Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

4. Kāṇamātusikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၂၃၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ကာဏာ၏ အမိ ဥပါသိကာမသည် သဒ္ဓါတရား ရှိ၏၊ ကြည်ညိုတတ်၏၊
ကာဏာ 'အမည်ရှိသော သူငယ်မ'ကို ရွာငယ်တစ်ခု၌ ယောက်ျားတစ်ယောက်အား ထိမ်းမြားပေးစား၏။
ထိုအခါ ကာဏာသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မိခင်၏ နေအိမ်သို့ သွား၏။
ထိုအခါ ကာဏာ၏ လင်ယောက်ျားသည် ကာဏာ၏ထံသို့ ''ကာဏာ ပြန်လာခဲ့ပါလော့၊ ကာဏာ ၏ ပြန်လာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်၏။
ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် ''လက်ချည်း သွားခြင်းသည် အသရေပျက် ရှက်ဖွယ် ကဲ့သို့ ဖြစ်၏''ဟု မုန့်ကို ကြော်၏။
မုန့်ကျက်လတ်သော် ဆွမ်းခံသော ရဟန်းတစ်ပါးသည် ကာဏာ၏ အမိ ဥပါသိကာမ၏ နေအိမ်သို့ ဝင်၏။
ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် ထိုရဟန်းအား မုန့်ကို လှူစေ၏၊
ထိုရဟန်းသည် ထွက်သွားပြီးလျှင် ရဟန်းတစ်ပါးအား ပြောကြား၏၊
ထိုရဟန်းအားလည်း မုန့်ကို ပေးလှူစေ၏၊
ထို (နှစ်ကြိမ်မြောက်လာသော) ရဟန်းသည် ထွက်သွား၍ ရဟန်းတစ်ပါးအား ပြောကြား၏၊
(သုံးကြိမ်မြောက်လာသော) ထိုရဟန်းအားလည်း မုန့်ကို ပေးလှူစေ၏၊
စီရင်တိုင်းသော မုန့်သည် ကုန်လေ၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကာဏာ၏ လင်ယောက်ျားသည် ကာဏာ၏ အထံသို့ ''ကာဏာ ပြန်လာခဲ့ပါလော့၊ ကာဏာ၏ ပြန်လာခြင်းကို အလိုရှိပါ၏၊ အကယ်၍ ကာဏာပြန် မလာခဲ့သော် အခြားသော မယားကို ယူတော့အံ့''ဟု တမန်ကို စေလွှတ်၏။
သုံးကြိမ်မြောက်လည်း။ပ။ စီရင်တိုင်းသော မုန့်သည် ကုန်လေ၏။
ထိုအခါ ကာဏာ၏ လင်ယောက်ျားသည် အခြားမယားကို ယူလေ၏။
''ထိုယောက်ျားသည် အခြားမယားကို ယူသတတ်''ဟု ကာဏာသည် ကြား၏။
ထိုသူငယ်မ သည် ငိုကြွေးမြည်တမ်းလျက် နေရှာ၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ကာဏာ၏ အမိ ဥပါသိကာမအိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။
ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး၍
မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ကာဏာ၏ အမိ ဥပါသိကာမကို မြတ်စွာဘုရားသည် ''အဘယ့်ကြောင့် ဤကာဏာသည် ငိုကြွေးဘိသနည်း''ဟု မိန့်တော်မူ၏။
ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ကာဏာ၏ အမိ ဥပါသိကာမကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင် နေရာမှထ၍ ဖဲခွါကြွသွားတော်မူ၏။
၂၃၁။ ထိုအခါ ကုန်သည်အုပ်စုတစ်စုသည် ရာဇဂြိုဟ်ပြည်မှ အနောက်မျက်နှာအရပ်သို့ ကုန်ရောင်း သွားလို၏။
ဆွမ်းခံရဟန်းတစ်ပါးသည် ထိုကုန်သည်အုပ်စုရှိရာသို့ ဆွမ်းအလို့ငှါ ဝင်၏။
ဥပါသကာ (ကုန်သည်) တစ်ယောက်သည် ထိုရဟန်းအား မုန့်လုံးကို လှူစေ၏၊
ထိုရဟန်းသည် ထွက်သွား၍ တစ်ပါးသော ရဟန်းအား ပြောကြား၏၊
