Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

4. Padasodhammasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝထ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပါသကာတို့အား တရားကိုပုဒ်ပြိုင် ပို့ချကုန်၏၊
ဥပါသကာတို့သည် ရဟန်းတို့၌ မရိုသေကုန်၊ မတုတ်ဝပ်ကုန်၊ တူသော အသက်မွေးခြင်းမရှိကုန်သည် ဖြစ်၍ နေကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပါသကာတို့အား တရားကိုပုဒ်ပြိုင် ပို့ချကုန်ဘိသနည်း၊ ဥပါသကာတို့သည် ရဟန်းတို့၌ မရိုသေကုန်၊ မတုတ်ဝပ်ကုန်၊ တူသောအသက်မွေးခြင်းမရှိကုန်သည် ဖြစ်၍ နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ဥပါသကာတို့အားတရားကို ပုဒ်ပြိုင် ပို့ချကုန်၏၊
ဥပါသကာတို့သည် ရဟန်းတို့၌ မရိုသေကုန်၊ မတုတ်ဝပ်ကုန်၊ တူသောအသက်မွေးခြင်းမရှိကုန်သည် ဖြစ်၍ နေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ သင်တို့သည် ဥပါသကာတို့အား တရားကို ပုဒ်ပြိုင် အဘယ့်ကြောင့် ပို့ချကုန်ဘိသနည်း၊
ဥပါသကာတို့သည်လည်း ရဟန်းတို့၌ မရိုသေကုန်၊ မတုပ်ဝပ်ကုန်၊ တူသော အသက်မွေးခြင်းမရှိကုန်သည်ဖြစ်၍ နေကြကုန်၏။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည်မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၅။ ''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား တရားကို ပုဒ်ပြိုင် ပို့ချ ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍အလိုရှိအပ်၏။
ရဟန်းမဟုတ်သောသူ မည်သည် ရဟန်းယောက်ျား ရဟန်းမိန်းမကို ချန်ထား၍ ကြွင်းကျန်သောသူသည် ရဟန်းမဟုတ်သောသူ မည်၏။
ပုဒ်ပြိုင် မည်သည် ပုဒ်ပြိုင်၊ နောက်ပုဒ်ပြိုင်၊ အက္ခရာတစ်လုံးချင်းပြိုင်၊ သဒ္ဒါအပေါင်းပြိုင်တည်း။
ပုဒ်ပြိုင် မည်သည် တစ်ပြိုင်နက် ရွတ်ဆို၍ တစ်ပြိုင်နက် ပြီးဆုံးစေ၏ 'အချီအချ ပြိုင်တူကျ၏'။
နောက်ပုဒ်ပြိုင် မည်သည် အသီးအခြား ရွတ်ဆိုပြီးမှ တစ်ပြိုင်နက် ပြီးဆုံးစေ၏ 'အချီမမျှ ပြိုင်တူချ၏'။
အက္ခရာတစ်လုံးချင်းပြိုင် မည်သည် ''ရူပံ အနိစ္စံ''ဟူ၍ ဆိုသောအခါ ရူဟူ၍ အကြား၌ ကျစေ၏ 'ရူအက္ခရာတစ်လုံးသာ သံပြိုင်ရွတ်ဆို၏'။
သဒ္ဒါအပေါင်းပြိုင် မည်သည် (ဆရာက) 'ရူပံ အနိစ္စံ'ဟူ၍ ဆိုစဉ် (လူူသာမဏေက) 'ဝေဒနာ အနိစ္စာ'ဟူ၍ အသံမြွက်ဆို၏ 'အနိစ္စပုဒ်ချင်း ပြိုင်တူ ကျ၏'။
အကြင် ပုဒ်ပြိုင်သည်လည်းကောင်း၊ နောက်ပုဒ်ပြိုင်သည်လည်းကောင်း၊ အက္ခရာတစ်လုံးချင်းပြိုင်သည်လည်းကောင်း၊ သဒ္ဒါအပေါင်းပြိုင်သည်လည်းကောင်း ရှိ၏၊ ဤအလုံးစုံသည် ပုဒ်ပြိုင် မည်၏။
တရား မည်သည် ဘုရားဟောတရား သာဝကဟောတရား ရသေ့ဟောတရား နတ်ဟောတရားအဋ္ဌကထာနှင့်စပ်သောတရား ပါဠိတော်နှင့်စပ်သော တရားတည်း။
ပို့ချငြားအံ့ဟူသည် ပုဒ်ဖြင့် ပို့ချအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။
အက္ခရာဖြင့် ပို့ချအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။
၄၇။ ရဟန်းမဟုတ်သူကို ရဟန်းမဟုတ်သူဟု အမှတ်ရှိသည်ဖြစ်၍ တရားကို ပုဒ်ပြိုင် ပို့ချအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူကို ယုံမှားရှိလျက် တရားကို ပုဒ်ပြိုင် ပို့ချအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူူကို ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ တရားကို ပုဒ်ပြိုင် ပို့ချအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းကို ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းကို ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းကို ရဟန်းဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၄၈။ (လူ သာမဏေနှင့်) တစ်ပြိုင်နက် ပါဠိသင်ယူအံ့၊ အာပတ် မသင့်။ (လူ သာမဏေနှင့်) တစ်ပြိုင်နက် သရဇ္ဈာယ်အံ့၊ အာပတ် မသင့်။ အများအားဖြင့် လေ့လာပြီးသော ကျမ်းဂန်ကို ရွတ်ဆိုသော လူသာမဏေအား ထောက်ပေးအံ့၊ အာပတ်မသင့်။ ကြောက်ရွံ့စွာ ပါဠိကို ရွတ်ဆိုနေဆဲ လူသာမဏေအား ထောက်ပေးအံ့၊ အာပတ် မသင့်။ ရူးသောရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ ပဒသောဓမ္မသိက္ခာပုဒ် ပြီး၏။ ၁-မုသာဝါဒဝဂ်