Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

5. Sahaseyyasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၄၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူသောအခါ
ဥပါသကာတို့သည် တရားနာအံ့သောငှါ ကျောင်းအရံသို့ လာကုန်၏၊
တရားဟောပြီးသောအခါမထေရ်ကြီး ရဟန်းတို့သည် မိမိတို့နေရာကျောင်းသို့ ကြွသွားကုန်၏၊
ရဟန်းငယ်တို့မှာမူကား ထိုတရားဟောရာ ဇရပ်၌ပင်လျှင် ဥပါသကာတို့နှင့်အတူ သတိလွတ်ကင်းလျက် ပညာအဆင်အခြင်မရှိဘဲ အဝတ်ကိုယ်၌ မကပ်မူ၍ ယောင်ယမ်း မြည်တမ်းကာ ကျီးသံကဲ့သို့ ဟောက်လျက် အိပ်ကုန်၏။
ဥပါသကာတို့သည် ''အဘယ့်ကြောင့် အသျှင်ကောင်းတို့သည် သတိလွတ်ကင်းလျက် ပညာအဆင်အခြင်မရှိဘဲ အဝတ်ကိုယ်၌ မကပ်မူ၍ ယောင်ယမ်း မြည်တမ်းကာ ကျီးသံကဲ့သို့ ဟောက်ကုန်လျက်အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုဥပါသကာတို့၏ စကားကို ကြားကြ့သည်သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် ရဟန်း မဟုတ်သော သူနှင့်အတူ အိပ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ရဟန်းငယ်တို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ရဟန်းတို့သည် ရဟန်းမဟုတ်သော သူနှင့်အတူ အိပ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် အဘယ့်ကြောင့် ရဟန်းမဟုတ်သူတို့နှင့်အတူ အိပ်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ရဟန်းတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့ပင်လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူနှင့်အတူ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့လျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၅၀။ ထိုအခါ မြတ်စွာဘုရားသည် အာဠဝီပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီး လျှင်ကောသမ္ဗီပြည်သို့ ခရီးဒေသစာရီ ကြွချီတော်မူ၏၊
အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူသည် ရှိသော်ကောသမ္ဗီပြည်သို့ ရောက်တော်မူ၏၊
မြတ်စွာဘုရားသည် ထိုကောသမ္ဗီပြည် ဗဒရိကာရုံကျောင်း တိုက်၌သီတင်းသုံးနေတော်မူ၏။
ရဟန်းတို့သည် အသျှင်ရာဟုလာကို ''ငါ့သျှင်ရာဟုလာ မြတ်စွာဘုရားသည် 'ရဟန်းမဟုတ်သောသူနှင့်အတူ မအိပ်ရ'ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ငါ့သျှင်ရာဟုလာ အိပ်ရန်နေရာကို သိလော့''ဟုဆိုကုန်၏။
ထိုအခါ အသျှင်ရာဟုလာသည် အိပ်ရန် နေရာကို မရသည် ဖြစ်၍ ကျင်ကြီးစွန့်ရာ ဝစ္စကုဋီ၌အိပ်၏။
ထိုအခါ မြတ်စွာဘုရားသည် ညဉ့်၏ မိုးသောက်ယံအခါ၌ ထတော်မူ၍ ဝစ္စကုဋီသို့ ချဉ်းကပ်ပြီးလျှင်
ချောင်းဟန့်တော်မူ၏၊
အသျှင်ရာဟုလာသည်လည်း ချောင်းဟန့်လေ၏။
''ဤနေရာ၌ မည်သူနည်း''ဟု (မေးတော်မူရာ)။
''မြတ်စွာဘုရား အကျွန်ုပ် ရာဟုလာပါတည်း''ဟု (လျှောက်၏)။
''ရာဟုလာ သင်သည် အဘယ့်ကြောင့် ဤနေရာ၌ နေဘိသနည်း''ဟု (မေးတော်မူ၏)။
ထိုအခါ အသျှင်ရာဟုလာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ရဟန်းတို့ကို-
