Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[579] ဘာဝရုပ်

කතුවරයා: IAPT

ဘာဝရုပ်

အသင်ယောဂီသူတော်ကောင်းသည် အမျိုးသားဖြစ်လျှင် အဇ္ဈတ္တ၌ အမျိုးသားဘာဝရုပ် (= ပုမ္ဘာဝရုပ်)တစ်မျိုးတည်းကိုသာ ရှု၍ရနိုင်မည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် အမျိုးသ္မီးယောဂီ ဖြစ်လျှင်ကား အမျိုးသမီးဘာဝရုပ် (= ဣတ္ထိဘာဝရုပ်) တစ်မျိုးကိုသာ ရှု၍ ရနိုင်မည်။ သို့သော် ဗဟိဒ္ဓ သက်ရှိလောကကိုရှုရာ၌ကား အမျိုးသားဘာဝရုပ် အမျိုးသမီးဘာဝရုပ် နှစ်မျိုးလုံးကိုပင် ရှု၍ ရရှိနိုင်ပေသည်။ သို့သော် သာဝက ပါရမီဉာဏ်အရာဝယ် ဗဟိဒ္ဓ လောကကို ရှုရာ၌ ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ သန္တာန် ခွဲခြား ဝေဖန်မှုကို မပြုဘဲ ဗဟိဒ္ဓချင်း တူညီသဖြင့် သာမန် ပေါင်းစုခြုံငုံ၍ ရှုရန် အနုပဒသုတ္တန်ဋီကာတွင် ဤသို့ ဖွင့်ဆိုထား၏။ -

တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

= အလုံးစုံသော ရုပ်နာမ်တို့ကို ပရိညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိပါမှ ကိလေသဒုက္ခ သံသာရဒုက္ခတို့ ကုန်ဆုံးနိုင်မည် ဖြစ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် ---

  • ၁။ မိမိ အဇ္ဈတ္တ သန္တာန်၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား အားလုံးတို့ကိုလည်းကောင်း,
  • ၂။ သူတစ်ပါး သန္တာန်၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား အားလုံးတို့ကိုလည်းကောင်း, ထိုသင်္ခါရတရားတို့ကို ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓအဖြစ် တူညီသောကြောင့် သာမညအားဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်မှုကို ပြုအပ်၏။

ဤသည်ကား သာဝကတို့၏ ဝိပဿနာဉာဏ်၏ ကျက်စားရာနယ်မြေဟူသော သမ္မသနစာရခေတ်တည်း။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

သို့အတွက် (၃၁)ဘုံ အတွင်းဝယ် ---

  • ၁။ ရုပ်သက်သက်ရှိသော သတ္တဝါ, (အသညသတ် သတ္တဝါ)
  • ၂။ ရုပ်နာမ် နှစ်မျိုးရှိသော သတ္တဝါ, (ပဉ္စဝေါကာရ သတ္တဝါ)

ဤသတ္တဝါတို့ကို ဗဟိဒ္ဓချင်း တူညီသဖြင့် ပေါင်းစုခြုံငုံ၍ ယင်းသတ္တဝါတို့၏ ရုပ်တရားတို့ကို သိမ်းဆည်းနိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင် လေ့ကျင့်ပါ။ (၃၁)ဘုံ အတွင်း၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါလူ နတ် ဗြဟ္မာကို ရှာမတွေ့တော့ဘဲ ရုပ်တရားအစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့မြင်နေအောင် ဤရုပ်ကို သိမ်းဆည်းနေသည့် အပိုင်းတွင် လေ့ကျင့်ပေးပါ။

သို့သော် ယင်းအနုပဒသုတ္တန်ဋီကာ၌ပင်လျှင် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် ဗဟိဒ္ဓကိုရှုရာ၌ အချို့အချို့သော သင်္ခါရတရားတို့ကို သန္တာန် ခွဲခြားဝေဖန်လျက် ရှုပွားကြောင်းကို ဤသို့လည်း ဖွင့်ဆိုထား၏။

