၂၆၃။ ထိုစဉ်အခါ၌ နာဖျားသော ရဟန်းတို့သည် အမြစ်ဖြစ်သော ဆေးတို့ကို အလိုရှိကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နနွင်း ချင်းစိမ်း လင်းနေ ဆိပ်ဖူး ဓိဝုတ် ကုလား ဆောင်းမေးခါး ပန်းရင်း နွားမြေရင်း ဟူသော အမြစ်ဆေးတို့ကိုလည်းကောင်း ထိုမှ တစ်ပါးသော ခဲဖွယ်ဘောဇဉ် အရာမမြောက်သော အမြစ်ဆေးတို့ကိုလည်းကောင်း အကပ်ခံ၍ အသက် ထက်ဆုံး ဆောင်ထားစိမ့်သောငှါလည်းကောင်း အနာဟူသော အကြောင်းရှိသော် သုံးဆောင်စိမ့်သောငှါလည်းကောင်း ခွင့်ပြု၏၊ အနာဟူသော အကြောင်းမရှိဘဲ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ထိုစဉ်အခါ၌ နာဖျားသော ရဟန်းတို့သည် အမြစ်ဆေးမှုန့်တို့ကို အလိုရှိကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဆေးကြိတ်ကျောက်ပြင်ကိုလည်းကောင်း၊ ဆေးကြိတ် ကျောက်လုံးကိုလည်းကောင်း ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုစဉ်အခါ၌ နာဖျားသော ရဟန်းတို့သည် ဖန်ဆေးတို့ကို အလိုရှိကုန်၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ တမာဖန် လက်ထုတ်ဖန် ဗြူးတား 'ပုံလုံခါး'၁ဖန် ခွေးတောက်ဖန် သင်းဝင်ဖန်ဟူသော ဖန်ဆေးတို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ် အရာမမြောက်သော ဖန်ဆေးတို့ကိုလည်းကောင်း၊ အကပ်ခံ၍ အသက်ထက်ဆုံး ဆောင်ထားစိမ့်သောငှါလည်းကောင်း၊ အနာဟူသော အကြောင်းရှိသော် သုံးဆောင်စိမ့်သောငှါလည်းကောင်း ခွင့်ပြု၏၊ အနာ ဟူသော အကြောင်းမရှိဘဲ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ထိုစဉ်အခါ၌ နာဖျားသော ရဟန်းတို့သည် အရွက်ဖြစ်သော ဆေးတို့ကို အလိုရှိကုန်၏။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ တမာရွက် လက်ထုတ်ရွက် ဗြူးတား 'ပုံလုံခါး' ရွက် ရုံးရွက် ဝါးရွက် ဟူသော အရွက်ဖြစ်သော ဆေးတို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ခဲဖွယ် ဘောဇဉ် အရာမမြောက်သော။ပ။
ထိုစဉ်အခါ၌ နာဖျားသော ရဟန်းတို့သည် အသီးဖြစ်သော ဆေးတို့ကို အလိုရှိကုန်၏။။ပ။
ရဟန်း တို့ အိပ်မွေ့သီး ပိတ်ချင်းသီး ငရုပ်သီး ဖန်ခါးသီး သစ်ဆိမ့်သီး သျှစ်သျှားသီး သမင်စာသီးဟူသော အသီးဆေးတို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ် အရာမမြောက်သော။ပ။
ထိုစဉ်အခါ၌ နာဖျားသော ရဟန်းတို့သည် အစေးဖြစ်သော ဆေးတို့ကို အလိုရှိကုန်၏။ပ။
ရဟန်း တို့ ရှိန်းခိုစစ် ရှိန်းခိုစေး ရှိန်းခိုလွှာ ချိပ်စစ် ချိပ်နှစ် ချိပ်လွှာ ပွဲ့လျက်ဟူသော အစေးဖြစ်သော ဆေးတို့ ကိုလည်းကောင်း၊ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ် အရာမမြောက်သော။ပ။
ထိုစဉ်အခါ၌ နာဖျားသော ရဟန်းတို့သည် ဆားဖြစ်သော ဆေးတို့ကို အလိုရှိကုန်၏။ပ။
ရဟန်းတို့ ပင်လယ်ဆား ဆားပုပ် သိန္ဓောစား တွင်းထွက်ဆား ချက်ဆား ဟူသော ဆားဆေးတို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ် အရာမမြောက်သော ဆေးတို့ကိုလည်းကောင်း၊ အကပ်ခံ၍ အသက် ထက်ဆုံး ဆောင်ထားစိမ့်သောငှါလည်းကောင်း၊ အနာဟူသော အကြောင်းရှိသော် သုံးဆောင်စိမ့်သောငှါ့လည်းကောင်း ခွင့်ပြု၏၊ အနာဟူသော အကြောင်းမရှိဘဲ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
၂၆၄။ တစ်ရံရောအခါ အသျှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဖြစ်သော အသျှင်ဗေလဋ္ဌသီသအား ဝဲကြီးနာစွဲကပ်သောကြောင့်
သွေးပြည်အစေးဖြင့် သင်္ကန်းတို့သည် ကိုယ်၌ ကပ်ငြိကုန်၏၊ ထိုသင်္ကန်းတို့ကို ရဟန်း တို့သည် ရေဖြင့် ဆွတ်၍ ဆွတ်၍ ခွါကုန်၏။
မြတ်စွာဘုရားသည် ကျောင်းစဉ် ဒေသစာရီ လှည့်လည် တော်မူသည်ရှိသော် ထိုရဟန်းတို့သည် ထိုသင်္ကန်းတို့ကို ရေဖြင့် ဆွတ်၍ ဆွတ်၍ ခွါသည်တို့ကို မြင်တော် မူ၍ ရဟန်းတို့ထံသို့ ချဉ်းကပ်တော်မူကာ