''ရဟန်းတို့ ရဟန်းမဟုတ်သော သူနှင့် နှစ်ညဉ့် သုံးညဉ့် အတူတကွ အိပ်ခြင်းကို ပြုခြင်းငှါခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၁။ ''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူနှင့် နှစ်ညဉ့် သုံးညဉ့်ထက် အလွန် (တစ်မိုးတစ်ရံတည်းသော ကျောင်း၌) အတူတကွ အိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၂။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းမဟုတ်သော သူ မည်သည် ရဟန်းကို ချန်ထား၍ ကြွင်းသော သူသည် ရဟန်းမဟုတ်သော သူမည်၏။
နှစ်ညဉ့် သုံးညဉ့်ထက် အလွန်ဟူသည် နှစ်ညဉ့် သုံးညဉ့်ထက် ပိုလွန်၍။
အတူတကွဟူသည် တစ်ပေါင်းတည်း။
အိပ်ရာ နေရာ မည်သည် အလုံးစုံအမိုး ရှိသော အလုံးစုံအကာအရံ ရှိသော၊ အများအားဖြင့် အမိုးရှိသော အများအားဖြင့် အကာအရံ ရှိသော ကျောင်းအိပ်ရာနေရာတည်း။
အိပ်ခြင်းကို ပြုငြားအံ ဟူသည် လေးရက်မြောက်သောနေ့၌ နေဝင်သောအခါ ရဟန်းမဟုတ်သူအိပ်သည်ရှိသော် ရဟန်းသည် အိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် အိပ်သည်ရှိသော် ရဟန်းမဟုတ်သူသည် လျောင်းအိပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ဦးလုံးမူလည်း အိပ်ကြကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
ထ၍ အဖန်တလဲလဲ အိပ်ကုန်အံ့၊ ပါစိတ်အာပတ် သင့်၏။
၅၃။ ရဟန်းမဟုတ်သူကို ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ နှစ်ညဉ့် သုံးညဉ့်ထက် အလွန်အတူတကွ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူကို ယုံမှားရှိသည်ဖြစ်၍ နှစ်ညဉ့် သုံးညဉ့်ထက် အလွန် အတူတကွ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သူကို ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ နှစ်ညဉ့် သုံးညဉ့်ထက် အလွန် အတူတကွအိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အမိုးထက်ဝက် အကာအရံထက်ဝက် ရှိသော နေရာ၌ (အတူတကွ အိပ်ငြားအံ့)၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းကို ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းကို ရဟန်းဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၅၄။ နှစ်ညဉ့် သုံးညဉ့် နေအံ့၊ နှစ်ညဉ့် သုံးညဉ့်အောက် ယုတ်လျော့၍ နေအံ့၊ နှစ်ညဉ့်နေပြီး၍သုံးညဉ့်မြောက်၌ အရုဏ်မတက်မီ ထ၍ တစ်ဖန် နေအံ့၊ အမိုးအလုံးစုံရှိသော်လည်း အကာအရံ လုံးလုံးမရှိသော နေရာ၌ နေအံ့၊ အကာအရံအလုံးစုံ ရှိသော်လည်း အမိုးလုံးလုံး မရှိသော နေရာ၌ နေအံ့၊ အများအားဖြင့် အမိုးမရှိသော, အများအားဖြင့် အကာအရံမရှိသော နေရာ၌ နေအံ့၊ ရဟန်းမဟုတ်သူသည်အိပ်နေ၍ ရဟန်းသည် ထိုင်အံ့၊ ရဟန်းသည် အိပ်နေ၍ ရဟန်းမဟုတ်သူသည် ထိုင်အံ့၊ နှစ်ဦးစလုံးသော်လည်း ထိုင်နေကုန်အံ့၊ အာပတ် မသင့်။ ရူးသောရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမ သဟသေယျသိက္ခာပုဒ် ပြီး၏။ ၁-မုသာဝါဒဝဂ်