Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

7. Dhammadesanāsikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၆၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
အသျှင်ဥဒါယီသည် သာဝတ္ထိပြည်၌ အိမ်သို့ ကပ်တက်သော ရဟန်းဖြစ်၏၊ အိမ်ပေါင်းများစွာသို့ ချဉ်းကပ်၏။
အသျှင်ဥဒါယီသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် အိမ်တစ်အိမ် သို့ချဉ်းကပ်၏။
ထိုအခါ အိမ်ရှင်မသည် အိမ်တံခါးဝ၌ နေ၏၊ အိမ်ရှင်မ၏ ချွေးမကား အခန်းတံခါးဝ၌နေ၏။
ထို့နောက် အသျှင်ဥဒါယီသည် အိမ်ရှင်မထံသို့ ချဉ်းကပ်ပြီးလျှင်
အိမ်ရှင်မ၏ နားရင်းသို့ ကပ်၍တရားဟော၏။
ထိုအခါ ချွေးမဖြစ်သူအား ''အသို့နည်း ထိုရဟန်းသည် ငါ့ယောက္ခမ၏ သယောက်လင် 'လင်ငယ်' လေလော၊ သို့မဟုတ် ပြက်ရယ်ပြောဆိုလေသလော''ဟု အကြံဖြစ်၏။
ထိုအခါ အသျှင်ဥဒါယီ့သည် အိမ်ရှင်မ၏ နားရင်းသို့ ချဉ်းကပ်၍ တရားဟောပြီးလျှင်
အိမ်ရှင်မ၏ ချွေးမထံသို့ ချဉ်းကပ်၍ချွေးမ၏ နားရင်းသို့ ကပ်၍ တရားဟော၏။
ထိုအခါ အိမ်ရှင်မအား ''အသို့နည်း ထိုရဟန်းသည်ငါ့ချွေးမ၏ သယောက်လင် 'လင်ငယ်'လေလော၊ သို့မဟုတ် ပြက်ရယ်ပြောဆိုလေသလော''ဟုအကြံဖြစ်၏။
ထို့နောက် အသျှင်ဥဒါယီသည် ချွေးမဖြစ်သူ၏ နားရင်းသို့ ကပ်၍ တရားဟောပြီးလျှင်ပြန်ကြွသွား၏။
ထိုအခါ အိမ် ရှင်မသည် ချွေးမကို ''ဟယ် ချွေးမ ဤရဟန်းသည် သင့်အား အဘယ်စကားကိုပြောဆိုဘိသနည်း''ဟု မေး၏။
အရှင်မ အကျွန်ုပ်အား တရားကို ဟောပါ၏၊ အရှင်မကိုမူကား အဘယ်စကားကို ပြောဆိုပါသ နည်းဟု (ပြန်မေး၏)။
ငြါ့ကိုလည်း တရားဟော၏''ဟု (ဆို၏)။
ထိုမိန်းမတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် နားရင်းသို့ ကပ်၍ တရားဟောဘိသနည်း၊ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တရားဟောသင့်သည် မဟုတ်ပါလော''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုမိန်းမတို့၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် မာတုဂါမအား တရားဟောဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည်အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ဥဒါယီ သင်သည် မာတုဂါမအား တရားဟော၏ဟူသည် မှန်သလော''ဟုစိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအဘယ့်ကြောင့် သင်သည် မာတုဂါမအား တရားဟောဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သောယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် မာတုဂါမအား တရားကို ဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၆၁။ ထိုအခါ ဥပါသိကာမတို့သည် ရဟန်းတို့ကို တွေ့မြင်လျှင် ''အသျှင်ဘုရားတို့ တောင်းပန်ပါ သည်တရားဟောကြပါကုန်လော''ဟု လျှောက်ကြကုန်၏။
နှမ မာတုဂါမအား တရားဟောခြင်းငှါ မအပ်ဟု (ဆိုကြကုန်၏)။
အသျှင်တို့ တောင်းပန်ပါ၏၊ ငါးခွန်း ခြောက်ခွန်းသော စကားတို့ဖြင့် တရားဟောကြပါကုန်လော့၊ ဤမျှလောက်ဖြင့် တရားကို သိခြင်းငှါ တတ်ကောင်းပါ၏ဟု (လျှောက်ကြကုန်၏)။
''နှမ မာတုဂါမအား တရားဟောခြင်းငှါ မအပ်''ဟု (ပြောဆိုပြီး) တွေးတောမူ 'သံသယကုကု္ကစ္စ'ရှိကြကုန်၍ တရားမဟောကြကုန်။
ဥပါသိကာမတို့သည် ''အဘယ့်ကြောင့် အသျှင်တို့သည် ငါတို့က တောင်းပန် တိုက်တွန်းအပ်ကုန် လျက်တရားကို မဟောကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ဥပါသိကာမတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားတို့ကို ကြားကြ့သည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ရဟန်းတို့ကို-
