၁၉၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ထုလ္လနန္ဒာရဟန်းမိန်းမသည် တစ်ဦးသော အမျိုး၏ အိမ်သို့ ကပ်ရောက်သော ဆရာဖြစ်၍ အမြဲဆွမ်းခံ (ဆွမ်းစား) လေ့ရှိ၏၊
ထိုသူကြွယ်သည် လည်း မထေရ်ဖြစ်ကုန်သော ရဟန်းတို့ကို ပင့်ဖိတ်ထားကုန်၏။
ထိုအခါ ထုလ္လနန္ဒာရဟန်းမိန်းမသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ထိုအမျိုးအိမ်သို့ ချဉ်းကပ်ပြီး၍
ထိုသူကြွယ်ကို-
''သူကြွယ် ဤများစွာသော ခဲဖွယ်ဘောဇဉ်တို့ကို အဘယ်အကျိုးငှါ စီရင်ထားသနည်း''ဟု မေး၏။
အသျှင်မ အကျွန်ုပ်သည် မထေရ်ကြီးတို့ကို ပင့်ဖိတ်ထားပါ၏ဟု (လျှောက်၏)။
သူကြွယ် ထိုမထေရ်ကြီးတို့ဟူသည် အဘယ် ပုဂ္ဂိုလ်တို့နည်းဟု (မေးပြန်ရာ) -
အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကစ္စည်း အသျှင်မဟာကောဋ္ဌိက အသျှင် မဟာကပ္ပိန အသျှင်မဟာစုန္ဒ အသျှင်အနုရုဒ္ဓါ အသျှင်ရေဝတ အသျှင်ဥပါလိ အသျှင်အာနန္ဒာ အသျှင် ရာဟုလာတို့တည်းဟု (လျှောက်၏)။
သူကြွယ် ရဟန္တာပုဂ္ဂိုလ်ကြီးတို့သည် ထင်ရှားတည်ရှိပါကုန်လျက် အဘယ့်ကြောင့် သင်သည် ရဟန်းငယ်တို့ကို ပင့်ဖိတ်ဘိသနည်းဟု (ဆိုပြန်ရာ) -
အသျှင်မ သင်၏ ရဟန္တာပုဂ္ဂိုလ်ကြီးတို့ဟူသည် အဘယ်တို့နည်းဟု (မေးလျှောက်၏)။
သူကြွယ် အသျှင်ဒေဝဒတ် အသျှင်ကောကာလိက အသျှင်ကဋမောဒကတိဿက အသျှင်ခဏ္ဍဒေဝိပုတ္တ အသျှင်သမုဒ္ဒဒတ္တတို့တည်းဟု (ဆို၏)။
ထုလ္လနန္ဒာရဟန်းမိန်းမ၏ ဤစကားသည် မပြီးဆုံးမီ ထိုမထေရ်ကြီး ရဟန်းတို့သည် ဝင်လာကုန်၏။
သူကြွယ် သင်ပင့်ဖိတ်ထားသော ပုဂ္ဂိုလ်တို့သည် ရဟန္တာကြီးတို့ မှန်ကြပါ၏ဟု (ဆိုပြန်ရာ) -
''သင်သည် ယခုပင်လျှင် အသျှင်တို့ကို ရဟန်းငယ်ပြု၍
ယခုတစ်ဖန် ရဟန္တာကြီးတို့ဟု ဆိုပြန်၏''ဟု (ပြောဆိုလျက်)
ထုလ္လနန္ဒာကို အိမ်မှ နှင်ထုတ်၏၊ နိစ္စဘတ်ဆွမ်းဝတ်ကိုလည်း ဖြတ်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဒေဝဒတ်သည် ရဟန်းမိန်းမ တိုက်တွန်း စီရင် အပ်သော ဆွမ်းကို သိလျက် သုံးဆောင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဒေဝဒတ် သင်သည် ရဟန်းမိန်းမ တိုက်တွန်း စီရင်အပ်သော ဆွမ်းကို သိလျက် သုံးဆောင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် ရဟန်းမိန်းမ တိုက်တွန်း စီရင်အပ်သော ဆွမ်းကို သိလျက် သုံးဆောင်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် ရဟန်းမိန်းမတို့ တိုက်တွန်း စီရင်အပ်သော ဆွမ်းကို သိလျက် သုံးဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၁၉၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်ပြည်မှ ရဟန်းပြု၍ အဆွေအမျိုးတို့ထံသို့ သွား၏။
လူတို့သည်
''အသျှင်ကောင်းသည် ကြာမြင့်မှ ကြွလာ၏''ဟု (နှလုံးသွင်း၍) ရိုသေစွာ ဆွမ်းကို့စီရင်ကုန်၏။
ထိုအမျိုး၏ အိမ်သို့ ကပ်ရောက်သော ရဟန်းမိန်းမသည် ထိုလူတို့ကို
''ဒါယကာတို့ အသျှင့်အား ဆွမ်းကို ပေးလှူကြကုန်လော့''ဟု ဆို၏။
ထိုအခါ ထိုရဟန်းသည်
''ရဟန်းမိန်းမ တိုက်တွန်း စီရင်အပ်သော ဆွမ်းကို သိလျက် သုံးဆောင်ခြင်းကို မြတ်စွာဘုရားသည် ပယ်တော်မူ၏''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူ
ဆွမ်းခံသွားခြင်းငှါလည်း မတတ်နိုင်ချေ၊ ဆွမ်းပြတ်လေ၏ 'ဆွမ်းမစားရ'။
ထိုအခါ ထိုရဟန်းသည် ကျောင်းအရံသို့ သွား၍ ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-
''ရဟန်းတို့ ရှေး၌ လူတို့စီမံအပ်ပြီးသည် ရှိသော် ရဟန်းမိန်းမ စီရင်အပ်သော ဆွမ်းကို သိလျက် သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၉၄။ ''အကြင်ရဟန်းသည် (ရဟန်းမိန်းမ စီရင်သည်မှ) ရှေး၌ လူတို့ စီရင်အပ်သော ဆွမ်းကို ကြဉ်၍ ရဟန်းမိန်းမ စီရင်အပ်သော ဆွမ်းကို သိလျက် သုံးဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၉၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့ကသော်လည်း ထိုရဟန်းအား ပြော ကြားကုန်၏၊ ထိုရဟန်းမိန်းမကသော်လည်း ပြောကြား၏။
ရဟန်းမိန်းမ မည်သည် ဥဘတောသံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမတည်း။
စီရင်၏ မည်သည် ရှေး၌ မလှူလိုကုန်သော မပြုလိုကုန်သော သူတို့အား
အသျှင်သည် နိကာယ် ငါးပါးကို ဆောင်၏၊ အသျှင်သည် ဗဟုသုတ ရှိ၏၊ အသျှင်သည် သုတ္တန်ကို ဆောင်နိုင်၏၊ အသျှင်သည် ဝိနည်းကို ဆောင်၏၊ အသျှင်သည် တရားဟောပုဂ္ဂိုလ်တည်း၊ အသျှင့်အား ပေးလှူကုန်လော့၊ အသျှင့်အား ပြုစုကုန်လော့ဟု (ဆို၏)၊ ဤကား စီမံသည် မည်၏။
ဆွမ်း မည်သည် ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်တည်း။
ရှေး၌ လူတို့စီရင်အပ်သော ဆွမ်းကို ကြဉ်၍ဟူသည် လူတို့ စီရင်သော ဆွမ်းကို ထား၍။
လူတို့စီရင်သည် မည်သည် ဆွေမျိုးတို့သော်လည်းကောင်း၊ ဖိတ်မန်သောသူတို့သော်လည်းကောင်း၊
ပကတိစီရင်သော သူတို့သော်လည်းကောင်း ဖြစ်ကုန်၏။
၁၉၆။ ရှေး၌ လူတို့စီရင်အပ်သော ဆွမ်းကို ကြဉ်၍ သုံးဆောင်အံ့ဟု အကယ်၍ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းမိန်းမ စီရင်သည်၌ စီရင်၏ဟု အမှတ်ရှိသည်ဖြစ်၍ ရှေး၌ လူတို့စီရင်သော ဆွမ်းကို ကြဉ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမိန်းမ စီရင်သည်၌ ယုံမှားရှိသည် ဖြစ်၍ ရှေး၌ လူတို့စီရင်သော ဆွမ်းကို ကြဉ်၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊
ရဟန်းမိန်းမ စီရင်သည်၌ မစီရင်ဟု အမှတ်ရှိသည်ဖြစ်၍ ရှေး၌ လူတို့စီရင်သော ဆွမ်းကို ကြဉ်၍ သုံးဆောင်အံ့၊ အာပတ် မသင့်။
ရှေး၌ လူတို့စီရင်သော ဆွမ်းကို ကြဉ်၍ တစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်မိန်းမသည် စီရင်သော ဆွမ်းကို သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မစီရင်ရာ၌ စီရင်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မစီရင်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မစီရင်ရာ၌ မစီရင်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၉၇။ ရှေး၌ လူတို့စီရင်သော ဆွမ်း၌ အာပတ် မသင့်၊ သိက္ခမာန်သည် စီရင်အံ့၊ သာမဏေမသည် စီရင်အံ့၊ အာပတ် မသင့်။ ဘောဇဉ်ငါးပါးတို့ကို ကြဉ်ထား၍ အလုံးစုံသော ခဲဖွယ်တို့၌ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ ပရိပါစိတသိက္ခာပုဒ် ပြီး၏။