Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

18. Ācariyavattakathā

Author: my-tipitaka @ visuddhinanda

၇၄။ တစ်ရံရောအခါ လုလင်တစ်ယောက်သည် ရဟန်းတို့ထံသို့ ချဉ်းကပ်၍ ရဟန်းအဖြစ်ကို တောင်း၏။
ထိုသူအား ရဟန်းတို့သည် (ရဟန်းမပြုမီ) ရှေးဦးစွာကပင်လျှင် မှီရာ (ပစ္စည်းလေးပါး) တို့ကို ပြောကြားကုန်၏။
ထိုလုလင်သည် ''အသျှင်ဘုရားတို့ အကယ်၍ ရဟန်းပြုပြီးမှ မှီရာ (ပစ္စည်းလေးပါး) တို့ကို အကျွန်ုပ်အား ပြောကြားသည် ဖြစ်အံ့၊ ထိုအကျွန်ုပ်သည် အလွန်မွေ့လျော်ရာ၏၊
အသျှင်ဘုရားတို့ ယခုမှာမူ အကျွန်ုပ်သည် ရဟန်းမပြုတော့ပြီ၊
အကျွန်ုပ်သည် မှီရာ (ပစ္စည်းလေးပါး) တို့ကို စက်ဆုပ်ရွံရှာ ပါ၏''ဟု ဆို၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ရဟန်းမပြုမီ ရှေးအဖို့က မှီရာ (ပစ္စည်းလေးပါး) တို့ကို မပြောကြားအပ်၊
ပြောကြားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
''ရဟန်းတို့ ရဟန်းပြုပြီးသည်၏ အခြားမဲ့၌ မှီရာ (ပစ္စည်းလေးပါး) တို့ကို ပြောကြားရန် ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့သည် နှစ်ယောက်အစုဂိုဏ်း သုံးယောက်အစုဂိုဏ်းဖြင့် ပဉ္စင်းခံပေးကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဆယ်ယောက်အစုအောက် ယုတ် လျော့သော ဂိုဏ်းဖြင့် ပဉ္စင်းခံမပေးအပ်၊
အကြင်ရဟန်းသည် ပဉ္စင်းခံပေးငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ့်အာပတ် သင့်၏။
''ရဟန်းတို့ ဆယ်ယောက်အစုဂိုဏ်းဖြင့်သော်လည်းကောင်း၊ ဆယ်ယောက်အစုထက် ပိုလွန်သော ဂိုဏ်းဖြင့်သော်လည်းကောင်း ပဉ္စင်းခံပေးခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
၇၅။ ထိုအခါ တစ်ဝါရ နှစ်ဝါရ ရဟန်းတို့သည် အတူနေတပည့်ကို ပဉ္စင်းခံပေးကုန်၏။
ဝင်္ဂန္တ ပုဏ္ဏား၏သား အသျှင်ဥပသေနသည်လည်း တစ်ဝါသာ ရသေးလျက် အတူနေတပည့်ကို ပဉ္စင်းခံပေး၏။
ထိုဥပသေနသည် ဝါကျွတ်သည်ရှိသော် နှစ်ဝါရဖြစ်၍ တစ်ဝါသာ ရသေးသော အတူနေတပည့်ကို ခေါ်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်လေ၏။
အာဂန္တုကရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်းသည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့၏ အလေ့အထပင် ဖြစ်၏။
ထိုအခါ မြတ်စွာဘုရားသည် ဝင်္ဂန္တပုဏ္ဏား၏သား အသျှင်ဥပသေနအား-
''ရဟန်း ကျန်းမာ၏လော၊ မျှတ၏လော၊ သင်သည် ခရီးရှည်ကို မပင်ပန်းဘဲ လာခဲ့ရပါ၏လော''ဟု မေးတော်မူရာ-
ကျန်းမာပါသည် မြတ်စွာဘုရား၊ မျှတပါသည် မြတ်စွာဘုရား၊
တပည့်တော်တို့သည် ခရီးရှည်ကို မပင်ပန်းဘဲ လာခဲ့ရပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုရားရှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်။ အချိန် အခါကို သိ၍ မေးတော်မူကုန်၏၊ အချိန်အခါကို သိ၍ မေးတော်မမူကုန်။
မြတ်စွာဘုရားတို့သည် အကျိုး နှင့် စပ်သည်ကို မေးတော်မူကုန်၏၊
အကျိုးနှင့် မစပ်သည်ကို မေးတော်မမူကုန်။
မြတ်စွာဘုရားတို့သည် အကျိုးနှင့် မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီး ဖြစ်ကုန်၏။
''တရားကိုသော်လည်း ဟောအံ့၊ တပည့် သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်အံ့'' ဟူသော အကြောင်းနှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဝင်္ဂန္တပုဏ္ဏား၏သား အသျှင်ဥပသေနအား
