Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

4. Paṭhamasenāsanasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၁၀၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတို့သည် ဆောင်းဥတုအခါ လွင်တီးခေါင်၌ အိပ်ရာနေရာကို ခင်း၍ ကိုယ်ကို ပူနွေးစေကုန်လျက် 'နေဆာလှုံကုန်လျက်' အချိန်ကာလကို ပြောကြားသော အခါ ဖဲသွားကုန်သော် ထိုအိပ်ရာနေရာကို မသိမ်းဆည်းကုန်၊ မသိမ်းဆည်းစေကုန်၊ မပန်ကြားမူ၍လည်း ဖဲသွားကုန်၏၊
အိပ်ရာနေရာသည် (မိုးနှင်း) စိုစွတ်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် လွင်တီးခေါင်၌ အိပ်ရာနေရာကို ခင်း၍ ဖဲသွားသော် ထိုအိပ်ရာနေရာကို မသိမ်းဆည်းကုန်ဘိသနည်း၊ မသိမ်းဆည်းစေကုန်ဘိသနည်း၊ မပန်ကြားမူ၍လည်း ဖဲသွားကုန်ဘိသနည်း၊ အိပ်ရာနေရာသည် (မိုးနှင်း) စိုစွတ်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ထိုရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ရဟန်းတို့သည် လွင်တီးခေါင်၌။ပ။ မပန်ကြားမူ၍လည်း ဖဲသွားကုန်၏ဟူသည် မှန်သလော''။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၀၉။ ''အကြင်ရဟန်းသည် သံဃာ၏ဥစ္စာ 'သံဃိက' ဖြစ်သော ညောင်စောင်း 'ခုတင်' ကိုသော်လည်းကောင်း၊ အင်းပျဉ် 'ခုံရှည်' ကိုသော် လည်းကောင်း၊ ဘုံလျှို 'ဖုံ' ကိုသော်လည်းကောင်း၊ ဖျာအခင်း၁ကိုသော် လည်းကောင်း၊ လွင်တီးခေါင်၌ ခင်း၍လည်းကောင်း၊ ခင်းစေ၍လည်း ကောင်း ဖဲသွားသော် ထိုသံဃိကညောင်စောင်း အင်းပျဉ်စသည်ကို မသိမ်းငြားအံ့၊ မသိမ်းစေ ငြားအံ့၊ မပန်ကြားမူ၍လည်း ဖဲသွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏''ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၁၀။ ထိုအခါ ရဟန်းတို့သည် လွင်တီးခေါင်၌ နေ၍ စောစောကပင်လျှင် အိပ်ရာနေရာကို တစ်ဖန်ပြန်၍ ဆောင်ကုန်၏ 'သိမ်းဆည်းကုန်၏'။
မြတ်စွာဘုရားသည် စောစောကပင် အိပ်ရာနေရာကို တစ်ဖန်ပြန်၍ ဆောင်ကုန်သော ထိုရဟန်းတို့ကို မြင်တော်မူသဖြင့်
ဤအကြောင်းအရာကြောင့် တရား စကားကို ဟောကြားတော်မူ၍ ရဟန်းတို့အား
''ရဟန်းတို့ (မိုးနှင်း) မစိုစွတ်ဟု မှတ်အပ်သော မဏ္ဍပ်၌ သော်လည်းကောင်း၊ သစ်ပင်ရင်း၌သော်လည်းကောင်း၊ ကျီးငှက် သိမ်းစွန်တို့ ကျင်ကြီးမစွန့်သော အရပ်၌ သော်လည်းကောင်း ရှစ်လတို့ပတ်လုံး အိပ်ရာနေရာကို ထားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
၁၁၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သံဃာ၏ဥစ္စာ 'သံဃိက' မည်သည် သံဃာအား ပေးလှူအပ်သော ပစ္စည်း စွန့်လှူအပ်သော ပစ္စည်းတည်း။
ညောင်စောင်း 'ခုတင်' မည်သည် အခြေ၌ အပေါင်စွပ်သော ညောင်စောင်း၊ ထုပ်လျောက်ဖွဲ့သော 'အခြေနှင့် တစ်စပ်တည်း အပေါင်ရှိသော' ညောင်စောင်း၊ ပုစွန်ခြေသဏ္ဌာန် ကောက်သော အခြေရှိသော ညောင်စောင်း၊ အပေါင်၌ အခြေတပ်သော ညောင်စောင်းဟူ၍ ညောင်စောင်းလေးမျိုးတို့တည်း။
အင်းပျဉ် 'ခုံရှည်' မည်သည် အခြေ၌ အပေါင်စွပ်သော အင်းပျဉ်၊ ထုပ်လျောက်ဖွဲ့သော 'အခြေနှင့် တစ်စပ်တည်း အပေါင်ရှိသော' အင်းပျဉ်၊ ပုစွန်ခြေသဏ္ဌာန် ကောက်သော အခြေရှိသော အင်းပျဉ်၊ အပေါင်၌ အခြေတပ်သော အင်းပျဉ်ဟူ၍ အင်းပျဉ်လေးမျိုးတို့တည်း။