''ရဟန်းတို့ ဤရဟန်း၏ အနာကား အဘယ်အနာနည်း''ဟု (မေးတော်မူ၏)။
အသျှင်ဘုရား ဤအသျှင်၏ အနာသည် ဝဲကြီးနာပါတည်း၊ သွေးပြည်အစေးဖြင့် သင်္ကန်းတို့သည် ကိုယ်၌ ကပ်ငြိပါကုန်၏၊ ထိုသင်္ကန်းတို့ကို အကျွန်ုပ်တို့သည် ရေဖြင့် ဆွတ်၍ ဆွတ်၍ ခွါရပါကုန်၏ဟု (လျှောက်ကုန်၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို
''ရဟန်းတို့ အကြင်ရဟန်းအား ယားနာသည်လည်းကောင်း၊ အိုင်းအမာနာသည်လည်းကောင်း၊ အရည်ရွှဲရွှဲယိုသော အနာသည်လည်းကောင်း၊ ဝဲကြီးနာသည်လည်းကောင်း ရှိအံ့၊ ကိုယ်၌လည်း မကောင်းသော အနံ့ရှိငြားအံ့၊ အမှုန့်ဖြစ်သော ဆေးတို့ကို ခွင့်ပြု၏၊
အနာမရှိသော ရဟန်းအား နွားချေး ခြောက်ကိုလည်းကောင်း၊ မြေညက်ခဲကိုလည်းကောင်း၊ ဆိုးရည်ကျိုဖတ်ကိုလည်းကောင်း ခွင့်ပြု၏၊
ရဟန်း တို့ ဆုံကိုလည်းကောင်း၊ ကျည်ပွေ့ကိုလည်းကောင်း ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ၌ နာဖျားသော ရဟန်းတို့သည် ဆင့်အပ်သော ဆေးမှုန့်တို့ကို အလိုရှိကုန်၏။
ပ။
ရဟန်းတို့ ဆင့်အပ်သော ဆေးမှုန့်တို့ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
သိမ်မွေ့နူးညံ့သော ဆေးမှုန့်တို့ကို အလို ရှိကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အဝတ်ဖြင့်ဆင့်ခြင်းကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးအား ဘီလူးဖမ်းသောအနာ ဖြစ်၏၊
ထိုရဟန်းကို လုပ်ကျွေးသော ဆရာ ဥပဇ္ဈာယ်တို့သည် အနာမရှိသည်ကို ပြုရန်မတတ်နိုင်ကုန်။
ထိုရဟန်းသည် ဝက်ထိုးသမားတို့ ရောင်းသော ဈေးသို့ သွား၍ သားစိမ်းကို စား၏၊ သွေးစိမ်းကိုသောက်၏၊
ထိုရဟန်းအား ထိုဘီလူးဖမ်းသော အနာသည် ငြိမ်း၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဘီးလူးဖမ်းသော အနာရှိလတ်သော် အသားစိမ်း သွေးစိမ်းကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
၂၆၅။ တစ်ရံရောအခါ ရဟန်းတစ်ပါးအား မျက်စိနာရောဂါ ဖြစ်၏၊
ထိုရဟန်းကို ရဟန်းတို့သည် ချီမ၍ ကျင်ကြီးကျင်ငယ်ကို စွန့်စေကုန်၏၊
မြတ်စွာဘုရားသည် ကျောင်းစဉ် ဒေသစာရီ လှည့်လည်တော် မူသည်ရှိသော် ထိုရဟန်းတို့သည် ရဟန်းကို ချီမ၍ ကျင်ကြီးကျင်ငယ် စွန့်စေသည်တို့ကို မြင်တော်မူ၍ ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးနောက် ထိုရဟန်းတို့ကို ''ရဟန်းတို့ ဤရဟန်း၏ အနာရောဂါကား မည်သည့်အနာရောဂါနည်း''ဟု မေးတော်မူ၏။
အသျှင်ဘုရား ဤအသျှင်၏ အနာသည် မျက်စိနာရောဂါပါ တည်း၊
ဤရဟန်းကို အကျွန်ုပ်တို့သည် ချီမ၍ ကျင်ကြီးကျင်ငယ်ကို စွန့်စေပါကုန်၏ဟု (လျှောက်ကုန်၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို
''ရဟန်းတို့ မည်းသော မျက်စဉ်း အထူးထူးသော ဆေးတို့ဖြင့် ဖေါ်စပ်သော မျက်စဉ်း ရေယဉ်ခံ၍ပြုသော မျက်စဉ်း ဂွေ့မျက်စဉ်း မင်သေမျက်စဉ်းဟူသော မျက်စဉ်းကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
မျက်စဉ်းကြိတ်စရာ အမှုန့်တို့ကို အလိုရှိကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ စန္ဒကူးကိုလည်းကောင်း၊ တောင်ဇလပ်ကိုလည်းကောင်း၊ အကျော်ကိုလည်းကောင်း၊ ကရမက်ကိုလည်းကောင်း၊ နွားမြေရင်းကိုလည်းကောင်း ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့သည် မျက်စဉ်းမှုန့်တို့ကို ခွက်ငယ်တို့၌လည်းကောင်း၊ အိုးဖုံးငယ်တို့၌လည်းကောင်း ထားကုန်၏။
မြက်မှုန့်တို့ဖြင့်လည်းကောင်း၊ မြေမှုန့်တို့ဖြင်လည်းကောင်း ရောပြွမ်းကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မျက်စဉ်းကျည်ကို ခွင့်ပြု၏''ဟု (မိန့် တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေဖြင့် ပြီးသော မျက်စဉ်းကျည် ငွေဖြင့် ပြီးသော မျက်စဉ်းကျည် ဟူသော မျက်စဉ်းကျည် အစားစားတို့ကို ဆောင်ကုန်၏။