''ရဟန်း သင်သည် အဘယ် မျှ ဝါရှိပြီနည်း''ဟု မေးတော်မူ၏။
အသျှင်ဘုရား အကျွန်ုပ် နှစ်ဝါရှိပါပြီဟု (လျှောက်၏)။
ဤရဟန်းသည် အဘယ်မျှ ဝါရှိပြီနည်းဟု (မေးတော်မူပြန်ရာ)
အသျှင်ဘုရား တစ်ဝါမျှသာ ရှိပါသေး၏ဟု (လျှောက်၏)။
ဤရဟန်းသည် သင်နှင့် အဘယ်သို့ တော်စပ်သနည်းဟု (မေးတော်မူပြန်ရာ)
အသျှင်ဘုရား အကျွန်ုပ်၏ အတူနေတပည့်ပါတည်းဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်ကဲ့ရဲ့တော်မူ၏။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ရဟန်းတို့အား မလျောက်ပတ် မသင့်လျော် မသင့်တင့်၊ ရဟန်းတို့၏ အမူအကျင့်မဟုတ်၊ ရဟန်းတို့အား မအပ်စပ်၊ မပြုထိုက်။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင့်ကို သူတစ်ပါးတို့က သွန်သင် ဆုံးမအပ်သေးသည် ဖြစ်ပါလျက် အဘယ့်ကြောင့် သူတစ်ပါးကို သွန်သင်ဆုံးမခြင်းငှါ အောက်မေ့ မှတ်ထင် ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် ဂိုဏ်းအဖွဲ့၏ များပြားလာခြင်းငှါ အလွန်လျင်စွာ ပြုကျင့်ဘိ၏။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသောသူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့အား-
''ရဟန်းတို့ ဆယ်ဝါမပြည့်သေးသော ရဟန်းသည် ပဉ္စင်းခံမပေးအပ်၊
အကြင်ရဟန်းသည် ပဉ္စင်းခံပေးငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ဆယ်ဝါပြည့်ပြီးသော ရဟန်းသည်လည်းကောင်း၊ ဆယ်ဝါထက် ကျော်လွန်သော ရဟန်းသည်လည်းကောင်း ပဉ္စင်းခံပေးခြင်းငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
၇၆။ ထိုအခါ ရဟန်းတို့သည် ''ငါတို့ ဆယ်ဝါရှိကုန်ပြီ၊ ငါတို့ ဆယ်ဝါရှိကုန်ပြီ''ဟု (ဝိနည်းသိက္ခာ ပုဒ်၌) မသိမလိမ္မာကုန်ဘဲ ပဉ္စင်းခံပေးကုန်၏။
မသိမိုက်မဲသော ဥပဇ္ဈာယ်ဆရာနှင့် လိမ္မာသော အတူနေ တပည့်၊ မကျွမ်းကျင်သော ဥပဇ္ဈာယ်ဆရာနှင့် ကျွမ်းကျင်သော အတူနေတပည့်၊ အကြားအမြင်နည်းသော ဥပဇ္ဈာယ်ဆရာနှင့် အကြားအမြင်များသော အတူနေတပည့်၊ ပညာမဲ့သော ဥပဇ္ဈာယ်ဆရာနှင့် ပညာရှိသော အတူနေတပည့်တို့ကို တွေ့မြင်ရကုန်၏။
တိတ္ထိဖြစ်ဖူးသော ရဟန်းတစ်ပါးသည်လည်း ဥပဇ္ဈာယ်ဖြစ်သော မထေရ်သည် တရားနှင့်အညီ ဆုံးမသည်ရှိသော် ဥပဇ္ဈာယ်ဆရာအား ဝါဒတင်၍ ထိုတိတ္ထိဘောင်သို့သာလျှင် ပြောင်းရွှေ့၏။
အလိုနည်းသော ရဟန်းတို့သည် ''ရဟန်းတို့သည် 'ဆယ်ဝါရှိကုန်ပြီ၊ ဆယ်ဝါရှိကုန်ပြီ'ဟု (ဝိနည်း သိက္ခာပုဒ်၌) မသိမလိမ္မာကုန်ဘဲ အဘယ့်ကြောင့် ပဉ္စင်းခံပေးကုန်ဘိသနည်း။ မသိမိုက်မဲသော ဥပဇ္ဈာယ် ဆရာနှင့် လိမ္မာသော အတူနေတပည့်၊ မကျွမ်းကျင်သော ဥပဇ္ဈာယ်ဆရာနှင့် ကျွမ်းကျင်သော အတူနေ တပည့်၊ အကြားအမြင်နည်းသော ဥပဇ္ဈာယ်ဆရာနှင့် အကြားအမြင်များသော အတူနေတပည့်၊ ပညာ မဲ့သော ဥပဇ္ဈာယ်ဆရာနှင့် ပညာရှိသော အတူနေတပည့်တို့ကို တွေ့မြင်ရကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ရဟန်းတို့သည် 'ဆယ်ဝါရှိကုန်ပြီ ဆယ်ဝါရှိကုန်ပြီ'ဟု (ဝိနည်းသိက္ခာပုဒ်၌) မသိမလိမ္မာကုန်ဘဲ ပဉ္စင်းခံပေးကုန်၏၊ မသိ မိုက်မဲသော ဥပဇ္ဈာယ်ဆရာနှင့် လိမ္မာသော အတူနေတပည့်၊ မကျွမ်းကျင်သော ဥပဇ္ဈာယ် ဆရာနှင့် ကျွမ်းကျင်သော အတူနေတပည့်၊ အကြားအမြင်နည်းသော ဥပဇ္ဈာယ်ဆရာနှင့် အကြားအမြင် များသော အတူနေတပည့်၊ ပညာမဲ့သော ဥပဇ္ဈာယ်ဆရာနှင့် ပညာရှိသော အတူနေတပည့်တို့ကို တွေ့မြင် ရကုန်၏ ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောက်ျားတို့သည် ''ဆယ်ဝါရှိကုန်ပြီ၊ ဆယ်ဝါရှိကုန်ပြီ''ဟု (ဝိနည်းသိက္ခာပုဒ်၌) မသိ မလိမ္မာကုန်ဘဲ ပဉ္စင်းခံပေးကုန်ဘိသနည်း။
