Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

6. Anupakhajjasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၁၁၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြတ်သော အိပ်ရာနေရာတို့ကို နှောင့်ယှက်ကုန်၏၊ မထေရ်ကြီးရဟန်းတို့သည် (ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို) ထစေကုန်၏၊
ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့အား ''ငါတို့သည် အဘယ်သို့သော အကြောင်းဥပါယ်ဖြင့် ဤကျောင်း၌သာလျှင် ဝါတွင်း (သုံးလ) ပတ်လုံးနေရပါကုန်အံ့နည်း''ဟု အကြံဖြစ်၏။
ထို့နောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''ကျဉ်းမြောင်း ကျပ်တည်းသော ရဟန်းသည် ဖဲသွားလတ္တံ့''ဟု (ကြံ၍) မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် မထေရ်ကြီးရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မထေရ်ကြီးရဟန်း တို့ကို တိုးဝှေ့၍ အိပ်ကုန်ဘိသနည်း၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိ သော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၂၀။ ''အကြင်ရဟန်းသည် သံဃိကကျောင်း၌ ရှေးဦးနေလင့်သော ရဟန်းကို သိလျက် တိုးဝှေ့၍ 'အကြင်ရဟန်းအား ကျဉ်းမြောင်း ကျပ်တည်းလတ္တံ့၊ ထိုရဟန်းသည် ဖဲသွား လတ္တံ့'ဟု အကြောင်းတစ်ပါးမရှိဘဲ ဖဲသွားစေလိုခြင်းကိုသာ အကြောင်းပြု၍ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၂၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သံဃိကကျောင်း မည်သည် သံဃာအား ပေးလှူအပ် စွန့်လှူအပ်သော ကျောင်းတည်း။
သိ၏ မည်သည် သီတင်းကြီး 'သိက္ခာဝါကြီးသူ'ဟူ၍ သိ၏၊ သူနာဟူ၍ သိ၏၊ သံဃာသည် ပေးအပ်သူဟူ၍ သိ၏။
တိုးဝှေ့၍ဟူသည် အနီးသို့ တိုးဝင်၍။
အိပ်ခြင်းကို ပြုငြားအံ့ဟူသည် ညောင်စောင်း၏သော်လည်းကောင်း၊ အင်းပျဉ်၏သော် လည်းကောင်း၊ ဝင်သော ရဟန်း၏သော်လည်းကောင်း၊ ထွက်သော ရဟန်း၏သော်လည်းကောင်း၊ အနီးဥပစာ၌ အိပ်ရာ နေရာကို ခင်းသော်လည်းကောင်း၊ ခင်းစေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ထိုင်မူလည်း ထိုင်ငြားအံ့၊ အိပ်မူလည်း အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အကြောင်းတစ်ပါးမရှိဘဲ ဖဲသွားစေလိုခြင်းကိုသာ အကြောင်းပြု၍ဟူသည် တိုးဝှေ့၍ အိပ်ခြင်းငှါ တစ်ပါးသော အကြောင်းတစ်စုံတစ်ရာမရှိ။
၁၂၂။ သံဃိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိလျက် တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
သံဃိကကျောင်း၌ ယုံမှားရှိ၍ တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
သံဃိကကျောင်း၌ ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိလျက် တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ညောင်စောင်း၏သော်လည်းကောင်း၊ အင်းပျဉ်၏သော်လည်းကောင်း၊ ဝင်သော ရဟန်း၏သော်လည်း ကောင်း၊ ထွက်သော ရဟန်း၏သော်လည်းကောင်း၊ အနီးဥပစာကို 'ပတ်ဝန်းကျင် တစ်တောင့်ထွာကို' ထား၍ အိပ်ရာနေရာကို ခင်းသော်လည်းကောင်း၊ ခင်းစေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ထိုင်သော်လည်းကောင်း၊ အိပ်သော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ကျောင်း၏ ဥပစာ၌သော်လည်းကောင်း၊ စည်းဝေးရာဇရပ်၌သော်လည်းကောင်း၊ မဏ္ဍပ်၌သော်လည်း ကောင်း၊ သစ်ပင်ရင်း၌သော်လည်းကောင်း၊ လွင်တီးခေါင်၌သော်လည်းကောင်း၊ အိပ်ရာနေရာကို ခင်းသော် လည်းကောင်း၊ ခင်းစေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ထိုင်သော်လည်းကောင်း၊ အိပ်သော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကကျောင်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ်သင့်၏။
ပုဂ္ဂလိကကျောင်းကို ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိရာ၌ သူတစ်ပါး၏ ပုဂ္ဂလိကကျောင်းဖြစ်မူ ဒုက္ကဋ်အာပတ် သင့်၏။
မိမိ၏ ပုဂ္ဂလိကကျောင်းဖြစ်မူ အာပတ် မသင့်။
၁၂၃။ နာဖျား၍ ဝင်နေအံ့၊ အချမ်းအပူနှိပ်စက်၍ ဝင်နေအံ့၊ အာပတ် မသင့်။ ဘေးရန်များကြောင့် ဝင်နေသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်း တို့အားလည်း အာပတ် မသင့်။
ဆဋ္ဌ အနုပခဇ္ဇသိက္ခာပုဒ် ပြီး၏။