Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[560]b သတိပဋ္ဌာန်ဆိုတာ ဘာလဲ?

ผู้แต่ง: IAPT

သတိပဋ္ဌာန်ဆိုတာ ဘာလဲ?

ယခုအခါ၌ အသင်သူတော်ကောင်းသည် “သတိပဋ္ဌာန်ဟူသည် အဘယ်နည်း” --- ဟူသော ဤမေးခွန်းကို မေးသင့်ပြီ ဖြစ်၏၊ အဖြေကိုလည်း သိသင့်ပြီ ဖြစ်ပေသည်။

  • ၁။ သတိ၏ ကျက်စားရာ အာရုံသည်လည်း သတိပဋ္ဌာန် မည်၏။

  • ၂။ သုံးမျိုးသုံးစားအားဖြင့် ကျင့်ကုန်သော သာဝကတို့၌ ဆရာဖြစ်တော်မူသော ဘုရားရှင်၏ မုန်းခြင်း ချစ်ခြင်းကို ကျော်လွန်သည်၏ အဖြစ်သည်လည်း သတိပဋ္ဌာန် မည်၏။

  • ၃။ သတိသည်လည်း သတိပဋ္ဌာန် မည်၏။ (ဒီ၊ဋ္ဌ၊၂၊၃၄၃။)

  • ၁။ မဟာဝဂ္ဂသံယုတ်, သတိပဋ္ဌာနသံယုတ်, အမတဝဂ် သမုဒယသုတ္တန်၌ ဘုရားရှင်သည် သတိ၏ ကျက်စားရာအာရုံ ဖြစ်သည့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သတိပဋ္ဌာန်ဟူ၍ ဟောကြားထားတော်မူ၏။ (သံ၊၃၊၁၆၁ - ကြည့်ပါ။)

တစ်ဖန် ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး၌လည်း --- ကာယော ဥပဋ္ဌာနံ နော သတိ၊ သတိ ပန ဥပဋ္ဌာနဉ္စေဝသတိ စ (ခု၊၉၊၄၀၆။) --- ဤသို့ စသည်ဖြင့် သတိ၏ ကပ်၍ တည်ရာ ကျက်စားရာ အာရုံ ဖြစ်ကုန်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သတိပဋ္ဌာန်ဟူ၍ ဟောကြားထားတော်မူ၏။ ဤနည်း၌ ပတိဋ္ဌာတိ အသ္မိန္တိ ပဋ္ဌာနံ၊ သတိယာပဋ္ဌာနံ သတိပဋ္ဌာနံ --- သတိ၏ တည်ရာအာရုံသည် သတိပဋ္ဌာန် မည်၏။ တစ်နည်း --- ပဓာနံ ဌာနန္တိ ဝါ ပဋ္ဌာနံ၊သတိယာ ပဋ္ဌာနံ သတိပဋ္ဌာနံ = သတိ၏ ပြဓာန်းသော တည်ရာအာရုံသည် (ကာယ-ဝေဒနာ-စိတ္တ-ဓမ္မသည်) သတိပဋ္ဌာန် မည်၏။ (ဒီ၊ဋ္ဌ၊၂၊၃၄၃-၃၄၄။)

  • ၂။ တယော သတိပဋ္ဌာနာ ယဒရိယော သေဝတိ၊ ယဒရိယော သေဝမာနော သတ္ထာ ဂဏမနုသာသိတုမရဟတိ။ (မ၊၃၊၂၆၃။)

အကြင်သတိပဋ္ဌာန်တို့ကို အမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရားသည် မှီဝဲတော်မူ၏၊ ယင်းသတိပဋ္ဌာန်တို့ကို မှီဝဲတော်မူသော အမြတ်ဆုံး ဖြစ်တော်မူသော ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည် ဂိုဏ်းသံဃာကို ဆိုဆုံးမခြင်းငှာ ထိုက်တော်မူ၏၊ ထိုသတိပဋ္ဌာန်တို့ကား သုံးပါးတို့တည်း။ (မ၊၃၊၂၆၃။)