မသိမိုက်မဲသော ဥပဇ္ဈာယ်ဆရာနှင့် လိမ္မာသော အတူနေ တပည့်၊ မကျွမ်းကျင်သော ဥပဇ္ဈာယ်ဆရာနှင့် ကျွမ်းကျင်သော အတူနေတပည့်၊ အကြားအမြင်နည်းသော ဥပဇ္ဈာယ်ဆရာနှင့် အကြားအမြင်များသော အတူနေတပည့်၊ ပညာမဲ့သော ဥပဇ္ဈာယ်ဆရာနှင့် ပညာရှိသော အတူနေတပည့်တို့ကို တွေ့မြင်ရကုန်၏။
ရဟန်းတို့ ဤ (ရဟန်းတို့ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်း ငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို-
''ရဟန်းတို့ (ဝိနည်းသိက္ခာပုဒ်ကို) မသိမလိမ္မာသော ရဟန်းသည် ပဉ္စင်းခံမပေးအပ်၊
အကြင် ရဟန်းသည် ပဉ္စင်းခံပေးငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ (ဝိနည်းသိက္ခာ ပုဒ်၌) ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ဆယ်ဝါပြည့်ပြီးသော ရဟန်းသည်လည်းကောင်း၊ ဆယ်ဝါ ထက် ကျော်လွန်သော ရဟန်းသည်လည်းကောင်း ပဉ္စင်းခံပေးခြင်းငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
၇၇။ တစ်ရံရောအခါ ဥပဇ္ဈာယ်ဆရာတို့သည် အရပ်တစ်ပါးသို့ ဖဲသွားကုန်သော်, လူထွက်ကုန်သော်, သေကုန်သော်, တိတ္ထိဘောင်သို့ ပြောင်းရွှေ့သွားကုန်သော် ရဟန်းတို့သည် ဆရာမရှိ ဆုံးမ သွန်သင်ပေးသူ မရှိသည် ဖြစ်၍ မကောင်းသဖြင့် ဝတ်ရုံလျက် ရဟန်းတို့၏ အမူအရာနှင့် မပြည့်စုံဘဲ ဆွမ်းခံလှည့်လည်ကုန်၏၊ ထိုရဟန်းတို့သည် လူတို့ စားသောက်နေစဉ် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက် ဖွယ်တို့၏ အထက်၌ ဆွမ်းခံသပိတ်ကို ညွတ်စေကုန် 'ခံလင့်ကုန် '၏။
ဟင်း ထမင်းကိုလည်း ကိုယ်တိုင် တောင်း၍ စားကုန်၏၊
ဆွမ်းစားဇရပ်၌လည်း ပြင်းပြကျယ်လောင်သော အသံရှိလျက် နေကုန်၏။
လူတို့သည်- ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည် အဘယ့်ကြောင့် မကောင်းသဖြင့် ဝတ်ရုံလျက် ရဟန်းတို့၏ အမူအရာနှင့် မပြည့်စုံဘဲ ဆွမ်းခံ လှည့်လည်ကုန်ဘိ သနည်း၊ ထိုရဟန်းတို့သည် လူတို့ စားသောက်နေစဉ် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ် တို့၏ အထက်၌ ဆွမ်းခံသပိတ်ကို ညွတ်စေကုန် 'ခံလင့်ကုန်' ဘိသနည်း၊ ဟင်း ထမင်းကိုလည်း ကိုယ်တိုင် တောင်း၍ စားကုန်ဘိသနည်း၊ ဆွမ်းစားဇရပ်၌လည်း ပုဏ္ဏားစားသောက်ပွဲ၌ ပုဏ္ဏားများ ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိလျက် နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြကုန်သည် သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ မှန်သလော။ပ။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကဲ့ရဲ့တော်မူပြီးလျှင် တရားစကားကို ဟောတော်မူပြီးနောက် ရဟန်းတို့အား-
ရဟန်းတို့ (နိဿရည်း) ဆရာကို ခွင့်ပြု၏၊
ရဟန်းတို့ (နိဿရည်း) ဆရာသည် အနီးနေ တပည့်၌ သားဟူသော စိတ်ကို ထားအံ့၊ အနီးနေတပည့်သည် (နိဿရည်း) ဆရာ၌ အဖဟူသော စိတ်ကို ထားအံ့၊
ဤသို့ ထိုဆရာတပည့်တို့သည် အချင်းချင်း ရိုသေခြင်း တုံ့ဝပ်ခြင်း တူသော အသက်မွေးခြင်းရှိသည် ဖြစ်၍ နေကုန်သည်ရှိသော် ဤသာသနာတော်၌ ကြီးပွါးစည်ပင်ပြန့်ပြောခြင်းသို့ ရောက်ကုန်လတ္တံ့။
ရဟန်းတို့ ဆယ်ဝါရရှိသော ရဟန်းတို့ကို အမှီပြု၍ နေခြင်းငှါ၊ ဆယ်ဝါရရှိသော ရဟန်းသည် မှီရာ (နိဿရည်း) ကို ပေးခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့ (နိဿရည်း) ဆရာ ယူရမည်၊
လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ် တင်၍ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-
''အသျှင်ဘုရား အကျွန်ုပ်၏ (နိဿရည်း) ဆရာ ဖြစ်တော်မူပါလော့၊ အသျှင်ဘုရားကို မှီ၍ နေပါအံ့။
အသျှင်ဘုရား အကျွန်ုပ်၏ (နိဿရည်း) ဆရာ ဖြစ်တော်မူပါလော့၊ အသျှင်ဘုရားကို မှီ၍ နေပါအံ့။
အသျှင်ဘုရား အကျွန်ုပ်၏ (နိဿရည်း) ဆရာ ဖြစ်တော်မူပါလော့၊ အသျှင်ဘုရားကို မှီ၍ နေပါအံ့''ဟု ဆိုရမည်။
''ကောင်းပြီ'' ဟူ၍သော်လည်းကောင်း၊ ''ငါ့အား ဝန်မလေး'' ဟူ၍သော်လည်းကောင်း၊ ''ငါ၏ တာဝန် ပေ'' ဟူ၍သော်လည်းကောင်း၊ ''သင့်တင့်၏'' ဟူ၍သော်လည်းကောင်း၊ ''ကြည်ညိုဖွယ်ကိုဆောင်သော ကိုယ် နှုတ်အမူ အရာနှင့် ပြည့်စုံစေလော့'' ဟူ၍သော်လည်းကောင်း ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်နှုတ်ဖြင့်ဖြစ်စေ သိစေငြားအံ့။ (နိဿရည်း) ဆရာယူသည် မည်၏။
ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ် နှုတ်ဖြင့်ဖြစ်စေ မသိစေငြားအံ့။ (နိဿရည်း) ဆရာယူသည် မမည်ဟု (မိန့်တော်မူ၏)။
၇၈။ ရဟန်းတို့ အနီးနေတပည့်သည် (နိဿရည်း) ဆရာ၌ ကောင်းစွာ ကျင့်ရမည်၊
ဤဆိုလတ္တံ့သည်ကား ကောင်းစွာ ကျင့်ပုံတည်း-
(အနီးနေတပည့်သည်) နံနက်စောစော ထ၍ ဖိနပ်ချွတ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ် ဝတ်ကို စံပယ်တင်၍ ဒန်ပူကပ်ရမည်၊ မျက်နှာသစ်ရေကပ်ရမည်၊ နေရာခင်းရမည်၊
ယာဂုရှိခဲ့လျှင် ခွက်ကို ဆေး၍ ယာဂု ဆက်ကပ်ရမည်၊
ယာဂုသောက်ပြီးသော (နိဿရည်း) ဆရာအား ရေပေး၍ ခွက်ကို လှမ်းယူ ပြီးနောက် ရိုသေကောင်းမွန်စွာ မထိခိုက်မိစေဘဲ ဆေးကြောပြီးလျှင် သိုမှီးသိမ်းဆည်းထားရမည်၊
(နိဿရည်း) ဆရာသည် (နေရာမှ) ထခဲ့သော် နေရာကို ရွှေ့ပြောင်း သိမ်းထားရမည်။
အကယ်၍ အမှိုက် ရှိအံ့၊ ထိုနေရာကို တံမြက်လှည်းရမည်။
(နိဿရည်း) ဆရာသည် ရွာသို့ ဝင်လိုငြားအံ့၊ ရွာဝတ်သင်းပိုင်ကို ပေးရမည်၊ ကျောင်းဝတ်သင်းပိုင် ကို ယူရမည်၊ ခါးပန်းကြိုးကို ပေးရမည်၊ ကိုယ်ဝတ်ဒုကုဋ်တို့ကို ထပ်၍ ပေးရမည်၊ ဆေးကြော၍ ရေနှင့် တကွသော သပိတ်ကို ပေးရမည်။
အကယ်၍ (နိဿရည်း) ဆရာသည် နောက်လိုက်ရဟန်းကို အလိုရှိအံ့၊ အဝန်းသုံးပါး၁ကို ဖုံးလွှမ်းသဖြင့် အဝန်းညီညွတ်စွာ သင်းပိုင်ကိုဝတ် ခါးပန်ကြိုးကို ဖွဲ့ချည် ထပ်ပြီးသော ကိုယ်ဝတ်ဒုကုဋ်တို့ကို ရုံ ကမ္ပတ်သီးကို တပ် သပိတ်ကို ဆေးကြော ယူငင်၍ (နိဿရည်း) ဆရာ၏ နောက် လိုက် ရဟန်းဖြစ်ရမည်၊
ဝေးလွန်းစွာ မလိုက်ရ၊ နီးကပ်စွာလည်း မလိုက်ရ၊ သပိတ်လဲလှယ်ခြင်းကို ခံယူရ မည်။
(နိဿရည်း) ဆရာ စကားပြောဆိုစဉ် အကြားအကြား၌ ဝင်၍ မပြောရ၊
(နိဿရည်း) ဆရာသည် အာပတ်နှင့် နီးစပ်သည်ကို ပြောဆိုခဲ့သော် တားမြစ်ရမည်။
(ဆွမ်းခံရာမှ) ပြန်လာသော် ရှေးဦးစွာ လာ၍ နေရာကို ခင်းထားရမည်၊ ခြေဆေးရေ ခြေဆေး အင်းပျဉ် ခြေပွတ်အိုးခြမ်းကို အနီး၌ ထားရမည်၊ ခရီးဦး ကြိုဆို၍ သပိတ်သင်္ကန်းကို ယူရမည်၊ ကျောင်း ဝတ်သင်းပိုင်ကို ပေးရမည်၊ ရွာဝတ်သင်းပိုင်ကို လှမ်းယူရမည်။
အကယ်၍ သင်္ကန်းသည် ချွေးစွတ်အံ့၊ တစ် ခဏမျှ နေပူ၌ လှန်းထားရမည်၊ (သို့သော်) ကြာမြင့်စွာ မထားရ၊
သင်္ကန်းကို ခေါက်ရမည်၊
သင်္ကန်းကို ခေါက်သည်ရှိသော် ''အလယ်၌ မကျိုးပျက် (ခေါက်ရိုးမဖြစ်) စေလင့်''ဟု (နှလုံးသွင်းလျက်) လက်လေးသစ် အနားကို လျှော့၍ သင်္ကန်းကို ခေါက်ရမည်၊
