သတိနှင့် ပညာ
သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ --- (ဒီ၊ဋ္ဌ၊၂၊၃၄၉။) ဟူသော အဋ္ဌကထာနှင့်အညီ သတိနှင့် ပညာကို ဤသို့ မှတ်သားပါ။
- ၁။ သတိသည် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းတတ်၏၊ ပညာကား (= သမ္မာဒိဋ္ဌိကား) ထိုသတိကသိမ်းဆည်းထားအပ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို ပရမတ္ထ ဓမ္မသဘာဝသို့ ဆိုက်အောင် ထိုးထွင်း သိ၏။
- ၂။ သတိကား ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းတတ်၏၊ ပညာကား ယင်းအကြောင်းတရားတို့ကို ထိုးထွင်းသိ၏။
- ၃။ သတိကား ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ အသုဘအခြင်းအရာကို သိမ်းဆည်းတတ်၏၊ ပညာကား ယင်းကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ထိုးထွင်းသိ၏။
ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို အဖန်ဖန် အထပ်ထပ် ရှု၏။ အင်္ဂါလေးပါးရှိသော ဝီရိယကို ခြံရံလျက် ရှု၏။ ထိုသို့ ရှုရာ၌ အဘိဇ္ဈာနှင့် ဒေါမနဿတရားနှစ်ပါးကို ဥပစာရသမာဓိ အပ္ပနာသမာဓိ စသော ကုသိုလ်တရားတို့ကို ဖြစ်စေလျက် တဒင်္ဂအားဖြင့်လည်းကောင်း, ဝိက္ခမ္ဘနအားဖြင့်လည်းကောင်း ပယ်ရှားလျက် ယင်း ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိအောင်ကြိုးပမ်းလေရာသည်။ ပယ်ရှားရမည့် တရားနှစ်ပါးကား အဘိဇ္ဈာနှင့် ဒေါမနဿ ဖြစ်သည်။ ပြည့်စုံရမည့် တရားသုံးပါးကား ဝီရိယ သတိ သမ္ပဇဉ်ဉာဏ်တို့ ဖြစ်ကြသည်။