Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

9. Senāvāsasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၃၁၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပြုဖွယ်ကိစ္စရှိ၍ စစ်တပ်ထဲသို့ သွားပြီးလျှင် သုံးညဉ့်ထက်အလွန် စစ်တပ်ထဲ၌ နေကုန်၏။
လူတို့သည် အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် စစ်တပ်ထဲ၌ နေကုန်ဘိသနည်း၊ အကြင် ငါတို့သည် အသက်မွေးမှုဟူသော အကြောင်းကြောင့် သားမယား (မွေးမှု)ဟူသော အကြောင်းကြောင့် စစ်တပ်ထဲ၌ နေရကုန်၏။ ထိုငါတို့အားလည်း လူ့အဖြစ်ကို အရ တော်သည် မဟုတ်၊ ထိုငါတို့သည် လူ့အဖြစ်ကို မကောင်းသဖြင့် ရအပ်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သုံးညဉ့်ထက် အလွန် စစ်တပ်ထဲ၌ နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် သုံးညဉ့်ထက်အလွန် စစ်တပ်ထဲ၌ နေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် သုံးညဉ့်ထက်အလွန် စစ်တပ်ထဲ၌ နေကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၁၈။ ''ထိုရဟန်းအား စစ်တပ်သို့ သွားခြင်းငှါ အကြောင်းတစ်စုံတစ်ရာ ရှိငြားအံ့၊ ထိုရဟန်းသည် နှစ်ညဉ့်သုံးညဉ့်တို့ပတ်လုံး စစ်တပ်၌ နေအပ်၏၊
ထိုနှစ်ညဉ့် သုံးညဉ့်ထက် အလွန်နေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' (ဤသို့ပြကြကုန်လော့ဟု မိန့်တော် မူ၏)။
၃၁၉။ ထိုရဟန်းအား စစ်တပ်သို့သွားခြင်းငှါ အကြောင်းတစ်စုံတစ်ရာ ရှိငြားအံ့ဟူသည် အကြောင်းသည် ရှိငြားအံ့၊ ပြုဖွယ်ကိစ္စသည် ရှိငြားအံ့။
ထိုရဟန်းသည် နှစ်ညဉ့် သုံးညဉ့်တို့ပတ်လုံး စစ်တပ်၌ နေအပ်၏ဟူသည် နှစ်ညဉ့် သုံးညဉ့်တို့ ပတ်လုံး နေနိုင်၏။
ထိုနှစ်ညဉ့် သုံးညဉ့်ထက်အလွန် နေငြားအံ့ဟူသည် လေးရက်မြောက်သော နေ့၌ နေဝင်သည့် တိုင်အောင် စစ်တပ်၌ နေအံ့၊ ပါစိတ်အာပတ် သင့်၏။
၃၂၀။ သုံးညဉ့်လွန်ရာ၌ သုံးညဉ့်လွန်၏ဟု အမှတ်ရှိသည်ဖြစ်၍ စစ်တပ်၌ နေအံ့၊ ပါစိတ်အာပတ် သင့်၏။
သုံးညဉ့်လွန်ရာ၌ ယုံမှားရှိသည်ဖြစ်၍ စစ်တပ်၌ နေအံ့၊ ပါစိတ်အာပတ် သင့်၏။
သုံးညဉ့်လွန်ရာ၌ ယုတ်လျော့၏ဟု အမှတ်ရှိသည်ဖြစ်၍ စစ်တပ်၌ နေအံ့၊ ပါစိတ်အာပတ် သင့်၏။
သုံးညဉ့်အောက် ယုတ်ရာ၌ လွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သုံးညဉ့်အောက် ယုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သုံးညဉ့်အောက် ယုတ်ရာ၌ ယုတ်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၂၁။ နှစ်ညဉ့် သုံးညဉ့်တို့ပတ်လုံး နေအံ့၊ နှစ်ညဉ့် သုံးညဉ့်အောက်ယုတ်လျော့၍ နေအံ့၊ နှစ်ညဉ့် နေပြီး၍ တတိယညဉ့်၌ အရုဏ်မတက်မီ ထွက်၍ တစ်ဖန် နေအံ့၊ နာဖျား၍ နေအံ့၊ သူနာ၏ ပြုဖွယ် ကိစ္စကြောင့် နေအံ့၊ မိမိနေသော စစ်တပ်ကိုမူလည်း အခြားသော စစ်တပ်က ဝိုင်းထားအံ့၊ တစ်စုံ တစ်ရာသော ဘေးရန်သည် နှောင့်ယှက်အံ့၊ ဘေးရန်ရှိသောကြောင့် နေအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ သေနာဝါသသိက္ခာပုဒ် ပြီး၏။