ထိုရဟန်းအားလည်း မုန့်လုံးကို လှူစေ၏။
ထို (နှစ်ကြိမ်မြောက် ရောက်လာသော) ရဟန်းသည် ထွက်သွားပြီးလျှင် တစ်ပါးသော ရဟန်းအား ပြောကြား၏၊
(သုံးကြိမ် မြောက်ရောက်လာသော) ထိုရဟန်းအားလည်း မုန့်လုံးကို လှူစေ၏၊
စီရင်တိုင်းသော ရိက္ခာသည့်ကုန်လေ၏။
ထိုအခါ ထိုဥပါသကာသည် ထိုအဖေါ်ကုန်သည်လူအပေါင်းတို့ကို ''အမောင်တို့ ယနေ့တစ်ရက်မျှ ဆိုင်းငံ့ကုန်ဦးလော့၊ စီရင်တိုင်းသော ရိက္ခာကို အသျှင်ကောင်းတို့အား လှူဒါန်းလိုက်ပြီ၊ ရိက္ခာကို စီရင်ဦးအံ့''ဟု ဆို၏။
''အရှင် ဆိုင်းငံ့ခြင်းငှါ မတတ်နိုင်၊ အဖော်ဖြစ်သော ကုန်သည်တစ်စုသည် ထွက် သွားနှင့်ပြီ''ဟု ဆို၍ သွားကြကုန်၏။
ထိုအခါ ထိုဥပါသကာသည် ရိက္ခာကို စီရင်ပြီး၍ နောက်ကျမှ ထွက်သွားလတ်သော် ခိုးသူတို့သည် လုယက်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် အတိုင်းအရှည်ကို မသိကုန်မူ၍ ခံယူကုန်ဘိသနည်း၊ ဤကုန်သည် ဥပါသကာသည် ဤရဟန်းတို့အား လှူပြီး၍ နောက်မှ ထွက်သွားသောကြောင့် ခိုးသူတို့သည် လုယက်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကား တို့ကို ကြားကြသည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ သို့ဖြစ်လျှင် သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန် သံဃာတော်များ ချမ်းသာစေရန်။ပ။ ဝိနည်း 'စည်းမျဉ်းဥပဒေ'ကို ချီးမြှောက်ရန်ဟူသော အကျိုးထူးဆယ်ပါးတို့ကို အစွဲပြု ၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၃၂။ ''အမျိုးအိမ်သို့ ကပ်သော ရဟန်းကိုသာလျှင် မုန့်ကြော် မုန့်ရှက်တို့ဖြင့်လည်းကောင်း၊ မုန့်ကြွက်ကျစ် 'မုန့်ဆုပ် နှမ်း ဆန် စသည်' တို့ဖြင့်လည်းကောင်း၊ ရှေးရှုဆောင်၍ ပင့်ဖိတ်ငြားအံ့၊ အလိုရှိသော ရဟန်းသည် နှစ်သပိတ် သုံးသပိတ်ပြည့်အောင် မုန့်တို့ကို ခံယူအပ်ကုန်၏၊ ထိုနှစ်သပိတ် သုံးသပိတ်ထက် အလွန် အကယ်၍ ခံယူငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်သပိတ် သုံးသပိတ်ပြည့်အောင် မုန့်တို့ကို ခံယူပြီး၍ ထိုခံယူရာအရပ်မှ ဆောင်ပြီးလျှင် ရဟန်းတို့နှင့်အတူ ခွဲဝေသုံးဆောင်အပ်၏၊
ဤသို့ ခွဲဝေသုံးဆောင်ခြင်းသည် ထိုနှစ်သပိတ် သုံးသပိတ် ပြည့်အောင် မုန့်ကို ခံယူရာ၌ ကျင့်ဝတ်တည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၃၃။ အမျိုးအိမ်သို့ ကပ်သော ရဟန်းကိုသာလျှင်ဟူရာ၌ အမျိုးမည်သည် မင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးဟူ၍ အမျိုးလေးပါးတို့တည်း။
ကပ်သောဟူသည် ထိုအမျိုးအိမ်သို့ ရောက်သော။
မုန့်ကြော် မုန့်ရှက် မည်သည် လက်ဆောင်အကျိုးငှါ စီရင်အပ်သော အလုံးစုံသော မုန့်တည်း။
မုန့်ကြွက်ကျစ် မည်သည် ရိက္ခာအလို့ငှါ စီရင်အပ်သော အလုံးစုံသော မုန့်တည်း။
ရှေးရှုဆောင်၍ ပင့်ဖိတ်ငြားအံ့ဟူသည် အလိုရှိတိုင်း ခံယူပါလော့ဟု ပင့်ဖိတ်ငြားအံ့။
အလိုရှိသော ရဟန်းဟူသည် တောင့်တလိုလားသော ရဟန်းတည်း။
