"နိဿိတဿ စလိတံ (လ) ဧသေဝန္တော ဒုက္ခဿာ"တိ၊ ဒုက္ခဿဟူသော။
နိဿိတဿ၊ ရူပါရုံ သဒ္ဒါရုံစသော သင်္ခါရတရားတို့၏ တဏှာဒိဋ္ဌိတို့ဖြင့် မှီသောသူအား။
ဝါ၊ သူ၏သန္တာန်၌။
စလိတံ၊ ငါကောင် အနေငါ့ဟာအနေဖြင့် တုန်လှုပ်ခြင်း ဖြစ်၏။
အနိဿိတဿ၊ ရူပါရုံ သဒ္ဒါရုံစသော သင်္ခါရတို့ကို ငါဟူ၍လည်းကောင်း, ငါ့ဥစ္စာဟု၍လည်းကောင်း အထင်အမြင်လွဲကာ မမှီသောသူအား။
ဝါ၊ သူ၏သန္တာန်၌။
စလိတံ၊ ငါ ငါ့ဥစ္စာဟု ချွတ်ယွင်းသောအားဖြင့် အဆိုပါ တုန်လှုပ်မှုသည်။
နိဿိတဿ စလိတံ အနိဿိတဿ စလိတံ နတ္ထိ
လူသားတစ်ဦးတစ်ယောက်သည် နိုးသည်နှင့် တစ်ပြိုင်နက် အိပ်ခန်းရှိနာရီကို မြင်တယ်ဆိုပါတော့၊မြင်လျှင် ငါဝယ်ထားတဲ့နာရီ, ငါ့နာရီဟု တဏှာ စွဲအားဖြင့်စွဲလမ်းမည်။ထိုစွဲလမ်းခြင်းသည် ထိုသူ၏စိတ်အစဉ် တုန်လှုပ်ခြင်းပင်တည်း။
နာရီကိုကြည့်ပြီး ငါမြင်တယ်ဟု ယူဆလျှင် ဒိဋ္ဌိစွဲအားဖြင့် တုန်လှုပ်ခြင်း တစ်မျိုးပင်။စင်စစ် မြင်တာ,မြင်ရတာဟာ ငါမဟုတ်၊စက္ခု ဝိညာဉ်က မြင်ခြင်းသာ။ငါ့နာရီ ငါဝယ်ထားတဲ့နာရီဟု မှတ်မိတာ ငါ နာရီကို မှတ်မိတယ်ဟု ယူဆလျှင်လည်း ဒိဋ္ဌိစွဲအားဖြင့် တုန်လှုပ်ခြင်း တစ်မျိုးပင်။မှတ်မိကာ မှတ်တာဟာ ငါမဟုတ်၊သညာက မှတ်မိခြင်းသာ ဖြစ်သည်။သညာက မှတ်မိတာကိုပင် ငါက မှတ်မိတယ်ဟုထင်ခြင်း ယူဆခြင်းတည်း။ချွတ်ချော်လွဲမှားသော ယူဆခြင်း ဖြစ်၍ ဒါလည်း စလိတ-တုန်လှုပ်ခြင်းတစ်မျိုးပင်။အကယ်၍ ဒိဋ္ဌေ ဒိဋ္ဌမတ္တံနှင့်အညီ မြင်လျှင် မြင်ရသော ရူပါရုံ၌ ရပ်ထားလျှင် တုန်လှုပ်သည် မဆိုနိုင်။အဆင်းသည် ပရမတ္ထအားဖြင့် တကယ်မရှိသော အရှိတရားတည်း။ထိုအရှိတရားကို အရှိတရား-အတိုင်း မြင်သိရုံဖြင့် တဏှာစွဲ ဒိဋ္ဌိစွဲ ဘာစွဲမျှမဖြစ်သည့်အတွက် တုန်လှုပ်သည် မဆိုအပ်။အရှိကို အရှိအတိုင်း သိမြင်ခြင်းဖြစ်၍ တုန်လှုပ်မှု မရှိပေ။မှန်၏၊သီလဝိသုဒ္ဓိစသော ဝိသုဒ္ဓိကျင့်စဉ်အတိုင်း ကျင့်၍ သမထဝိပဿနာ တို့ဖြင့် တဏှာစွဲ ဒိဋ္ဌိစွဲကို ပယ်ခွာကာ ထိုမြင်ရသောအဆင်း ဟူသော သင်္ခါရ,မျက်စိဟူသောသင်္ခါရ, မျက်စိနှင့်အဆင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောစိတ် စေတသိက်ဟူသော သင်္ခါရတို့ကို အနိစ္စစသည်ဖြင့် ရှုခဲ့သော် တုန်လှုပ်မှု ဘယ်နည်းနှင့်မျှ မရှိနိုင်ပေ။
အသတိ၊ မရှိလတ်သော်။
ပဿဒ္ဓိ၊ ကိလေသာတို့၏ ငြိမ်းကြောင်းဟူသော ကာယပဿဒ္ဓိ,စိတ္တပဿဒ္ဓိ နှစ်ပါးသည်။
ဟောတိ၊ ၏။
ပဿဒ္ဓိယာ၊ ရှေ့နှင့်နောက် ထူးထူးခြားခြားယှဉ်သော ပဿဒ္ဓိနှစ်ပါးသည်။
သတိ၊ ရှိလတ်သော်။
နတိ၊ နတိဟု ရအပ်သောအမည်ရှိသော တဏှာသည်။
န ဟောတိ၊ အရဟတ္တမဂ်ခဏ၌ မဖြစ်တော့(ပေါ်မလာ သည်၏အဖြစ်သို့ ရောက်ခြင်းကြောင့် မဖြစ်တော့ဟူလို)။