လူတို့သည် ''ကာမဂုဏ်ချမ်းသာကို ခံစားသော လူတို့နှင့်တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မျက်စဉ်းကျည် အစားစားတို့ကို မဆောင်အပ်၊
ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ အရိုးဖြင့်ပြီးသော မျက်စဉ်းကျည်ကိုလည်းကောင်း၊ အစွယ်ဖြင့်ပြီးသော မျက်စဉ်းကျည် ကိုလည်းကောင်း၊ သားချိုဖြင့်ပြီးသော မျက်စဉ်းကျည်ကိုလည်းကောင်း၊ ကျူဖြင့်ပြီးသော မျက်စဉ်းကျည်ကိုလည်းကောင်း၊ ဝါဖြင့်ပြီးသော မျက်စဉ်းကျည်ကိုလည်းကောင်း၊ သစ်သားဖြင့်ပြီးသော မျက်စဉ်းကျည်ကိုလည်းကောင်း၊ ချိပ်ဖြင့်ပြီးသော မျက်စဉ်းကျည်ကိုလည်းကောင်း၊ ဖလ်ဖြင့်ပြီးသော မျက်စဉ်းကျည်ကိုလည်းကောင်း၊ သံဖြင်။ ပီးသော မျက်စဉ်းကျည်ကိုလည်းကောင်း၊ ခရုသင်းချက်ဖြင့်ပြီးသော မျက်စဉ်းကျည်ကိုလည်းကောင်း ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ မျက်စဉ်းကျည်တို့သည် အပိတ်မရှိကုန်၊ မြက်မှုန့်တို့ဖြင့်လည်းကောင်း မြေမှုန့်တို့ဖြင်လည်းကောင်း ရောပြွမ်းကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အဖုံးကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
အဖုံးသည် ကျ၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကြိုး ငယ်ဖြင့် ဖွဲ့၍ မျက်စဉ်းကျည်နှင့် ဖွဲ့စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
မျက်စဉ်းကျည်သည် ကွဲ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ချည်ဖြင့် ချုပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့သည် လက်ချောင်းဖြင့် မျက်စဉ်းခတ်ကုန်၏၊ မျက်စိတို့သည် ကျင်နာကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မျက်စဉ်းခတ်တံကို ခွင်၊ ပ၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေဖြင့်ပြီးသော မျက်စဉ်းတံ ငွေဖြင့်ပြီးသော မျက်စဉ်းတံ ဟူသော မျက်စဉ်းတံ အစားစားတို့ကို ဆောင်ကုန်၏။
လူတို့သည် ''ကာမဂုဏ်ချမ်းသာကို ခံစားသော လူတို့ နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့ မျက်စဉ်းတံ အစားစားတို့ကို မဆောင်အပ်၊
ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ အရိုးဖြင့် ပြီးသော မျက်စဉ်းတံကိုလည်းကောင်း။ပ။ ခရုသင်းချက်ဖြင့်ပြီးသော မျက်စဉ်းတံကိုလည်းကောင်း ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ မျက်စဉ်းတံသည် မြေ၌ ကျသည်ရှိသော် ကြမ်း၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မျက်စဉ်းတံထည့်စရာကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့သည် မျက်စဉ်းကျည်ကိုလည်းကောင်း၊ မျက်စဉ်းတံကိုလည်းကောင်း လက်ဖြင့် ဆောင်ကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မျက်စဉ်းကျည်ထည့် စရာအိတ်ကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ပခုံးလွယ်စရာသည် မရှိ။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ပခုံးလွယ်စရာကိုလည်းကောင်း ပခုံးလွယ်ကို ဖွဲ့စရာချည်ကိုလည်းကောင်း ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
၂၆၆။ တစ်ရံရောအခါ အသျှင်ပိလိန္ဒဝစ္ဆအား ခေါင်းပူသော ဦးယဉ်းနာသည် ဖြစ်၏။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဦးခေါင်းသုတ်လိမ်းစရာဆီကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
သည်းမခံနိုင်ဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်း တို့ နှာနှတ်ခြင်းကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
နှာရေယို၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နှာနှတ်တံကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေဖြင့်ပြီးသော နှာနှတ်တံ ငွေဖြင့်ပြီးသော နှာနှတ်တံ ဟူသော နှာနှတ်တံ အစားစားတို့ကို ဆောင်ကုန်၏။
