Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

4. Sakkaccavaggo

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၆၀၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို မစားလိုသကဲ့သို့ မရိုမသေ စားကုန်၏။ပ။
၁၇၆။ ၃၁- ''ဆွမ်းကို ရိုသေစွာ စားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းကို ရိုသေစွာ စားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းကို မရိုမသေ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊
အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ် ပြီး၏။
၆၀၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်သို့ ကြည့်လျက် ဆွမ်းစားသဖြင့်လောင်းသည်တို့ကိုလည်း မသိလိုက်ကုန်၊ လွန်စေသည် 'ကန်တော့သည်' တို့ကိုလည်း မသိလိုက်ကုန်။ပ။
၁၇၇။ ၃၂- ''သပိတ်၌ အမှတ်ထားသည်ဖြစ်၍ ဆွမ်းကို စားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
သပိတ်၌ အမှတ်ထားသည်ဖြစ်၍ ဆွမ်းကို စားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်သို့ ကြည့်ရှုလျက် ဆွမ်းကို စားအံ၊  ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ် ပြီး၏။
၆၀၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်၌ သုံးသပ်၍ 'ဟိုတစ်စ သည်တစ်စ ယူလျက်' ဆွမ်းကို စားကုန်၏။ပ။
၁၇၈။ ၃၃- ''ဆွမ်းကို အစဉ်အတိုင်းစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းကို အစဉ်အတိုင်း စားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်၌ သုံးသပ်၍ 'ဟိုတစ်စ သည်တစ်စ ယူလျက်' ဆွမ်းကို စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်။ သူတစ်ပါးတို့အား ပေးလို၍ သုံးသပ်အံ့၊ သူတစ်ပါး၏ သပိတ်ခွက်၌ လောင်းထည့်လို၍ သုံးသပ်အံ့၊ အာပတ် မသင့်၊ လက်သုပ်ဟင်းလျာ၌လည်းကောင်း၊ ဘေးရန်တို့ကြောင့်လည်းကောင်း အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ်ပြီး၏။
၆၀၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားကုန်သည် ရှိသော် ဟင်းကိုသာလျှင် များစွာ စားကုန်၏။ပ။
၁၇၉။ ၃၄- ''ဆွမ်းကို ဟင်းနှင့် ညီမျှရုံသာလျှင် စားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဟင်းမည်သည် လက်ကော်ရ ပဲနောက်ဟင်း၊ လက်ကော်ရ ပဲကြီးဟင်းဟူသော ဟင်းနှစ်မျိုး တို့တည်း၊
ဆွမ်းကို ဟင်းနှင့် ညီမျှရုံသာလျှင် စားအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဟင်းကိုသာလျှင် များစွာ စားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ အရသာရှိသော ငါး အမဲစသော ဟင်းရည်၌ အာပတ် မသင့်။ ဆွေမျိုးတော်သူ ပင့်ဖိတ်သောသူတို့၏ ဟင်းကို များစွာ စားအံ့၊ မိမိဥစ္စာဖြင့် ဟင်းကို များစွာ စားအံ့၊ ဘေးရန်တို့ကြောင့် စားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ်ပြီး၏။
၆၁၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို အလယ်ထိပ်မှ နှိပ်၍ စားကုန်၏။ပ။
၁၈၀။ ၃၅- ''ဆွမ်းကို အလယ်ထိပ်မှ နှိပ်၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းကို အလယ်ထိပ်မှ နှိပ်၍ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းကို အလယ်ထိပ်မှ နှိပ်၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ စားကြွင်းအနည်းငယ်ကို တစ်ပေါင်းတည်းစုရုံးလျက် နှိပ်၍ စားအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ်ပြီး၏။
၆၁၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းရိုးရိုးကိုလည်းကောင်း၊ သားငါးဟင်းကိုလည်းကောင်း များစွာ အလိုရှိသောကြောင့် ဆွမ်းဖြင့် ဖုံးလွှမ်းကုန်၏။ပ။
၁၈၁။ ၃၆- ''ဟင်းရိုးရိုးကိုလည်းကောင်း၊ သားငါးဟင်းကိုလည်းကောင်း များစွာ အလိုရှိသောကြောင့် ဆွမ်းဖြင့် မဖုံးလွှမ်းအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။
ဟင်းရိုးရိုးကိုလည်းကောင်း၊ သားငါးဟင်းကိုလည်းကောင်း များစွာ အလိုရှိသောကြောင့် ဆွမ်းဖြင့်မဖုံးလွှမ်းအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဟင်းရိုးရိုးကိုလည်းကောင်း၊ သားငါးဟင်းကို လည်းကောင်း များစွာ အလိုရှိသောကြောင့် ဆွမ်းဖြင့် ဖုံးလွှမ်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်းအား အာပတ် မသင့်၊ ပစ္စ္စည်းရှင်တို့သည် ဖုံးလွှမ်း၍ ပေးကုန်အံ့၊ များစွာ အလိုမရှိဘဲ ဖုံးလွှမ်းအံ့၊ အာပတ် မသင့်၊ ဘေးရန်တို့ ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ်ပြီး၏။