ဤဥပရိပဏ္ဏာသပါဠိတော် သဠာယတနဝိဘင်္ဂသုတ်၌ ---

  • ၁။ ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း မလိုက်နာ မပြုကျင့်သော သာဝက,
  • ၂။ ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း မလိုက်နာ မပြုကျင့်သော သာဝကနှင့် လိုက်နာ ပြုကျင့်သောသာဝက နှစ်မျိုးတို့ ရောနှောနေသော သာဝက,
  • ၃။ ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း လိုက်နာ ပြုကျင့်သော သာဝက ---

ဤသို့ သုံးမျိုးသုံးစားအားဖြင့် ကျင့်နေသော သာဝကတို့၌ ဆရာဖြစ်တော်မူသော ဘုရားရှင်၏ မုန်းခြင်းချစ်ခြင်းကို ကျော်လွန်သည်၏ အဖြစ်ကို သတိပဋ္ဌာန်ဟူ၍ ဟောကြားထားတော် မူ၏။ ဤနည်း၌ ပဋ္ဌပီယတေတိပဋ္ဌာနံ၊ သတိယာ ပဋ္ဌာနံ သတိပဋ္ဌာနံ = သတိဖြင့် ဖြစ်စေထိုက်သော တရားသည် သတိပဋ္ဌာန် မည်၏။ ယင်း ဖြစ်စေထိုက်သော တရားဟူသည် --- သုံးမျိုးသုံးစားအားဖြင့် ကျင့်နေကုန်သော သာဝကတို့ အပေါ်၌ ချစ်ခြင်းမုန်းခြင်းကို ကျော်လွှား လွန်မြောက်ခြင်းပင်တည်း။ (ဒီ၊ဋ္ဌ၊၂၊၃၄၄။) အတုယူဖွယ် အလွန်ကောင်းပေစွ။ ကြည်ညိုဖွယ် အလွန်ကောင်းပေစွ၊ ဆရာဖြစ်သူတိုင်း သတိပြုသင့်လှပေစွ။

  • ၃။ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္ဈင်္ဂေ ပရိပူရေန္တိ။ (မ၊၃၊၁၂၄။)

သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သည်ရှိသော် ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ကို ပြည့်စေနိုင်ကုန်၏။ (မ၊၃၊၁၂၄။)

ဤသုတ္တန်၌ သတိကိုပင် သတိပဋ္ဌာန်ဟူ၍ ဟောတော်မူ၏။ ဤနည်း၌ ---

ပဋ္ဌာတီတိ ပဋ္ဌာနံ၊ သတိယေဝ ပဋ္ဌာနံ သတိပဋ္ဌာနံ = ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော အာရုံ၌ ကပ်၍ တည်တတ်သော သတိသည်ပင် သတိပဋ္ဌာန် မည်၏။ တစ်နည်း --- သရဏဋ္ဌေန သတိ၊ ဥပဋ္ဌာနဋ္ဌေနပဋ္ဌာနံ၊ သတိ စ သာ ပဋ္ဌာနဉ္စာတိ သတိပဋ္ဌာနံ၊ ဣဒမိဓာ ဓိပ္ပေတံ = ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အာရုံကိုအမှတ်ရခြင်းဟူသော အနက်သဘောကြောင့် သတိ မည်၏။ ဤမျှသာမက သတိသည် ကြာမြင့်စွာက ပြုလုပ်ခဲ့သော ပြောဆိုခဲ့သော အာရုံတို့ကိုသော်မှလည်း အောက်မေ့တတ် အမှတ်ရတတ်၏။ ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အာရုံ၌ ကပ်၍ တည်ခြင်းဟူသော အနက်ကြောင့် ပဋ္ဌာန မည်၏။ ထိုကြောင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတည်းဟူသော အာရုံကို အမှတ်ရခြင်း သဘောတရားလည်း ဟုတ်၏၊ ထို အမှတ်ရခြင်း သဘောတရားဟူသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော အာရုံ၌ ကပ်၍ တည်ခြင်း သဘောတရားလည်း ဟုတ်၏၊ ထိုကြောင့်လည်း သတိပဋ္ဌာန် မည်၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အာရုံကို အမှတ်ရတတ်သော ယင်းအာရုံ၌ ကပ်၍ တည်တတ်သော သတိသည်ပင် သတိပဋ္ဌာန် မည်၏ဟု ဆိုလိုသည်။