လူတို့သည် ''ကာမဂုဏ်ချမ်းသာကို ခံစားသော လူတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့ နှာနှတ်တံ အစားစား တို့ကို မဆောင်အပ်၊
ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ အရိုးဖြင့် ပြီးသော နှာနှတ်တံကိုလည်းကောင်း။ပ။ ခရုသင်းချက်ဖြင့် ပြီးသော နှာနှတ်တံ ကိုလည်းကောင်း ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
မညီမညွတ် နှာနှတ်ကြကုန်၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အစုံဖြစ်သော နှာနှတ်တံကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
သည်းမခံနိုင်ဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အခိုးကိုသောက်ခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုဆေးခိုးလုံးကို ခံတွင်းသို့ သွင်း၍သောက်ကုန်၏၊ လည်ချောင်းသည် ပူလောင်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အခိုးသောက်တံကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရွှေဖြင့်ပြီးသော အခိုးသောက်တံ ငွေဖြင့်ပြီးသော အခိုးသောက်တံ ဟူသော အခိုးသောက်တံ အစားစားတို့ကို ဆောင်ကုန်၏။
လူတို့သည် ''ကာမဂုဏ်ချမ်းသာကို ခံစားသော လူတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏၊
ရဟန်းတို့ အခိုးသောက်တံ အစားစားတို့ကို မဆောင်အပ်၊
ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ အရိုးဖြင့်ပြီးသော အခိုးသောက်တံကိုလည်းကောင်း။ပ။ ခရုသင်းချက်ဖြင့်ပြီးသော အခိုးသောက် တံကိုလည်းကောင်း ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ အခိုးသောက်တံတို့သည် အပိတ်မရှိကုန်၊ ပိုးတို့သည် ဝင်ကုန်၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ''အပိတ်ကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်း တို့သည် အခိုးသောက်တံတို့ကို လက်ဖြင့် ဆောင်ကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။
ရဟန်းတို့ အခိုးသောက်တံ ထည့်စရာအိတ်ကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
တစ်ဖက်မှ ပွန်းပဲ့ကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အစုံဖြစ်သော အိတ် ကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ပခုံးလွယ်စရာသည် မရှိ။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပခုံးလွယ်စရာကိုလည်းကောင်း၊ ပခုံးလွယ်ကို ဖွဲ့စရာချည်ကိုလည်းကောင်း ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
၂၆၇။ တစ်ရံရောအခါ အသျှင်ပိလိန္ဒဝစ္ဆအား လေနာစွဲကပ်လေ၏။
ဆေးသမားတို့က ''ဆီကျက်ကိုသောက်ရမည်ဟု ပြောဆိုကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဆီကျက်ကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုဆီကျက်၌ သေအရက်ကို ထည့်သင့်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ဆီကျက်၌ သေအရက်ကို ထည့်ခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အလွန်များစွာသော သေအရက်ထည့်သော ဆီတို့ကို ချက်ကုန်၏၊ ထိုဆီကျက်တို့ကိုသောက်ခြင်းကြောင့် မူးယစ်ကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အလွန်များသော သေအရက်ထည့်သော ဆီကို မသောက်အပ်။
သောက်သော ရဟန်း အား တရားအား လျော်စွာ ဆုံးဖြတ်ရမည်။
ရဟန်းတို့ သေအရက်၏ အဆင်း အနံ့ အရသာ မထင်ရှားသော ဆီကျက်ကိုသောက်ရန် ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ၌ ရဟန်းတို့အား အလွန်များစွာသော သေအရက်ထည့်သော ဆီကျက်သည် ဖြစ်၏၊