သင်္ကန်းခေါက်အတွင်း၌ ခါးပန်းကြိုးကို ထားရမည်။
ဆွမ်းရှိ၍ (နိဿရည်း) ဆရာလည်း စားလိုသည် ဖြစ်အံ့၊ သုံးရေကို ပေး၍ ဆွမ်းကို ဆက်ကပ်ရ မည်၊
(နိဿရည်း) ဆရာကိုသောက်ရေဖြင့် (အလိုရှိပါသလောဟု) မေးလျှောက်ရမည်၊
ဆွမ်းစားပြီးသော (နိဿရည်း) ဆရာအား ရေကို ပေး၍ သပိတ်ကို လှမ်းယူပြီးလျှင် ရိုသေကောင်းမွန်စွာ မထိခိုက်မိစေဘဲ ဆေးကြောသုတ်သင်လျက် ရေစင်အောင် ပြု၍ တစ်ခဏမျှ နေပူ၌ လှန်းထားရမည်၊ (သို့သော်) ကြာမြင့် စွာ မထားရ၊
သပိတ်သင်္ကန်းကို ထားရမည်၊
သပိတ်ကို ထားလိုသော် လက်တစ်ဖက်ဖြင့် သပိတ်ကို ကိုင်၍ လက်တစ်ဖက်ဖြင့် ညောင်စောင်းအောက်ကိုသော်လည်းကောင်း၊ အင်းပျဉ်အောက်ကိုသော်လည်းကောင်း စမ်းသပ်၍ ထားရမည်၊
အခင်းမရှိသော မြေ၌ သပိတ်ကို မထားရ။
သင်္ကန်းကို ထားလိုသော် လက်တစ်ဖက်ဖြင့် သင်္ကန်းကို ကိုင်၍ လက်တစ်ဖက်ဖြင့် သင်္ကန်းတန်း သင်္ကန်းကြိုးကို ပွတ်သပ်၍ ထိုမှာဖက်၌ အစွန်း ဤမှာဖက်၌ အခွေ 'အခေါက်' ပြုလျက် သင်္ကန်းကို ထားရမည်။
(နိဿရည်း) ဆရာ (နေရာမှ) ထခဲ့သော် နေရာကို ရွှေ့ပြောင်းသိမ်းထားရမည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို သိုမှီးသိမ်းဆည်းရမည်။
အကယ်၍ အမှိုက်ရှိအံ့၊ ထိုနေရာကို တံမြက်လှည်းရမည်။
(နိဿရည်း) ဆရာသည် ရေချိုးလိုသည် ဖြစ်ငြားအံ့၊ ချိုးရေကို စီရင်ရမည်။
ရေအေးအလိုရှိငြားအံ့၊ အေးသော ချိုးရေကို စီရင်ရမည်။
ရေပူအလိုရှိငြားအံ့၊ ပူသော ချိုးရေကို စီရင်ရမည်။
(နိဿရည်း) ဆရာသည် ဇရုံးအိမ်သို့ ဝင်လိုသည် ဖြစ်အံ့၊ ကသယ်မှုန့်ကို ရေဖြင့် လုံးရမည်၊ မြေညက်ကို ရေဖြင့် ဆွတ်ရမည်၊ ဇရုံးအိမ် အင်းပျဉ်ကို ယူ၍ (နိဿရည်း) ဆရာ၏ နောက်မှနောက်မှ လိုက်လျက် ဇရုံးအိမ် အင်းပျဉ်ကို ပေးပြီးလျှင် သင်္ကန်းကို လှမ်းယူကာ သင့်ရာအရပ်၌ ထားရမည်၊ ကသယ်မှုန့်ကို ပေးရမည်၊ မြေညက်ကို ပေးရမည်။
စွမ်းနိုင်လျှင် ဇရုံးအိမ်သို့ ဝင်ရမည်၊
ဇရုံးအိမ်သို့ ဝင်သော ရဟန်းသည် ရေဆွတ်သော မြေညက်မှုန့်ဖြင့် မျက်နှာကို လိမ်းကျံ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း (ရေသနုပ်ဖြင့်) ဖုံးလွှမ်းကာ ဇရုံးအိမ်သို့ ဝင်ရမည်၊
သီတင်းကြီးဖြစ်သော ရဟန်း တို့ကို တိုးဝှေ့၍ မနေထိုင်ရ၊
သီတင်းငယ်ဖြစ်သော ရဟန်းတို့ကိုလည်း နေရာ၌ နေခြင်းကို မတားမြစ်ရ၊
ဇရုံးအိမ်၌ (နိဿရည်း) ဆရာအတွက် (မီးညှိခြင်းစသော) အမှုခပ်သိမ်းကို ပြုရမည်၊
ဇရုံးအိမ်မှ ထွက့်သော ရဟန်းသည် ဇရုံးအိမ်အင်းပျဉ်ကို ယူ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း (ရေသနုပ်ဖြင့်) ဖုံးလွှမ်းလျက် ဇရုံးအိမ်မှ ထွက်ရမည်။
ရေချိုးရာ၌လည်း (နိဿရည်း) ဆရာအတွက် (ကြေးတွန်းခြင်းစသော) အမှုခပ်သိမ်းကို ပြုရမည်၊
ရေချိုးပြီးသော ရဟန်းသည် (နိဿရည်း) ဆရာ၏ ရှေးဦးစွာ တက်၍ မိမိကိုယ်ကို ရေစင်အောင်ပြုကာ (သင်းပိုင်ကို) ဝတ်လျက် (နိဿရည်း) ဆရာ၏ ကိုယ်မှ ရေကို သုတ်ရမည်၊ သင်းပိုင်ကို ပေးရမည်၊ ကိုယ်ဝတ်ဒုကုဋ်ကို ပေးရမည်၊ ဇရုံးအိမ် အင်းပျဉ်ကို ယူခဲ့ပြီးလျှင် ရှေးဦးစွာ လာ၍ နေရာကို ခင်းရမည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို အနီး၌ ထားရမည်၊
(နိဿရည်း) ဆရာကိုသောက် ရေဖြင့် (အလိုရှိပါသလောဟု) မေးလျှောက်ရမည်၊
သင်ကြားစေလိုသည် ဖြစ်အံ့၊ သင်ကြားရမည်။
အဖန် ဖန် မေးမြန်းစေလိုသည် ဖြစ်အံ့၊ အဖန်ဖန် မေးမြန်းရမည်။
