Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

4. Catutthapāṭidesanīyasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၅၇၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
သာကီဝင်မင်းတို့၏ ကျွန်တို့သည် (ခရီးလမ်းကို) ပိတ်ဆို့ထားကုန်၏။
သာကီဝင်မင်းသမီးတို့သည် တောကျောင်းတို့၌ ဆွမ်းလုပ်ကျွေးခြင်းငှါ အလိုရှိကုန်၏။
သာကီဝင် မင်းတို့၏ ကျွန်တို့သည် ''သာကီဝင်မင်းသမီးတို့သည် တောကျောင်းတို့၌ ဆွမ်းကျွေးခြင်းငှါ အလိုရှိကုန် သတတ်''ဟု ကြား၍ လမ်းခရီး၌ ထကြွသောင်းကျန်းကုန်၏။
သာကီဝင်မင်းသမီးတို့သည် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို ယူ၍ တောကျောင်းတို့သို့ သွားကုန်သည် ရှိသော်
သာကီဝင်မင်းတို့၏ ကျွန်တို့သည် ထွက်လတ်၍ သာကီဝင်မင်းသမီးတို့ကို လုလည်း လုယက်ကုန်၏၊ ဖျက်လည်း ဖျက်ဆီးကုန်၏။
သာကီဝင် မင်းတို့သည် ထွက်၍ ထိုခိုးသူတို့ကို ခိုးရာပါပစ္စည်းနှင့်တကွ ဖမ်းယူပြီးလျှင် ''အဘယ့်ကြောင့် အသျှင် ကောင်းတို့သည် ကျောင်းအရံ၌ ခိုးသူတို့ နေကြသည်ကို မပြောကြားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် သာကီဝင်မင်းတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားကို ကြားကြ သည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို
''ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်။ပ။ အကျိုးထူး ဆယ်ပါး တို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်''ဟု မိန့်တော်မူ၏။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့် တကွဖြစ်သော အကြင် တောကျောင်းတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့သဘော ရှိသော ကျောင်းတို့၌ ရှေးက မကြားမသိစေအပ်ဘဲ ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကို သော်လည်းကောင်း အရံ၏ အတွင်း၌ မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် 'ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ်, မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၅၇၁။ ထိုအခါ၌ ရဟန်းတစ်ပါးသည် တောကျောင်းတို့၌ နာဖျား၏၊
လူတို့သည် ခဲဖွယ်ဘောဇဉ် တို့ကို ယူ၍ တောကျောင်းသို့ သွားပြီးလျှင်
''အသျှင်ဘုရား ဘုဉ်းပေးတော်မူပါလော့''ဟု ထိုရဟန်းအားလျှောက်ကုန်၏။
ထိုအခါ ထိုရဟန်းသည်
''တောကျောင်းတို့၌ ခဲဖွယ်ဘောဇဉ်တို့ကို မိမိလက်ဖြင့် ခံယူ၍ ခဲခြင်းစားခြင်းကို မြတ်စွာဘုရား မြစ်ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူဘဲ နေ၏၊ ဆွမ်းခံဝင်ခြင်းငှါလည်း မတတ်နိုင်သဖြင့် ဆွမ်းပြတ်၏။
ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
