၂၇၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းသားဖြစ်သော အသျှင်ဥပနန္ဒသည် မိတ်ဆွေ၏ အိမ်သို့ သွား၍ ထိုမိတ်ဆွေ၏ မယားနှင့်အတူ အိပ်ခန်း၌ ထိုင်နေ၏။
ထိုအခါ ထိုယောက်ျားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒထံသို့ ချဉ်းကပ်၍
သာကီဝင်မင်းသား အသျှင် ဥပနန္ဒကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုယောက်ျားသည် ''အသျှင့်အား ဆွမ်းကို ပေးလှူလော့''ဟု မယားကို ပြောဆို၏။
ထိုအခါ ထိုမိန်းမသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒအား ဆွမ်းကို ပေးလှူ၏။
ထိုအခါ ထိုယောက်ျားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒအား ''အသျှင်ဘုရား ကြွတော်မူပါလော့၊ အသျှင့်အား ဆွမ်းလှူပြီးပါပြီ''ဟု ဆို၏။
ထိုအခါ ထိုမိန်းမသည် 'ဤယောက်ျားကား ရာဂစိတ်ထကြွ၏'ဟု အမှတ်ပြု မိ၍ သာကီဝင်မင်းသား အသျှင်ဥပနန္ဒအား ''အသျှင်ဘုရား မကြွပါနှင့်ဦး၊ ထိုင်နေတော်မူပါဦး''ဟု ပြောဆို၏။
နှစ်ကြိမ်မြောက်လည်း ထိုယောက်ျားသည်။ပ။ သုံးကြိမ်မြောက်လည်း ထိုယောက်ျားသည် သာကီဝင် မင်းသား အသျှင်ဥပနန္ဒအား ''အသျှင်ဘုရား ကြွတော်မူပါလော့၊ အသျှင့်အား ဆွမ်းကို ပေးလှူပြီးပါပြီ''ဟု ဆို၏။
သုံးကြိမ်မြောက်လည်း ထိုမိန်းမသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒအား ''အသျှင်ဘုရား မကြွပါနှင့်ဦး၊ ထိုင်နေတော်မူပါဦး''ဟု ပြောဆို၏။
ထိုအခါ ထိုယောက်ျားသည် ထွက်သွား၍ ရဟန်းတို့ကို- ''အသျှင်ဘုရားတို့ ဤအသျှင်ဥပနန္ဒသည် အကျွန်ုပ်၏ မယားနှင့်အတူ အိပ်ခန်း၌ နေပါ၏၊ ထိုရဟန်းသည် အကျွန်ုပ်က နှင်ထုတ်အပ်ပါသော်လည်း သွားခြင်းငှါ အလိုမရှိ၊ အကျွန်ုပ်တို့သည် များသောကိစ္စရှိပါကုန်၏၊ များသောပြုဖွယ်ရှိပါကုန်၏''ဟု စောင်း မြောင်းစေ၏ 'ကဲ့ရဲ့ ရှုတ်ချစေ၏'။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည့်လင်မယားနှစ်ယောက်သာရှိသော အိမ်၌ ဝင်၍ ထိုင်နေဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ် ပြ ပြောဆိုကြကုန်၏။ပ။ ''ဥပနန္ဒ သင်သည် လင်မယားနှစ်ယောက်သာရှိသော အိမ်၌ ဝင်၍ ထိုင်နေ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် လင်မယားနှစ်ယောက်သာရှိသော အိမ်၌ ဝင်၍ ထိုင်နေဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၈၀။ ''အကြင်ရဟန်းသည် လင်မယားနှစ်ယောက်သာရှိသော အိမ်၌ ဝင်၍ ထိုင်နေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၈၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
လင်မယား နှစ်ယောက်သာရှိသောအိမ် မည်သည် မိန်းမသည်လည်းကောင်း၊ ယောက်ျားသည် လည်းကောင်း ရှိ၏၊ မိန်းမသည်လည်းကောင်း၊ ယောက်ျားသည်လည်းကောင်း နှစ်ယောက်လုံး (အပြင်သို့) မထွက်ကုန်၊ နှစ်ဦးသော သူတို့သည် တပ်မက်ခြင်း မကင်းကုန်။
ဝင်၍ဟူသည် အတွင်းသို့ ဝင်၍။
ထိုင်နေငြားအံ့ဟူသည် ကြီးသော အိမ်၌ တံခါးပေါင်၏ နှစ်တောင့်ထွာ 'ဟတ္ထပါသ်' ကို စွန့်၍ နေ ငြားအံ့ ပါစိတ်အာပတ် သင့်၏။ ငယ်သော အိမ်၌ ခေါင်လျောက်ကို လွန်၍ ထိုင်နေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၂၈၂။ အိပ်ခန်း၌ အိပ်ခန်းဟု အမှတ်ရှိသည်ဖြစ်၍ လင်မယား နှစ်ယောက်သာရှိသော အိမ်၌ ဝင်၍ နေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အိပ်ခန်း၌ ယုံမှားရှိသည်ဖြစ်၍ လင်မယားနှစ်ယောက်သာ ရှိသော အိမ်၌ ဝင်၍ နေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အိပ်ခန်း၌ အိပ်ခန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ လင်မယားနှစ်ယောက်သာ ရှိသော အိမ်၌ ဝင်၍ နေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အိပ်ခန်းမဟုတ်သည်၌ အိပ်ခန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အိပ်ခန်းမဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အိပ်ခန်းမဟုတ်သည်၌ အိပ်ခန်းမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ်မသင့်။
၂၈၃။ ကြီးသော အိမ်၌ တံခါးပေါင်၏ နှစ်တောင့်ထွာ 'ဟတ္ထပါသ်' ကို မစွန့်မူ၍ နေအံ့၊ ငယ်သော အိမ်၌ ခေါင်လျောက်ကို မလွန်မူ၍ နေအံ့၊ အဖော်ရဟန်း ရှိအံ့၊ မိန်းမယောက်ျားနှစ်ယောက်လုံး အပြင်သို့ ထွက်ကုန်အံ့၊ နှစ်ယောက်လုံး ရာဂကင်းကုန်အံ့၊ အိပ်ခန်းမဟုတ်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။
တတိယ သဘောဇနသိက္ခာပုဒ်ပြီး၏။