၆၁၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်းကောင်း၊ ထမင်း ကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်ဘိသနည်း၊ အဘယ်သူသည် ချိုမြိန်ကောင်းမြတ်သော အရသာကို မနှစ်ခြိုက်ဘဲ ရှိအံ့နည်း၊ အဘယ်သူသည် သာယာဖွယ် အရသာကို မနှစ်သက်ဘဲ ရှိအံ့နည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း၊
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဟင်းကိုလည်း ကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်၏ဟူသည်မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသော အမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၆၁၃။ ထိုအခါ ရဟန်းတို့သည် နာဖျားကုန်၏၊
သူနာမေးသော ရဟန်းတို့သည် ''ငါ့ရှင်တို့ ကျန်းမာကြပါ၏လော၊ မျှတကြပါ၏လော''ဟု နာဖျားသောရဟန်းတို့အား မေးကုန်၏၊
ငါ့ရှင်တို့ ငါတို့ သည် ရှေးအခါ၌ ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအကျိုးငှါ တောင်း၍ စားကြရသဖြင့် ကျန်းမာကြပါ၏၊
သို့ရာတွင် ယခုအခါ၌
''မြတ်စွာဘုရားသည် မြစ်ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မတောင်းကြရသဖြင့် မကျန်းမာကြပါဟု ဆိုကုန်၏။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ နာဖျားသောရဟန်းအား ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မိမိအတွက် တောင်း၍ စားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၈၂။ ၃၇- (ခ) ''ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မနာမဖျားဘဲ မိမိ အကျိုးငှါ (ငါ) တောင်း၍ မစားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မနာမဖျားသော ရဟန်းသည် မိမိအကျိုးငှါ တောင်း၍ မစားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မနာမဖျားဘဲ မိမိအကျိုးငှါ တောင်း၍ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ ဆွေမျိုးတော်သူ ပင့်ဖိတ်သောသူတို့၏ ထမင်းဟင်းကို တောင်းစားသော ရဟန်း၊ သူတစ်ပါးအကျိုးငှါ တောင်းသော ရဟန်း၊ မိမိကပ္ပိယဥစ္စာဖြင့် လဲလှယ်၍ စားသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ ကြောင့် အာပတ် မသင့်။ ရူး သော ရဟန်း၊ အစလက်ဦး လွန်ကျုးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ်ပြီး၏။
၆၁၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ကဲ့ရဲ့ပြစ်တင်လိုသဖြင့် သူတစ်ပါးတို့၏ သပိတ်ကို ကြည့်ကုန်၏။ပ။
၁၈၃။ ၃၈- ''ကဲ့ရဲ့ပြစ်တင်လိုသဖြင့် သူတစ်ပါးတို့၏ သပိတ်ကို (ငါ) မကြည့်အံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ကဲ့ရဲ့ပြစ်တင်လိုသဖြင့် သူတစ်ပါးတို့၏ သပိတ်ကို မကြည့်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ကဲ့ရဲ့ပြစ်တင်လိုသဖြင့် သူတစ်ပါးတို့၏ သပိတ်ကို ကြည့်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်းအား အာပတ် မသင့်၊ ပေးလှူအံ့ဟူ၍လည်းကောင်း၊ ပေးလှူစေအံ့ဟူ၍လည်းကောင်း ကြည့်ရှုအံ့၊ အာပတ် မသင့်။ ကဲ့ရဲ့ ပြစ်တင်ခြင်းကို အလိုမရှိသော ရဟန်းအား အာပတ်မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ်ပြီး၏။
၆၁၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရှည်သော ဆွမ်းလုတ်ကို ပြုကုန်၏။ပ။
၁၈၅။ ၄၀- ''ဆွမ်းလုတ်ကို ဝိုင်းဝန်းညီညွတ်စွာ ပြုအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းလုတ်ကို ဝိုင်းဝန်းညီညွတ်စွာ ပြုလုပ်အပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ရှည်သော ဆွမ်းလုတ်ကို ပြုအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း တို့အား အာပတ် မသင့်၊ ခဲဖွယ် သစ်သီးကြီးငယ် လက်သုပ်ဟင်းလျာတို့၌လည်း အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အား လည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ်ပြီး၏။
စတုတ္ထသက္ကစ္စဝဂ် ပြီး၏။