ထိုအခါ ရဟန်းတို့အား ''အဘယ်သို့လျှင် အလွန်များသော သေအရက်ထည့်သော ဆီ၌ ပြုကျင့်ရပါအံ့နည်း''ဟု အကြံဖြစ်၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကိုယ်လက်သုတ်စရာဟု ဆောက်တည်ခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆအား များစွာသော ဆီကျက်သည် ဖြစ်၏၊ ဆီထည့်စရာ ခွက်မရှိ။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ကြေးကျည်၊ သစ်သားကျည်၊ သစ်သီး ကျည် ဟူသော ဆီကျည် သုံးမျိုးတို့ကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆအား လက်ခြေတို့၌ ဖြစ်သော လေရောဂါ ဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ချွေးထုတ်မှုကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
သည်းမခံ နိုင်ဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အထူးထူးသော ဆေးတို့ဖြင့် ချွေးထုတ်ခြင်း ကိစ္စကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
သည်းမခံနိုင်ဖြစ်၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ချွေးကြီးထုတ်ခြင်းကို၂ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
သည်းမခံနိုင်ဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သစ် ရွက်စုံပြုတ်ရေဖြင့် ချွေးထုတ်ခြင်းကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
သည်းမခံနိုင်ဖြစ်၏။
ရဟန်းတို့ ရေချိုးရုံ၌ ရေလှောင်အိုး စရည်းကြီးကို ရေနွေးထည့်၍ ချွေးအောင်းခြင်းကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆမထေရ်အား အဆစ်ကိုက်ခဲသော လေရောဂါဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သွေးကို ထုတ်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
သည်းမခံနိုင်ဖြစ်၏။
ရဟန်းတို့ သွေးကို ထုတ်၍ သားချိုဖြင့် တွင်ခုတ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ အသျှင်ပိလိန္ဒဝစ္ဆ၏ ခြေတို့သည် ကွဲကုန်၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။
ရဟန်းတို့ ခြေနယ်ဆီကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
သည်းမခံနိုင်ဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ခြေလိမ်း ဆေးကို စီရင်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးအား သွေးစုနာပေါက်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဓားငယ်ဖြင့် ဖောက်ခွဲမှုကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ဖန်ရည်ကို အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဖန်ရည်ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
နှမ်းမုန့်ညက်ကို အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နှမ်းမုန့်ညက်ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
အနာအုံဆေးကို အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အနာအုံ ဆေးကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
အမာစည်းရန် အဝတ်ကို အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အမာစည်းရန် အဝတ်ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
အမာသည် ယား၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မုန့်ညင်းမှုန့်ကို ဖြူးစိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
အမာသည် ဖူးဖူးရောင်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မှိုင်းတိုက်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
အမာ၌ အသားတက်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သင်ဓုန်းဖြင့် ဖြတ်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