ဘုံလျှို 'ဖုံ' မည်သည် သားမွေးအစာသွပ်သော ဘုံလျှို၊ အဝတ်အစာသွပ်သော ဘုံလျှို၊ လျှော် အစာသွပ်သော ဘုံလျှို၊ မြက်အစာသွပ်သော ဘုံလျှို၊ သစ်ရွက်အစာသွပ်သော ဘုံလျှိုဟူ၍ ဘုံလျှိုငါးမျိုး တို့တည်း။
ဖျာအခင်း မည်သည် လျှော်ဖြင့် ပြုလုပ်သောဖျာ၊ ပန်းရင်းဖြင့် ပြုလုပ်သောဖျာ၊ ဖြူဆံမြက်ဖြင့် ပြုလုပ်သော ဖျာ၊ ပြိတ်မြက်ဖြင့် ပြုလုပ်သောဖျာတည်း၊ (ထိုဖျာအားလုံးသည်) အတွင်း၌ ခေါက်သွင်း၍ ဖွဲ့ချုပ်သည်ချည်းတည်း။
ခင်း၍ဟူသည် ကိုယ်တိုင် ခင်း၍။
ခင်းစေ၍ဟူသည် သူတစ်ပါးကို ခင်းစေ၍။
ရဟန်းမဟုတ်သူကို ခင်းစေအံ့၊ စေခိုင်းသော ရဟန်း၏့တာဝန်ဖြစ်၏၊
ရဟန်းကို ခင်းစေအံ့၊ ခင်းသော ရဟန်း၏ တာဝန်ဖြစ်၏။
ဖဲသွားသော် ထိုသံဃိက ညောင်စောင်း အင်းပျဉ်စသည်ကို မသိမ်းငြားအံဟူသည် ကိုယ်တိုင် မသိမ်းဆည်း ငြားအံ့။
မသိမ်းစေငြားအံ့ဟူသည် သူတစ်ပါးကို မသိမ်းဆည်းစေငြားအံ့။
မပန်ကြားမူ၍လည်း ဖဲသွားငြားအံ့ဟူသည် ရဟန်းကိုသော်လည်းကောင်း၊ သာမဏေကိုသော်လည်း ကောင်း၊ အရံစောင့်ကိုသော်လည်းကောင်း မပန်ကြားဘဲ အားအလတ်ရှိသော ယောက်ျား၏ ခဲတစ်ကျကို လွန်စေသော ရဟန်းအား ပါစိတ်အာပတ် သင့်၏။
၁၁၂။ သံဃိက 'သံဃာပိုင်' ပစ္စည်း၌ သံဃိက 'သံဃာပိုင်' ပစ္စည်းဟု အမှတ်ရှိ၍ လွင်တီးခေါင်၌ ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုပစ္စည်းကို မသိမ်းငြားအံ့၊ မသိမ်း စေငြားအံ့၊ မပန်ကြားမူ၍သော်လည်း သွားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
သံဃိက 'သံဃာပိုင်' ပစ္စည်း၌ ယုံမှားရှိသည်ဖြစ်၍။ပ။ သံဃိက 'သံဃာပိုင်' ပစ္စည်း၌ ပုဂ္ဂလိက 'ပုဂ္ဂိုလ်ပိုင်' ပစ္စည်းဟု အမှတ်ရှိသည်ဖြစ်၍ လွင်တီးခေါင်၌ ခင်း၍သော်လည်းကောင်း၊ ခင်းစေ၍သော် လည်းကောင်း ဖဲသွားသော် ထိုပစ္စည်းကို မသိမ်းငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း သွားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ပုဆိုးအခင်းကိုသော်လည်းကောင်း၊ အပေါ်လွှမ်းအခင်းကိုသော်လည်းကောင်း၊ မြေအခင်းကိုသော်လည်း ကောင်း၊ ကတ်ကျစ် (ဖျာ) အခင်းကိုသော်လည်းကောင်း၊ သားရေပိုင်းအခင်းကိုသော်လည်းကောင်း၊ ခြေသုတ် ကြိုးဝန်းကိုသော်လည်းကောင်း၊ ပျဉ်ချပ်အင်းပျဉ်ကိုသော်လည်းကောင်း၊ လွင်တီးခေါင်၌ ခင်း၍သော်လည်း ကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအခင်းစသည်ကို မသိမ်းငြားအံ့၊ မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကပစ္စည်း၌ သံဃိကပစ္စည်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကပစ္စည်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ပုဂ္ဂလိကပစ္စည်းကို ပုဂ္ဂလိကပစ္စည်းဟု အမှတ်ရှိရာ၌ တစ်ပါးသော ပုဂ္ဂိုလ်၏ ပစ္စည်းဖြစ်မူ ဒုက္ကဋ် အာပတ် သင့်၏။
မိမိကိုယ်ပိုင်ပစ္စည်းဖြစ်မူ အာပတ် မသင့်။
၁၁၃။ သိမ်း၍ သွားအံ့၊ သိမ်းစေ၍ သွားအံ့၊ ပန်ကြား၍ သွားအံ့၊ သွေ့ခြောက်စေလို၍ သွားအံ့၊ တစ်စုံတစ်ခုသော ဘေးရန်နှိပ်စက်၍ မသိမ်းဘဲ သွားအံ့၊ ဘေးရန်ဥပဒ် ဖြစ်ပေါ်လတ်သဖြင့် မသိမ်းဘဲ သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထ ပဌမသေနာသနသိက္ခာပုဒ် ပြီး၏။ ၁။ ရှေးဆရာကြီးများသည် ကတ်ကျစ်အခင်း ခတ်အခင်းဟု မြန်မာပြန်သည်၊ နေရာထိုင်ရာ အခင်းအထူးပင်တည်း။