(နိဿရည်း) ဆရာနေသော ကျောင်းသည် အမှိုက်ရှိအံ့၊ စွမ်းနိုင်ပါမူ သုတ်သင် ရှင်းလင်းရမည်၊
ကျောင်းကို သုတ်သင်လိုသော ရဟန်းသည် ရှေးဦးစွာ သပိတ်သင်္ကန်းကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊
နိသီဒိုင် အိပ်ရာခင်းကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊
ဘုံလျှိုခေါင်းအုံးကို ထုတ်ဆောင်၍ သင့်ရာ အရပ်၌ ထားရမည်၊
ညောင်စောင်းကို ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊
အင်းပျဉ်ကို ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊
ညောင် စောင်းခြေတို့ကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊
ထွေးခံကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊
မှီရာ တံကဲပျဉ်ကို ထုတ်ဆောင်၍ သင့်ရာ အရပ်၌ ထားရမည်၊
မြေအခင်းကို ခင်းမြဲနေရာကို မှတ်လျက် ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊
အကယ်၍ ကျောင်း၌ ပိုးအိမ်ပင့်ကူမျှင် ရှိအံ့၊ ဗိတာန် မျက်နှာကြက်မှ ရှေးဦးစွာ ဖယ်ရှားရမည်၊ လေသွန်တံခါးနှင့် ထောင့်တို့ကို ပွတ်တိုက်ရမည်၊
ဂွေ့နီဖြင့် အပြေအပြစ်ပြုသော နံရံသည် မှိုတက်အံ့၊ ပုဆိုးကြမ်းကို ရေဆွတ်၍ ညှစ်ပြီးလျှင် သုတ်ရမည်။
မည်းသော အဆင်းဖြင့် အပြေအပြစ်ပြုသော မြေသည် မှိုတက်အံ့၊ ပုဆိုးကြမ်းကို ရေဆွတ်၍ ညှစ်ပြီးလျှင် သုတ်ရမည်။
အပြေအပြစ်မပြုသော မြေဖြစ်အံ့၊ ရေဖျန်း၍ ''ကျောင်းကို မြူမတက်စေလင့်''ဟု (နှလုံး ထား၍) တံမြက်လှည်းရမည်၊
တံမြက်ချေးကို စုရုံး၍ သင့်ရာအရပ်၌ စွန့်ပစ်ရမည်။
မြေအခင်းကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ခင်းထားမြဲအတိုင်း ပြန်၍ ခင်းထားရမည်၊
ညောင် စောင်းခြေတို့ကို နေလှန်းသုတ်သင်ပြီးလျှင် ထားမြဲအတိုင်း နေရာ၌ ပြန်၍ ခင်းထားရမည်၊
ညောင်စောင်း ကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ရိုရိုသေသေကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ထားမြဲတိုင်း နေရာ၌ ပြန်၍ ခင်းထားရမည်၊
အင်းပျဉ်ကို နေလှန်း သုတ်သင်ပြီးလျှင် ခါ၍ ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ခင်းထားမြဲတိုင်း ပြန်၍ ခင်းထားရမည်၊
ဘုံလျှို ခေါင်းအုံးကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ခင်းထားမြဲတိုင်း ပြန်၍ ခင်းထားရမည်၊
နိသီဒိုင်အိပ်ရာ ခင်းကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ခင်းထားမြဲတိုင်း ပြန်၍ ခင်းထားရမည်၊
ထွေးခံကို နေလှန်း ပွတ် တိုက်၍ ထားမြဲတိုင်း နေရာ၌ ပြန်၍ ထားရမည်၊
မှီရာတံကဲပျဉ်ကို နေလှန်းပွတ်တိုက်၍ ထားမြဲတိုင်း နေရာ၌ ပြန်၍ ထားရမည်၊
သပိတ်သင်္ကန်းကို ထားရမည်၊
သပိတ်ကို ထားလိုသော ရဟန်းသည် လက် တစ်ဖက်ဖြင့် သပိတ်ကို ကိုင်၍ လက်တစ်ဖက်ဖြင့် ညောင်စောင်းအောက်ကိုသော်လည်းကောင်း၊ အင်းပျဉ် အောက်ကိုသော်လည်းကောင်း သုံးသပ်၍ ထားရမည်၊
အခင်းမရှိသော မြေ၌ သပိတ်ကို မထားရ။
သင်္ကန်းကို ထားလိုသော် လက်တစ်ဖက်ဖြင့် သင်္ကန်းကို ကိုင်၍ လက်တစ်ဖက်ဖြင့် သင်္ကန်းတန်း သင်္ကန်း ကြိုးကို ပွတ်သပ်၍ ထိုမှာဖက်၌ အစွန်း ဤမှာဖက်၌ အခွေ 'အခေါက်' ပြုလျက် သင်္ကန်းကို ထားရမည်။
အရှေ့အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ အရှေ့မျက်နှာ လေသွန်တံခါးတို့ကို့ပိတ်ရမည်။
