားတတ်ပြီလား?
ဤမေးခွန်းတို့ကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မသိမ်းဆည်းတတ်သေး မရှုပွားတတ်သေးဟု အဖြေထွက်ခဲ့လျှင်ကား သိမ်းဆည်းတတ် ရှုပွားတတ်အောင် ကြိုးစားအားထုတ်ပါဟု ဤကျမ်းက အထူးတိုက်တွန်းအပ်ပါသည်။ အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိပါမှ သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ဆုံးနိုင်မည် ဖြစ်ကြောင်းကို အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀), သဗ္ဗပရိညာသုတ္တန် (ဣတိဝုတ္တက၊၁၉၇)တို့တွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးမှ ရရှိတော်မူသည့် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးဖြင့် ဝေဖန် ပိုင်းခြားတော်မူလျက် ထူထောင်ထားခဲ့သော ဘုရားရှင်၏ အဆုံးအမ သာသနာတော်မြတ်ကြီးနှင့် အလွဲကြီး မလွဲရအောင် အထူးကြိုးပမ်းသင့်လှပေသည်။