ဤသုံးခုမြောက်သော သတိသည်ပင် သတိပဋ္ဌာန် မည်၏ဟူသော အနက်သဘောကို ဤမဟာသတိပဋ္ဌာနသုတ္တန်အရာ၌ အလိုရှိအပ်ပေ၏။ (ဒီ၊ဋ္ဌ၊၂၊၃၄၄။) ဆိုလိုရင်းမှာ ဤသို့တည်း ---

  • ၁။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ တို့ကို အောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်းတတ်သော ထိုကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အာရုံ၌ ကပ်၍ တည်တတ်သော သတိသည် သတိပဋ္ဌာန် မည်၏။
  • ၂။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ တို့၏ အကြောင်းတရားတို့ကို အောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်းတတ်သော, ယင်းအကြောင်းတရား အာရုံ၌ ကပ်၍ တည်တတ်သော သတိသည် သတိပဋ္ဌာန် မည်၏။
  • ၃။ အကြောင်းတရားနှင့် တကွသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ အသုဘအခြင်းအရာကို အောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်းတတ်သော, ယင်းအခြင်းအရာ အသီးအသီး၌ ကပ်၍ တည်တတ်သော သတိသည် သတိပဋ္ဌာန် မည်၏၊ အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော လောကီသတိပဋ္ဌာန်တည်း။
  • ၄။ အရိယမဂ်ခဏ၌ကား အသင်္ခတဓာတ် နိရောဓသစ္စာ တရားတော်မြတ်ကြီးကို အောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်းတတ်သော, ယင်းနိရောဓသစ္စာ အာရုံ၌ ကပ်၍ တည်တတ်သော အရိယမဂ်နှင့် ယှဉ်သောသတိသည် သမ္မာသတိ မည်၏၊ သတိပဋ္ဌာန် မည်၏၊ လောကုတ္တရာ သတိပဋ္ဌာန်တည်း။ ဤကား ဆိုလိုရင်းတည်း။

ယင်းသမ္မာသတိနှင့် ယှဉ်သော အရိယမဂ်တရားကား --- ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကိုလည်းကောင်း, ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကိုလည်း မသိအောင် ဖုံးလွှမ်းထားတတ်သော မောဟကိုလည်းကောင်း, အကြောင်းတရားတို့နှင့် တကွသောယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ, အသုဘအခြင်း အရာကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကိုလည်းကောင်း အကြွင်းမဲ့ ပယ်ရှားလိုက်၏။ မသိမှု အဝိဇ္ဇာပျောက်၍ သိမှု ဝိဇ္ဇာဉာဏ် ပေါ်လာ၏။ ယင်းဝိဇ္ဇာဉာဏ် = အရိယမဂ်ဉာဏ်နှင့် ယှဉ်သော သတိသည် နိဗ္ဗာန်ကိုအောက်မေ့တတ် အမှတ်ရတတ် သိမ်းဆည်းတတ်၍ နိဗ္ဗာန်အာရုံ၌ ကပ်၍ တည်တတ်သောကြောင့် သတိပဋ္ဌာန်မည်ပေသည်။ လောကုတ္တရာ သတိပဋ္ဌာန်တည်း။

ဤမဟာသတိပဋ္ဌာနသုတ္တန်၌ကား ---

ဧကာယနမဂ္ဂေါ ဝုစ္စတိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ --- (ဒီ၊ဋ္ဌ၊၂၊၃၃၇။)

ဟူသော အဋ္ဌကထာ ဖွင့်ဆိုတော်မူချက်နှင့် အညီ ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော လောကီသတိပဋ္ဌာန်ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။