အမာသည် (အသား) မတက်ဘဲနေ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အမာသုတ်လိမ်းရန်ဆီကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
(လိမ်းသော) ဆီသည် လျှောကျ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။
ရဟန်းတို့ ဆီတားသော အဝတ်ကိုလည်းကောင်း၊ အလုံးစုံ အမာကုဆေးကိုလည်းကောင်း ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
၂၆၈။ တစ်ရံရောအခါ ရဟန်းတစ်ပါးကို မြွေကိုက်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ကျင်ကြီး၊ ကျင်ငယ်၊ ပြာ၊ မြေညက်ဟူသော ဆေးကြီးလေးပါးတို့ကို ပေးစိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''အကပ်မခံဘဲ အပ်သလော၊ သို့မဟုတ် အကပ်ခံရဦးမည်လော''ဟု အကြံ ဖြစ်၏၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကပ္ပိယကာရက ရှိခဲ့သော် အကပ်ခံစိမ့်သောငှါ ခွင့်ပြု၏၊ ကပ္ပိယကာရက မရှိခဲ့သော် ကိုယ်တိုင်ယူ၍ သုံးဆောင်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးသည် အဆိပ်ကိုသောက်မိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကျင်ကြီးကိုသောက်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''အကပ်မခံဘဲ အပ်သလော၊ သို့မဟုတ် အကပ်ခံရဦးမည်လော''ဟု အကြံဖြစ်၏။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ကျင်ကြီးစွန့်စဉ် ခံယူခြင်းသည်ပင်လျှင် အကပ်ခံခြင်းကို ပြုသည်မည်၏၊ တစ်ဖန် အကပ်မခံရတော့ပြီဟု (မိန့်တော်မူ၏)။
၂၆၉။ တစ်ရံရောအခါ ရဟန်းတစ်ပါးအား အိမ်ရှင်မ ပေးသော ပီယဆေးကြောင့် အနာဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ထွန်သွား၌ကပ်သော မြေကို ဖျော်၍သောက်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးသည် ဝမ်းမီးပျက်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ထမင်းခြောက်ပြာရည်ကိုသောက်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးအား ဖြော့တော့ ပိန်ကြုံသော ရောဂါစွဲကပ်၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နွားကျင်ငယ်ရေဖြင့် စိမ်သော ဖန်ခါးသီးရေကိုသောက်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးအား အရေပေါ်တွင် ဖြစ်သော အနာ (နူစွပ်နာ) စွဲကပ်၏။
မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နံ့သာလိမ်းခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတစ်ပါးသည် သလိပ် သည်းခြေ လေပြောသော ကိုယ်ရှိ၏။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဝမ်းလျှောဆေးကိုသောက်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့် တော်မူ၏)။
ပအုံးရေကြည်ကို အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပအုံးရေကြည်ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
မစစ်သော ပဲနောက်ရေကို အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မစစ်သော ပဲနောက်ရေကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
အတန်ငယ်စစ်သော ပဲနောက်ရည်ကို အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အတန်ငယ်စစ်သော ပဲနောက်ရည်ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ဟင်းမျိုးရည် (အသားရည်) ကို အလိုရှိ၏။
မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဟင်းမျိုးရည် (အသားရည်) ကို ခွင့်ပြု၏ဟု (မိန့် တော်မူ၏)။
၁။ ပုံလုံခါး = ကင်းပုံကို ဆိုလိုသည်။ ၂။ ချွေးကြီးထုတ်ခြင်းဟူသည် တသူ (လက်ခုပ်တစ်ဖေါင်) မျှသော တွင်း၌ မီးကျီအပြည့်ထည့်၍ မြေသဲတို့ဖြင့် ဖုံးပိတ်ပြီးလျှင် လေနိုင်သစ်ရွက်တို့ကို ခင်းကာ ကိုယ်ကို ဆီလိမ်းလျက် ချွေးအောင်းခြင်းတည်း။