၃၁၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ
ပသေနဒီကောသလမင်းကြီးသည် စစ်တပ်ဖြင့် ချီတက်၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုရန် သွားကုန်၏။
ပသေနဒီကောသလ မင်းကြီးသည် အဝေးမှ လာကုန်သော ဆဗ္ဗဂ္ဂီရဟန်းတို့ကို မြင်၍
ပင့်ခေါ်စေပြီးလျှင် ''အသျှင်ဘုရားတို့ အသျှင်တို့သည် အဘယ့်ကြောင့် လာကုန်သနည်း''ဟု လျှောက်၏။
မင်းကြီး ငါတို့သည် မင်းကြီးကို တွေ့မြင်လိုကုန်၏ဟု (ဆိုကုန်၏)။
အသျှင်ဘုရားတို့ စစ်ထိုးခြင်းကို နှစ်သက်သော အကျွန်ုပ်ကို တွေ့မြင်သဖြင့် အဘယ်အကျိုးရှိပါ အံ့နည်း။
မြတ်စွာဘုရားကို ဖူးမြော်သင့်သည် မဟုတ်ပါလောဟု (လျှောက်၏)။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ လာကုန်ဘိသနည်း၊ အကြင် ငါတို့သည် အသက်မွေးမှုဟူသော အကြောင်းကြောင့် သားမယား (မွေးမှု)ဟူသော အကြောင်းကြောင့် စစ်ထိုးခြင်းငှါ လာရကုန်၏၊ ထိုငါတို့ အားလည်း လူအဖြစ်ကို အရတော်သည်မဟုတ်၊ ထိုငါတို့သည် ဤလူ့အဖြစ်ကို မကောင်းသဖြင့် ရအပ်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာ တည်း၊
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၃၁၂။ ထိုအခါ ရဟန်းတစ်ပါး၏ ဦးရီးသည် စစ်တပ်ထဲ၌ နာဖျားနေ၏။
ထိုသူက ''အကျွန်ုပ်သည် စစ်တပ်ထဲ၌ နာဖျားနေပါ၍ ကြွခဲ့ပါလော့၊ အသျှင်၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု ထိုရဟန်းထံသို့ တမန်ကို စေလွှတ်၏။
ထိုအခါ တိုရဟန်းအား ''မြတ်စွာဘုရားသည် 'ချီတက်သော စစ်တပ်ကို ကြည့် ရှုခြင်းငှါ မသွားအပ်'ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ဤငါ၏ ဦးရီးသည်လည်း စစ်တပ်ထဲ၌ နာဖျား နေ၏။ ငါသည် အဘယ်သို့ ပြုကျင့်ရပါမည်နည်း''ဟု အကြံဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို -
''ရဟန်းတို့ ထိုသို့သဘော ရှိသော (သွားသင့်သော) အကြောင်း ရှိခဲ့သော် စစ်တပ်သို့ သွားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၁၃။ ''အကြင်ရဟန်းသည် ထိုသို့သဘောရှိသော (သွားသင့်သော) အကြောင်းကို ကြဉ်၍ ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၁၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ချီတက် မည်သည် စစ်တပ်သည် မြို့ပြပြည်ရွာမှ ထွက်၍ ဝင်လည်း ဝင်၏၊ သွားလည်း သွား၏။
စစ်တပ် မည်သည် ဆင် မြင်း ရထား ခြေသည်သူရဲတို့တည်း။
ယောက်ျားတစ်ကျိပ်နှစ်ယောက် ရှိသော ဆင်သည် ဆင်မည်၏၊ ယောက်ျားသုံးယောက်ရှိသော မြင်းသည် မြင်းမည်၏၊ ယောက်ျား လေးယောက်ရှိသော ရထားသည် ရထားမည်၏၊ မြားလက်၌ စွဲသော ယောက်ျားလေးယောက်တို့သည် ခြေသည်သူရဲ မည်၏။
ကြည့်ရှုခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
အကြင် မြင်လောက်သော အရပ်၌ ရပ်လျက် ကြည့်အံ့၊ ပါစိတ်အာပတ် သင့်၏။
မြင်လောက်သော ဥပစာကို စွန့်၍ အဖန်တလဲလဲကြည့်အံ့၊ ပါစိတ်အာပတ် သင့်၏။
ထိုသို့ သဘောရှိသော (သွားသင့်သော) အကြောင်းကို ကြဉ်၍ဟူသည် ထိုသို့ သဘောရှိသော (သွားသင့်သော) အကြောင်းကို ကြဉ်ထား၍။
၃၁၅။ ချီတက်ရာ၌ ချီတက်၏ဟု အမှတ်ရှိသည်ဖြစ်၍ ထိုသို့သဘော ရှိသော အကြောင်းကို ကြဉ်၍ ကြည့်ခြင်းငှါ သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
ချီတက်ရာ၌ ယုံမှားရှိသည်ဖြစ်၍ ထိုသို့ သဘောရှိသော အကြောင်းကို ကြဉ်၍ ကြည့်ခြင်းငှါ သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
ချီတက်ရာ၌ မချီတက်ဟု အမှတ်ရှိ သည်ဖြစ်၍ ထိုသို့ သဘောရှိသော အကြောင်းကို ကြဉ်၍ ကြည့်ခြင်းငှါ သွားအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ခုသော စစ်အင်္ဂါကို ကြည့်ခြင်းငှါ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
အကြင် မြင်လောက်သော အရပ်၌ ရပ်လျက် ကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မြင်လောက်သော ဥပစာကို စွန့်၍ အဖန်တလဲလဲ ကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
မချီတက်ရာ၌ ချီတက်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
မချီတက်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
မချီတက်ရာ၌ မချီတက်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၁၆။ အရံ၌ ရပ်တည်လျက် ကြည့်အံ့၊ ရဟန်း၏ ရပ်သော နေရာသို့သော်လည်းကောင်း၊ ထိုင် သောနေရာသို့သော်လည်းကောင်း၊ အိပ်သောနေရာသို့သော်လည်းကောင်း လာအံ့၊ ခရီးရင်ဆိုင်သွားစဉ် မြင်အံ့၊ ထိုသို့ သဘောရှိသော (သွားသင့်သော) အကြောင်းကြောင့် သွားအံ့၊ ဘေးရန်တို့ကြောင့် သွားအံ့။ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမ ဥယျုတ္တသေနာသိက္ခာပုဒ် ပြီး၏။