ထေရော ပန ဗဟိဒ္ဓါဓမ္မေပိ သန္တာနဝိဘာဂေန ကေစိ ကေစိ ဥဒ္ဓရိတွာ သမ္မသိ၊ တဉ္စ ခေါ ဉာဏေနဖုဋ္ဌမတ္တံ ကတွာ။ တေန ဝုတ္တံ “ယဋ္ဌိကောဋိယာ ဥပ္ပီဠေန္တော ဝိယ ဧကဒေသမေဝ သမ္မသန္တော”တိ။ (မ၊ဋီ၊၃၊၂၇၅။)

= အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည်ကား ဗဟိဒ္ဓ သင်္ခါရတရားတို့၌လည်း ယောက်ျား မိန်းမပုဂ္ဂိုလ် သတ္တဝါ စသည့် သန္တာန် ခွဲခြားဝေဖန်ခြင်းဖြင့် အချို့အချို့သော သင်္ခါရတရားတို့ကို သီးသန့် ထုတ်ဆောင်၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊ ထိုသို့ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကိုလည်းယင်း သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် တွေ့ထိအပ်ကာမျှသာ ပြု၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏။ ထိုကြောင့် --- “မြေကြီးကို တောင်ဝှေးစွန်းဖြင့် ထောက်၍ သွားသကဲ့သို့ သင်္ခါရတရား တစ်စိတ်တစ်ဒေသကိုသာလျှင် ဝိပဿနာ ရှုပွား သုံးသပ်တော်မူ၏” --- ဟု အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ (မ၊ဋီ၊၃၊၂၇၅၊၊)

တောင်ဝှေးစွန်းဖြင့် မြေကြီးကို ထောက်၍ သွားရာ၌ တောင်ဝှေးထိပ်စွန်းဖြင့် တွေ့ထိမိသော မြေအရပ်ထက် တောင်ဝှေး ထိပ်စွန်းဖြင့် မတွေ့ထိမိသော မြေအရပ်က သာလွန်၍ များသကဲ့သို့ အလားတူပင် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးသည် ဗဟိဒ္ဓ သတ္တဝါတချို့ သန္တာန်၌ တည်ရှိကြသော သင်္ခါရတရားတို့ကို ထုတ်နုတ်၍ သီးသန့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူသည် မှန်သော်လည်း ရှုလိုက်နိုင်သော သတ္တဝါတို့၏ သင်္ခါရတရားတို့ထက် မရှုလိုက်မိသော ဉာဏ်ဖြင့် မထုတ်ဆောင်လိုက်မိသော သတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော သင်္ခါရတရားတို့ကသာ သာလွန်၍ များပြားသည်ဟု ဆိုလိုပေသည်။ သင်္ခါရတရား အမျိုးအစားကိုကား ကုန်စင်အောင် ဝိပဿနာ ရှုတော်မူသည်သာ ဖြစ်၏။ သတ္တဝါတိုင်း သတ္တဝါတိုင်း သန္တာန်၌ တည်ရှိသော သင်္ခါရတရားတိုင်း သင်္ခါရတရားတိုင်းကိုကား ကုန်စင်အောင် မရှုနိုင်ပေ။ ဤသို့သာ ဆိုလိုသည်ကို သဘောပေါက်ပါ။

ဤသို့ အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီး စသည့် ဉာဏ်ကြီးရှင်တို့၏ ဝိပဿနာ လုပ်ထုံးလုပ်နည်းကို အတုယူ၍ ဗဟိဒ္ဓ ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ အချို့အချို့သော သတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော ရုပ်တရားတို့ကိုကား သီးသန့် ထုတ်နုတ်၍ ရှုလိုက ရှုနိုင်သည် သိမ်းဆည်းနိုင်သည်။ ဗဟိဒ္ဓ(၃၂)ကောဋ္ဌာသတို့ကို ရှု၍ ရရှိနိုင်သဖြင့် ယင်း (၃၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့ကိုလည်းသိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော မဟာဋီကာ (၁၊၄၃၅)၏ စကားတော်ကိုထောက်ရှုပါ။ (ဤကျမ်းစာ --- စာမျက်နှာ - ၅၇၇ - ပြန်ကြည့်ပါ။)