နတိယာ၊ သည်။
အသတိ၊ မရှိလတ်သော်။
စလိတေ အသတိ ပဿဒ္ဓိ။ ။ အရှိကို အရှိအတိုင်း သိ၍ တဏှာစွဲ ဒိဋ္ဌိစွဲဖြင့် တုန်လှုပ်မှုမရှိလျှင် ကိုယ်ရောစိတ်ပါ နှစ်ဖြာငြိမ်းအေး၏။မှန်၏၊ဝိပဿနာစိတ်နှင့်တကွ ဖြစ်ကုန်သော ကိုယ်နှင့်စိတ်တို့သည် ရှိကုန်၏။ထိုကိုယ်စိတ်နှစ်ပါးတို့၏ ဘေးအန္တရာယ်ကို ပြုတတ်သော ကိလေသာတွေ ချုပ်ငြိမ်းကုန်အံ့။ကိုယ်ငြိမ်း-ချမ်းခြင်း စိတ်၏ငြိမ်းချမ်းခြင်းနှစ်မျိုးလုံး မဖြစ်မရှိ၊ဖြစ်ကြသည်သာ။
ပဿဒ္ဓိယာ သတိ နတိ နဟောတိ
ရှေ့နှင့်နောက် အထူးစက်ဆပ်သော ပဿာဒ္ဓိဖြစ်လတ်သော် အပြစ်မဲ့သော သုခ၏တည်ရာ သမာဓိတိုးပွားခြင်း, ထိုသမာဓိကို ဝိပဿနာပညာဖြင့် ညီမျှအောင် ပြုပေးခြင်းကြောင့် သမထနှင့်ဝိပဿနာအတွဲ ညီမျှစွာ ဖြစ်ကာ မဂ်အဆင့်ဆင့်ဖြင့် ကိလေသာတို့ကို ကုန်စင်စေသဖြင့် ကာမ ရူပ အရူပတို့၌ ညွတ်တတ်ကြောင်း နတိဟုခေါ်အပ်သော တဏှာသည် အရဟတ္တမဂ်ခဏ၌ တစ်ခုမကျန် မျိုးပြုတ်လေ၏။ဤနတိခေါ် တဏှာမျိုးပြုတ်ခြင်းသည် သဥပါဒိ သေသနိဗ္ဗာန်တည်း။
နာတိယာ အသတိ အာဂတိ ဂတိ န ဟောတိ
အရဟတ္တမဂ်ဖြင့် တဏှာကို ပယ်ပြီးသောကြောင့် ဘဝသုံးပါးသို့ ရောက်ရှိရန် တွယ်တာနှစ်သက်ခြင်း နတိသည် ပရိယုဋ္ဌာန်အနေဖြင့် မဖြစ်ခဲ့သော် တခြားဘဝမှ ဤဘဝသို့ လာရောက်ခြင်း အာဂတိ,ဤဘဝမှ တခြားဘဝသို့ သွားရောက်ခြင်း ဂတိ မရှိနိုင် မဖြစ်နိုင်တော့ပေ။
စုတူပပါတော၊ အကြိမ်ကြိမ်စုတေခြင်း အကြိမ်ကြိမ်ဘဝတစ်ခုခု၌ ကပ်ရောက်ရခြင်းသည်။
န ဟောတိ၊ မဖြစ်တော့ပေ။
အာဂတိ ဂတိယာ အသတိ စုတူပပါတော န ဟောတိ
ပြဆိုခဲ့သည့်အတိုင်း အာဂတိ ဂတိနှစ်မျိုးလုံး မရှိခဲ့သော် အဖန်ဖန် စုတေသေရခြင်း, အဖန်ဖန်ဘဝတို့၌ ကပ်ရောက် ပဋိသန္ဓေနေရခြင်း မဖြစ်တော့ပေ။
စုတုပပါတေ အသတိ နေဝိဓ န ဟုရံ ဥဘယမန္တရေန
နတိ-ဟူသော တဏှာကိလေသဝဋ် မရှိလျှင် သင်္ခါရကမ္မဘဝခေါ် ကမ္မဝဋ်လည်း ပြတ်စဲတော့၏။ကမ္မဝဋ်ပြတ်လျှင် ပဋိသန္ဓေဝိပါက်ဝိညာဉ် ပဝတ္တိ ပဉ္စဝိညာဉ် ကဋတ္တာရုပ်ဟူသော ဝိပါကဝဋ်လည်း မဖြစ်နိုင်တော့ပေ။ယင်းသို့ ဝဋ်သုံးပါးချုပ်ငြိမ်းလျှင် သင်သည် ဤလူ့ဘုံ၌လည်း သင် မရှိ။အခြားသော နတ်ဘုံစသည်၌လည်း သင်မရှိ။ထိုဘုံနှစ်ပါးလုံး၌ သင် မရှိတော့ပေ။တစ်နည်း စက္ခုစသော အတွင်းအာယတနခြောက်ပါး၌လည်း သင် မရှိ။ရူပါရုံစသော အပြင်အာယတနတို့၌လည်း သင် မရှိ။ထိုနှစ်မျိုးကို ကြဉ်၍ စက္ခုဝိညာဉ်စသော ဝိညာဉ် ၆-မျိုး၌လည်း သင် မရှိတော့ပေ။ဤသို့ ဘဝထိုထိုတို့၌ သင် မရှိခြင်းသဘော၊အာယတနနှစ်မျိုးနှင့် ဝိညာဉ် ၆-ပါးတို့၌ သင် မရှိခြင်းသဘောသည်ပင် အနုပါဒိသေသနိဗ္ဗာန်တည်း။