ရဟန်းတို့သည် မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရား စကားကို ဟောတော်မူ၍ ရဟန်းတို့ကို ''ရဟန်းတို့ တောကျောင်းတို့၌ နာဖျားသော ရဟန်းသည် ရှေးက မကြား မသိစေအပ်ဘဲ ခဲဖွယ်ဘောဇဉ်တို့ကို မိမိလက်ဖြင့် ခံယူ၍ ခဲခြင်း စားခြင်းငှါ ခွင့်ပြု တော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၇၂။ ''ကြောက်ရွံ့ဖွယ် ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့် တကွဖြစ်သော အကြင်တောကျောင်းတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘောရှိသော ကျောင်းတို့၌ ရှေးက မကြားမသိစေအပ်ဘဲ ခဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း အရံ၏ အတွင်း၌ မိမိ လက်ဖြင့် ခံယူ၍ မနာမဖျားဘဲ ခဲမူလည်း ခဲငြားအံ့၊ စားမူ လည်း စားငြားအံ့၊ ထိုရဟန်းသည် 'ငါ့သျှင်တို့ ငါသည် ကဲ့ရဲ့အပ် မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ၊ ထိုအာပတ်ကို ပြောကြားပါ၏'ဟု ပြောကြားရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။
၅၇၃။ အကြင်တောကျောင်းတို့သည် ရှိကုန်၏ဟူရာ၌ တောကျောင်း မည်သည် အယုတ်အားဖြင့် ကုပ်လုပ်လေးတာ အပြန်ငါးရာကွာသော ကျောင်းတည်း။
ကြောက်ရွံ့ဖွယ် ရှိသည် မည်သည် အရံ၌လည်းကောင်း၊ အရံ၏ ဥပစာ၌လည်းကောင်း ခိုးသူတို့ ဝင်ရာ အရပ်သည် ထင်ရှား၏၊ စားရာအရပ်သည် ထင်ရှား၏၊ တည်ရာအရပ်သည် ထင်ရှား၏၊ နေရာ အရပ်သည် ထင်ရှား၏၊ အိပ်ရာအရပ်သည် ထင်ရှား၏။
ဘေးဘျမ်းနှင့်တကွ ဖြစ်သော မည်သည် အရံ၌လည်းကောင်း၊ အရံ၏ဥပစာ၌လည်းကောင်း လူတို့ကို ခိုးသူတို့ သတ်ခြင်းတို့လည်း ထင်ရှားကုန်၏၊ လုယက်ခြင်းတို့လည်း ထင်ရှားကုန်၏၊ ရိုက်နှက်ခြင်း တို့လည်း ထင်ရှားကုန်၏။
အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ထိုသို့သဘော ရှိသော ကျောင်းတို့၌ဟူသည် ဤသို့သဘောရှိသော ကျောင်းတို့၌။
မကြားမသိစေအပ်ဘဲ မည်သည် သီတင်းသုံးဖော် ငါးယောက်တို့အား ကြားသိစေအံ့၊ ဤသို့ သိစေခြင်းသည် မကြားမသိစေအပ်သည်ပင် မည်၏၊
အရံကိုလည်းကောင်း၊ အရံ၏ ဥပစာကိုလည်းကောင်း ဖယ်ထား၍ ကြားသိစေအံ့၊ ဤသို့သိစေခြင်းသည်လည်း မကြားမသိစေအပ်သည်ပင် မည်၏။
ကြားသိစေအပ်သော မည်သည် အမှတ်မရှိ တစ်စုံတစ်ယောက်သော မိန်းမယောက်ျားသည် အရံသို့ လည်းကောင်း၊ အရံ၏ ဥပစာသို့လည်းကောင်း လာပြီးလျှင်
''အသျှင်ဘုရား ခဲဖွယ်ဘောဇဉ်တို့ကို ဤမည် သော ရဟန်းအတွက် ယူဆောင်လာကြပါလိမ့်မည်''ဟု ပြောကြားအံ့၊
အကယ်၍ ကြောက်ရွံ့ဖွယ်ရှိမူ ''ကြောက်ရွံ့ဖွယ် ရှိ၏''ဟု ပြောကြားရမည်၊
အကယ်၍ ဘေးရန်ရှိမူ ''ဘေးရန်ရှိ၏''ဟု ပြောကြား ရမည်။
''အသျှင်ဘုရား ရှိပါစေ ယူဆောင်လာကြပါလိမ့်မည်''ဟု ဆိုအံ့၊ ''လူတို့သည် ဤအနီးအနား၌ သွားလာနေကြသဖြင့် ရှောင်ဖယ်နေကုန်ဦးလော့''ဟု ခိုးသူတို့ကို ပြောဆိုထိုက်၏။
ယာဂုနှင့်စပ်လျဉ်း၍ ကြားသိစေရာ၌ ထိုယာဂု၏ အခြံအရံ (အပိုပါလာသမျှ) ကိုလည်း ဆောင်ယူခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏။
ထမင်းနှင့်စပ်လျဉ်း၍ ကြားသိစေရာ၌ ထိုထမင်း၏ အခြံအရံ (အပိုပါလာသမျှ) ကိုလည်း ဆောင် ယူခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏။
ခဲဖွယ်နှင့်စပ်လျဉ်း၍ ကြားသိစေရာ၌ ထိုခဲဖွယ်၏ အခြံအရံ (အပိုပါလာသမျှ) ကိုလည်း ဆောင် ယူခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏။
အမျိုးနှင့်စပ်လျဉ်း၍ ကြားသိစေရာ၌ ထိုအမျိုး၌ အကြင်သူသည် ခဲဖွယ်ဘောဇဉ်တို့ကို ဆောင်ယူ လာခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏၊
ရွာနှင့်စပ်လျဉ်း၍ ကြားသိစေရာ၌ ထိုရွာ၌ အကြင်သူသည် ခဲဖွယ်ဘောဇဉ်တို့ကို ဆောင်ယူလာခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏၊
အသင်းအဖွဲ့နှင့်စပ်လျဉ်း၍ ကြားသိစေရာ၌ ထိုအသင်းအဖွဲ့၌ အကြင်သူသည် ခဲဖွယ်ဘောဇဉ်တို့ကို ဆောင်ယူလာခဲ့အံ့၊ ဤအလုံးစုံသည် ကြားသိစေအပ်သည် မည်၏။
ခဲဖွယ် မည်သည် ဘောဇဉ်ငါးပါး ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကကို ဖယ်ထား၍ အကြွင်းသည် ခဲဖွယ် မည်၏။
ဘောဇဉ် မည်သည် ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ အမဲအားဖြင့် ငါးပါးသော ဘောဇဉ်တို့ တည်း။
အရံတွင်း မည်သည် အကာအရံ ရှိသော ကျောင်း၏ အရံ၏ အတွင်းတည်း၊
အကာအရံမရှိသော ကျောင်း၏ ဥပစာတည်း။
မနာမဖျားဘဲ မည်သည် ဆွမ်းခံသွားခြင်းငှါ တတ်နိုင်၏။
နာဖျားသော မည်သည် ဆွမ်းခံသွားခြင်းငှါ မတတ်နိုင်။
မကြားမသိစေအပ်ဘဲ မနာမဖျားမူ၍ ''ခဲမည် စားမည်''ဟု ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါဋိဒေသနီအာပတ် သင့်၏။
၅၇၄။ မကြားမသိစေရာ၌ မကြားမသိစေအပ်ဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဉ်တို့ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ မနာမဖျားဘဲ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
မကြားမသိစေရာ၌ ယုံမှားရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဉ်တို့ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ မနာ မဖျားဘဲ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
မကြားမသိစေရာ၌ ကြားသိစေအပ်ပြီဟု အမှတ်ရှိသည်ဖြစ်၍ ခဲဖွယ်ဘောဇဉ်တို့ကို အရံတွင်း၌ မိမိလက်ဖြင့် ခံယူ၍ မနာမဖျားဘဲ ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့၊ ပါဋိဒေသနီအာပတ် သင့်၏။
ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို အာဟာရအလို့ငှါ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ကြားသိစေပြီးရာ၌ မကြားမသိစေရသေးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြားသိစေပြီးရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကြားသိစေပြီးရာ၌ ကြားသိစေအပ်ပြီဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၅၇၅။ ကြားသိစေရာ၌လည်းကောင်း၊ နာဖျားသော ရဟန်းအားလည်းကောင်း အာပတ် မသင့်၊ ကြားသိစေသောရဟန်း နာဖျားသော ရဟန်းတို့၏ စားကြွင်းကို စားအံ့၊ အရံပ၌ ခံယူခဲ့၍ အရံတွင်း၌ စားအံ့၊ ထိုအရံ၌ဖြစ်သော အမြစ် အခေါက် အရွက် အပွင့် အသီးတို့ကို စားအံ့၊ ယာမကာလိက သတ္တာဟကာလိက ယာဝဇီဝိကတို့ကို အကြောင်းရှိခဲ့သော် စားအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ ပါဋိဒေသနီ သိက္ခာပုဒ် ပြီး၏။
အသျှင်တို့ လေးပါးကုန်သော ပါဋိဒေသနီအာပတ်တို့ကို အကျဉ်းအားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ။
ထိုအာပတ်တို့၌ အသျှင်တို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြ ပါကုန်၏လော၊
အသျှင်တို့သည် ဤပါဋိဒေသနီအာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏။ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤပါဋိဒေသနီအာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ် ရပါသည်။
ပါဋိဒေသနီအခန်း ပြီး၏။