နှစ်သပိတ် သုံးသပိတ်ပြည့်အောင် မုန့်တို့ကို ခံယူအပ်ကုန်၏ဟူသည် သပိတ်နှစ်လုံး သုံးလုံးပြည့် အောင် မုန့်တို့ကို ခံယူအပ်ကုန်၏။
ထို့ထက်အလွန် ခံယူငြားအံ့ဟူသည် ထိုနှစ်သပိတ် သုံးသပိတ်ထက်အလွန် ခံယူငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်သပိတ် သုံးသပိတ်ပြည့်အောင် မုန့်တို့ကို ခံယူပြီး၍ ထိုအိမ်မှထွက်သော ရဟန်းသည် ရဟန်းကို မြင်လျှင်၊ ''ငါသည် ဤအိမ်၌ နှစ်သပိတ် သုံးသပိတ်ပြည့်အောင် မုန့်တို့ကို ခံယူအပ်ကုန်ပြီ၊ ထိုအိမ်မှ့မခံယူလေလင့်''ဟု ပြောကြားအပ်၏။
အကယ်၍ မြင်လျက် မပြောကြားငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပြောကြားပါလျက် အကယ်၍ ခံယူငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ထိုခံယူရာအရပ်မှ ဆောင်ပြီးလျှင် ရဟန်းတို့နှင့်အတူ ခွဲဝေသုံးဆောင်အပ်၏ဟူသည် ဆွမ်းစား ဇရပ်သို့ ထုတ်ဆောင်၍ ခွဲဝေသုံးဆောင်အပ်၏။
ဤသို့ ခွဲဝေ သုံးဆောင်ခြင်းသည် ထိုနှစ်သပိတ် သုံးသပိတ် ပြည့်သော မုန့်တို့ကို ခံယူရာ၌ ကျင့်ဝတ်တည်းဟူသည် ဤသို့ ခွဲဝေသုံးဆောင်ခြင်းသည် မုန့်တို့ကို ခံယူရာ၌ တရားနှင့်လျော်သော ကျင့်ဝတ်တည်း။
၂၃၄။ နှစ်သပိတ် သုံးသပိတ် ပြည့်သည်ထက် ပိုလွန်သော မုန့်၌ ပိုလွန်၏ဟု အမှတ်ရှိသည် ဖြစ်၍ ခံယူအံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်သပိတ် သုံးသပိတ် ပြည့်သည်ထက် ပိုလွန်သော မုန့်၌ ယုံမှားရှိသည်ဖြစ်၍ ခံယူအံ့၊ ပါစိတ်အာပါတ် သင့်၏။
နှစ်သပိတ် သုံးသပိတ် ပြည့်သည်ထက် ပိုလွန်သော မုန့်၌ ယုတ်လျော့၏ဟု အမှတ်ရှိသည်ဖြစ်၍ ခံယူအံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်သပိတ် သုံးသပိတ် မပြည့် ယုတ်လျော့သော မုန့်၌ ပိုလွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှစ်သပိတ် သုံးသပိတ် မပြည့် ယုတ်လျော့သော မုန့်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှစ်သပိတ် သုံးသပိတ် မပြည့် ယုတ်လျော့သော မုန့်၌ ယုတ်လျော့၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၃၅။ နှစ်သပိတ် သုံးသပိတ်ပြည့်သော မုန့်တို့ကို ခံယူအံ့၊ နှစ်သပိတ် သုံးသပိတ် မပြည့် ယုတ် လျော့သော မုန့်တို့ကို ခံယူအံ့၊ လက်ဆောင်အကျိုးငှါ မစီရင်သော မုန့်, ရိက္ခာအလို့ငှါ မစီရင်သော မုန့်ကို ပေးလှူကုန်အံ့၊ လက်ဆောင်အကျိုးငှါလည်းကောင်း၊ ရိက္ခာအလို့ငှါလည်းကောင်း စီရင်အပ်သော မုန့်တို့မှ ကြွင်းကျန်သောမုန့်ကို ပေးလှူကုန်အံ့၊ ခရီးသွားမှုငြိမ်းသော် လှူကုန်အံ့၊ ဆွေမျိုးတို့၏ မုန့်ကိုလည်း ကောင်း၊ ပင့်ဖိတ်သူတို့၏ မုန့်ကိုလည်းကောင်း ခံယူအံ့၊ သူတစ်ပါး၏ အကျိုးငှါ ခံယူအံ့၊ မိမိဥစ္စာဖြင့် (ပြုလုပ်သော မုန့်အစရှိသည်တို့ကို) ခံယူအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦးလွန်ကျူး သော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ ကာဏမာတုသိက္ခာပုဒ် ပြီး၏။