အနောက်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ အနောက်မျက်နှာ လေသွန် တံခါးတို့ကို ပိတ်ရမည်။
မြောက်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ မြောက်မျက်နှာ လေသွန်တံခါးတို့ကို ပိတ်ရမည်။
တောင်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ တောင်မျက် နှာ လေသွန်တံခါးတို့ကို ပိတ်ရမည်။
အေးသောအခါ ဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ဖွင့်ထားရ မည်၊ ညဉ့်အခါ၌ ပိတ်ထားရမည်။
ပူအိုက်သော အခါဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ပိတ်ထား ရမည်၊ ညဉ့်အခါ၌ ဖွင့်ထားရမည်။
ပရိဝုဏ်သည် အမှိုက်ရှိသည် ဖြစ်အံ့၊ ပရိဝုဏ်ကို တံမြက်လှည်းရမည်။
ရေချိုးအုံသည် အမှိုက် ရှိသည် ဖြစ်အံ့၊ ရေချိုးအုံကို တံမြက်လှည်းရမည်။
စည်းဝေးရာ ဇရပ်သည် အမှိုက်ရှိသည် ဖြစ်အံ့၊ စည်းဝေးရာ ဇရပ်ကို တံမြက်လှည်းရမည်။
မီးတင်းကုပ်သည် အမှိုက်ရှိသည် ဖြစ်အံ့၊ မီးတင်းကုပ်ကို တံမြက်လှည်းရမည်။
ကျင်ကြီးအိမ်သည် အမှိုက်ရှိသည် ဖြစ်အံ့၊ ကျင်ကြီးအိမ်ကို တံမြက်လှည်းရမည်။
သောက်ရေ မရှိအံ့၊သောက်ရေကို တည်ထားရမည်။
သုံးရေ မရှိအံ့၊ သုံးရေကို တည်ထားရမည်။
သန့် သက်ရေအိုး၌ ရေမရှိသည် ဖြစ်အံ့၊ သန့်သက်ရေအိုး၌ ရေလောင်းထည့်ရမည်။
(နိဿရည်း) ဆရာ မမွေ့လျော်ခြင်း ဖြစ်ငြားအံ့၊ အနီးနေတပည့်သည် (ကိုယ်တိုင်) အရပ်တစ်ပါးသို့ ခေါ်ဆောင် သွားရမည်၊ (သူတစ်ပါးကိုသော်လည်း) ခေါ်ဆောင် သွားစေရမည်၊ ထို (နိဿရည်း) ဆရာ အား တရားစကားကိုမူလည်း ဟောပြောရမည်။
(နိဿရည်း) ဆရာအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်အံ့၊ အနီးနေတပည့်သည် ပယ်ဖျောက်ရမည်၊ (သူတစ်ပါးကိုသော်လည်း) ပယ်ဖျောက်စေရမည်၊ ထို (နိဿရည်း) ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။
(နိဿရည်း) ဆရာ မှားသောအယူ ယူငြားအံ့၊ အနီးနေတပည့်သည် ဖြေရှင်းရမည်၊ (သူတစ်ပါးကိုသော်လည်း ဖြေရှင်းစေရမည်၊ ထို (နိဿရည်း) ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။
(နိဿရည်း) ဆရာသည် ဂရုက အာပတ်သို့ ရောက်သည်ဖြစ်၍ ပရိဝါသ်နေခြင်းငှါ ထိုက်ငြားအံ့၊ အနီးနေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် (နိဿရည်း) ဆရာအား ပရိဝါသ်ကို ပေးပါအံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။
(နိဿရည်း) ဆရာသည် အရင်းသို့ ပြန်၍ ငင်ထိုက်သည် ဖြစ်အံ့၊ အနီးနေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် (နိဿရည်း) ဆရာကို အရင်းသို့ ပြန်၍ ငင်ပါအံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။
(နိဿရည်း) ဆရာသည် မာနတ် ကျင့်ထိုက်သည် ဖြစ်အံ့၊ အနီးနေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် (နိဿရည်း) ဆရာအား မာနတ်ကို ပေးပါအံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။
(နိဿရည်း) ဆရာသည် အဗ္ဘာန်ထိုက်သည်ဖြစ်အံ့၊ အနီးနေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် (နိဿရည်း) ဆရာကို အဗ္ဘာန်သွင်းပါအံ့ နည်း''ဟုကြောင့်ကြစိုက်ရမည်။