''ရဟန်းတို့မာတုဂါမအားငါးခွန်းခြောက်ခွန်းသော စကားတို့ဖြင့်တရားဟောခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ခ) ''အကြင်ရဟန်းသည် မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကိုဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန် လော့ဟု မိန့်တော် မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၆၂။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''မြတ်စွာဘုရားသည် မာတုဂါမအား ငါးခွန်းခြောက်ခွန်းသောစကားတို့ဖြင့် တရားဟောခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မသိမလိမ္မာသော ယောက်ျားကို အနီး၌ နေစေ၍ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် မာတုဂါမအား တရားဟောကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မသိမလိမ္မာသောယောက်ျားကို အနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏၊
ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် မသိမလိမ္မာသော ယောက်ျားကိုအနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မသိမလိမ္မာသော ယောက်ျားကို အနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အားကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၆၃။ ''အကြင်ရဟန်းသည် သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ မာတုဂါမအားငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကို ဟော ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။
၆၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍အလိုရှိအပ်၏။
မာတုဂါမ မည်သည် လူမိန်းမတည်း၊
ဘီလူး (နတ်) မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊
ကောင်းသောစကား မကောင်းသောစကား၊ ရုန့်ရင်းသောစကား မရုန့်ရင်းသောစကားကို သိခြင်းငှါစွမ်းနိုင်သူ လူမိန်းမတည်း။
ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့်ဟူသည် ငါးခွန်း ခြောက်ခွန်းထက် အပိုအလွန်စကားတို့ဖြင့်။
တရား မည်သည် ဘုရားဟောတရား သာဝကဟောတရား ရသေ့ဟောတရား နတ်ဟောတရားအဋ္ဌကထာနှင့်စပ်သောတရား ပါဠိတော်နှင့်စပ်သော တရားတည်း။
ဟောငြားအံ့ဟူသည် ပုဒ်ဖြင့် ဟောအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။
အက္ခရာဖြင့်ဟောအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။
သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ဟူသည် သိကြားလိမ္မာသော လူယောက်ျားကို ဖယ်ထား၍။
သိကြားလိမ္မာသူ မည်သည် ကောင်းသောစကား မကောင်းသောစကား၊ ရုန့်ရင်းသောစကားမရုန့်ရင်းသော စကားကို သိခြင်းငှါ စွမ်းနိုင်သူ လူယောက်ျားတည်း။
၆၅။ မာတုဂါမကို မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်းခြောက်ခွန်းထက်ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။
မာတုဂါမ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်းခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။
ဘီလူးမအားလည်းကောင်း၊ ပြိတ္တာမအားလည်းကောင်း၊ ပဏ္ဍုက်အားလည်းကောင်း၊ လူယောင်ဆောင်သော တိရစ္ဆာန်မအားလည်းကောင်း သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်းခြောက်ခွန်း ထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူကို မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မာတုဂါမ မဟုတ်သူကို မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၆၆။ သိကြားလိမ္မာသောသူ လူယောက်ျား အနားမှာ ရှိသည်ဖြစ်၍ တရားဟောအံ့၊ ငါးခွန်းခြောက်ခွန်းသော စကားတို့ဖြင့် တရားဟောအံ့၊ ငါးခွန်း ခြောက်ခွန်းအောက် ယုတ်လျော့၍တရားဟောအံ့၊ ထပြီး တစ်ဖန် ထိုင်၍ တရားဟောအံ့၊ ထပြီး တစ်ဖန် ပြန်ထိုင်သော မာတုဂါမအားတရားဟောအံ့၊ တစ်ပါးသော မာတုဂါမအား တရားဟောအံ့၊ အမေးပုစ္ဆာကို မေးအံ့၊ အမေးပုစ္ဆာမေးသည်ကို ဖြေဆိုအံ့၊ သူတစ်ပါး၏ အကျိုးငှါ ပြောဆိုသည်ကို မာတုဂါမ ကြားနာအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမ ဓမ္မဒေသနာသိက္ခာပုဒ် ပြီး၏။ ၁-မုသာဝါဒဝဂ်