သံဃာသည် (နိဿရည်း) ဆရာအား ခြိမ်းချောက်မှု 'တဇ္ဇနီယ' ကံကိုသော်လည်းကောင်း၊ (နိဿရည်း) ဆရာနှင့် နေစေမှု 'နိယဿ' ကံကိုသော်လည်းကောင်း၊ နှင်ထုတ်မှု 'ပဗ္ဗာဇနီယ' ကံကိုသော်လည်းကောင်း၊ ဝန်ချတောင်းပန်စေမှု 'ပဋိသာရဏီယ' ကံသော်လည်းကောင်း၊ ပယ်ထား မှု 'ဥက္ခေပနီယ' ကံကိုသော်လည်းကောင်း ပြုလိုသည်ဖြစ်အံ့၊ အနီးနေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် (နိဿရည်း) ဆရာအား ကံမပြုဘဲ ရှိပါအံ့နည်း၊ အဘယ်သို့လျှင် အပြစ်ပေါ့စေရပါအံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။
သံဃာသည် ထို (နိဿရည်း) ဆရာအား ခြိမ်းချောက်မှု 'တဇ္ဇနီယ' ကံကိုသော်လည်းကောင်း၊ (နိဿရည်း) ဆရာနှင့်နေစေမှု 'နိယဿ' ကံကိုသော်လည်းကောင်း၊ နှင်ထုတ်မှု 'ပဗ္ဗာဇနီယ' ကံကိုသော်လည်းကောင်း၊ ဝန်ချတောင်းပန်စေမှု 'ပဋိသာရဏီယ' ကံကိုသော်လည်းကောင်း၊ ပယ်ထားမှု 'ဥက္ခေပနီယ' ကံကိုသော်လည်းကောင်း ပြုပြီးသည် ဖြစ်အံ့၊ အနီးနေတပည့်သည် ''အဘယ်သို့လျှင် (နိဿရည်း) ဆရာသည် ကောင်းစွာ ကျင့်ပါအံ့နည်း၊ မာန်တည်းဟူသော အမွေးကို 'အမျက်ဒေါသကို' ချပါ အံ့နည်း၊ ဒဏ်မှ ထွက်မြောက်အံ့သော အကျင့်ကို ကျင့်ပါအံ့နည်း၊ သံဃာသည် ထိုကံကို ငြိမ်းစေပါအံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။
(နိဿရည်း) ဆရာ၏ သင်္ကန်းသည် ဖွပ်လျှော်သင့်သည် ဖြစ်အံ့၊ အနီးနေတပည့်သည် ဖွပ်လျှော်ရ မည်၊ ''အဘယ်သို့လျှင် (နိဿရည်း) ဆရာ၏ သင်္ကန်းကို ဖွပ်လျှော်ရပါအံ့နည်း''ဟုကြောင့်ကြသော်လည်းစိုက်ရမည်။
(နိဿရည်း) ဆရာ၏ သင်္ကန်းသည် ချုပ်သင့်သည် ဖြစ်အံ့၊ အနီးနေတပည့်သည် ချုပ်ရ မည်၊ ''အဘယ်သို့လျှင် (နိဿရည်း) ဆရာ၏ သင်္ကန်းကို ချုပ်ရပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရမည်။
(နိဿရည်း) ဆရာအတွက် ဆိုးရည်ကျိုသင့်သည် ဖြစ်အံ့၊ အနီးနေတပည့်သည် ကျိုရမည်၊ ''အဘယ်သို့လျှင် (နိဿရည်း) ဆရာအတွက် ဆိုးရည်ကို ကျိုရပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရမည်။
(နိဿရည်း) ဆရာ၏ သင်္ကန်းသည် ဆိုးသင့်သည် ဖြစ်အံ့၊ အနီးနေတပည့်သည် ဆိုးရမည်၊ ''အဘယ်သို့လျှင် (နိဿရည်း) ဆရာ၏ သင်္ကန်းကို ဆိုးရပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရမည်။
သင်္ကန်းဆိုးသော ရဟန်းသည် ကောင်းစွာ အပြန်ပြန် အလှန်လှန် ဆိုးရမည်၊ ဆိုးရည်ပေါက် မပြတ်စဲမီ ဖဲမသွားရ။
(နိဿရည်း) ဆရာကို မပန်ကြားဘဲ အချို့သူအား သပိတ်မပေးရ၊ အချို့သူ၏ သပိတ်ကိုလည်း မယူရ၊
အချို့သူအား သင်္ကန်းကို မပေးရ၊
အချို့သူ၏ သင်္ကန်းကိုလည်း မယူရ၊
အချို့သူအား ပရိက္ခရာ 'အသုံးအဆောင်' ကို မပေးရ၊
အချို့သူ၏ ပရိက္ခရာ 'အသုံးအဆောင်' ကိုလည်း မယူရ၊
အချို့သူ၏ ဆံပင် တို့ကို မရိတ်ဖြတ်ရ၊
အချို့သူအား မိမိ၏ ဆံပင်တို့ကို မရိတ်ဖြတ်စေရ၊
အချို့သူ၏ အမှုခပ်သိမ်းကို မပြု ရ၊
အချို့သူအား (ချေးတွန်းခြင်းစသော) အမှုခပ်သိမ်းကို မပြုစေရ၊
အချို့သူ၏ အမှုကြီးငယ်ကို မပြုရ၊
အချို့သူအား မိမိအမှုကြီးငယ်ကို မပြုစေရ၊
အချို့သူ၏ နောက်လိုက် ရဟန်း မဖြစ်ရ၊
အချို့သူကို နောက် လိုက်ရဟန်း မလုပ်ရ၊
အချို့သူ၏ ဆွမ်းကို မဆောင်ရ၊
အချို့သူအား မိမိဆွမ်းကို မဆောင်စေရ၊
(နိဿရည်း) ဆရာကို မပန်ကြားဘဲ ရွာတွင်းသို့ မဝင်ရ၊ သုသာန်သို့ မသွားရ၊ အရပ်တစ်ပါးသို့ ဖဲမသွား ရ၊
(နိဿရည်း) ဆရာသည် နာဖျားသည် ဖြစ်အံ့၊ အသက်ရှည်သမျှ ကာလပတ်လုံး လုပ်ကျွေးရမည်၊ ထို (နိဿရည်း) ဆရာ၏ အနာပျောက်သည်တိုင်အောင် ဆိုင်းငံ့ရမည်ဟု (မိန့်တော်မူ၏)။
(နိဿရည်း) ဆရာ၌ ပြုရန် ကျင့်ဝတ် ပြီး၏။ ၁။ ပုဆစ်ဒူးဝန်းနှစ်ဖက်နှင့် ချက်ကို အဝန်းသုံးပါးဟု ဆိုသည်။