Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

3. Khambhakatavaggo

Author: my-tipitaka @ visuddhinanda

၅၉၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခါးထောက်၍ ရွာတွင်း၌ သွားကုန်၏။ပ။
၁၆၆။ ၂၁- ''ခါးထောက်၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ခါးထောက်၍ ရွာတွင်း၌ မသွားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တစ်ဖက်ဖြင့် ဖြစ်စေ နှစ်ဖက်လုံးဖြင့် ဖြစ်စေ ခါးထောက်၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမသိက္ခာပုဒ်ပြီး၏။
၅၉၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခါးထောက်၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၆၇။ ၂၂- ''ခါးထောက်၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ခါးထောက်၍ ရွာတွင်း၌ မနေထိုင်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ တစ်ဖက်ဖြင့် ဖြစ်စေ နှစ်ဖက်လုံးဖြင့် ဖြစ်စေ ခါးထောက်၍ ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသောရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဉ်းကပ်သော ရဟန်း 'ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း' အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယသိက္ခာပုဒ်ပြီး၏။
၅၉၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခေါင်းမြီးခြုံ၍ ရွာတွင်း၌ သွားကုန်၏။ပ။
၁၆၈။ ၂၃- ''ခေါင်းမြီးခြုံ၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ခေါင်းမြီးခြုံ၍ ရွာတွင်း၌ မသွားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ခေါင်းမြီးခြုံ၍ ရွာတွင်း၌ သွားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယသိက္ခာပုဒ်ပြီး၏။
၅၉၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခေါင်းမြီးခြုံ၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၆၉။ ၂၄- ''ခေါင်းမြီးခြုံ၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ခေါင်းးမြီးခြုံ၍ ရွာတွင်း၌ မနေထိုင်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ခေါင်းမြီးခြုံ၍ ရွာတွင်း၌ နေထိုင်အံ့ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဉ်းကပ်သော ရဟန်း 'ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း'အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
စတုတ္ထသိက္ခာပုဒ်ပြီး၏။
၆၀၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဖဝါးစွန်းဖြင့် နင်း၍ ရွာတွင်း၌ သွားကုန်၏။ပ။
၁၇၀။ ၂၅- ''ဖဝါးစွန်းဖြင့် နင်း၍ ရွာတွင်း၌ မသွားအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဖဝါးစွန်းဖြင့်နင်း၍ ရွာတွင်း၌ မသွားအပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဖဝါးစွန်းဖြင့် နင်း၍ သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမသိက္ခာပုဒ်ပြီး၏။
၆၀၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် အာယောဂပတ်ဖွဲ့၍ ရွာတွင်း၌ နေထိုင်ကုန်၏။ပ။
၁၇၁။ ၂၆- ''အာယောဂပတ်ဖွဲ့၍ ရွာတွင်း၌ မနေထိုင်အံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
အာယောဂပတ်ဖွဲ့၍ ရွာတွင်း၌ မနေထိုင်အပ်။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ (ဒူးကို သိုင်းလျက် လက်ခြင်းယှက်သော) လက် အာယောဂပတ်ဖွဲ့သဖြင့်လည်းကောင်း၊ (မြင်းခေါင်း ကျောက်ဆစ် အဝတ်ရစ်သော) ပုဆိုးအာယောဂ ပတ်ဖွဲ့သဖြင့်လည်းကောင်း ရွာတွင်း၌ နေထိုင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်း၊ နေခြင်းငှါ ချဉ်းကပ်သော ရဟန်း 'ရွာတွင်း၌ ခေတ္တတည်းခိုနေသော ရဟန်း' အား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။
ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌသိက္ခာပုဒ်ပြီး၏။
၆၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စွန့်ပစ်လိုသကဲ့သို့ ဆွမ်းကို မရိုမသေခံယူကုန်၏။ပ။
၁၇၂။ ၂၇- ''ဆွမ်းကို ရိုသေစွာ ခံယူအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းကို ရိုသေစွာ ခံယူအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ စွန့်ပစ်လိုသကဲ့သို့ ဆွမ်းကို မရိုမသေ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမသိက္ခာပုဒ်ပြီး၏။
၆၀၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုထိုအရပ်သို့ ကြည့်ရှုလျက် ဆွမ်းကို ခံယူသဖြင့် လောင်းသည်တို့ကိုလည်း မသိလိုက်ကုန်၊ လွန်စေသည် 'ကန်တော့သည်'တို့ကိုလည်း မသိလိုက်ကုန်။ပ။
၁၇၃။ ၂၈- ''သပိတ်၌ အမှတ်ထားသည်ဖြစ်၍ ဆွမ်းကို ခံယူအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
သပိတ်၌ အမှတ်ထားသည် ဖြစ်၍သာလျှင် ဆွမ်းကို ခံယူအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ထိုထိုအရပ်သို့ ကြည့်ရှုလျက် ဆွမ်းကို ခံယူအံ့ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း။ပ။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
အဋ္ဌမသိက္ခာပုဒ်ပြီး၏။
၆၀၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းခံဝင်ရာတွင် ဟင်းလျာကို သာလျှင် များစွာ ခံယူကုန်၏။ပ။
၁၇၄။ ၂၉- ''ဟင်းနှင့်ညီမျှသော ဆွမ်းကိုခံယူအံ့ဟု ကျင့်ကြံအားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဟင်း မည်သည် လက်ကော်ရ ပဲနောက်ဟင်း၊ လက်ကော်ရ ပဲကြီးဟင်းဟူသော ဟင်းနှစ်မျိုး တို့တည်း။
(ပဲနောက် ပဲကြီး) ဟင်းနှင့်ညီမျှသော ဆွမ်းကိုသာလျှင် ခံယူအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဟင်းကိုသာလျှင် များစွာ ခံယူအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်း၊ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ အရသာရှိသော ငါး, အမဲစသော ဟင်းရည်၌ အာပတ် မသင့်။ ဆွေမျိုးတော်သူ ပင့်ဖိတ်သောသူတို့၏ ဟင်းကို ခံယူသော ရဟန်း၊ သူတစ်ပါးအကျိုးငှါ ခံယူသော ရဟန်း၊ မိမိဥစ္စာဖြင့် ခံယူသော ရဟန်းအား အာပတ် မသင့်။ ဘေးရန်တို့ကြောင့် အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမသိက္ခာပုဒ်ပြီး၏။
၆၀၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကို မောက်တက်လာအောင် ခံယူကုန်၏။ပ။
၁၇၅။ ၃၀- ''ဆွမ်းကို သပိတ်အတွင်း အနားရေးနှင့် ညီမျှရုံ ခံယူအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဆွမ်းကို သပိတ်အတွင်း အနားရေးနှင့် ညီမျှရုံ ခံယူအပ်၏။
အကြင်ရဟန်းသည် (သိက္ခာပုဒ်၌) မရိုသေခြင်းကို စွဲ၍ ဆွမ်းကို မောက်တက်လာအောင် ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
စေတနာမရှိသော ရဟန်း၊ သတိမေ့လျော့သော ရဟန်း၊ မသိသော ရဟန်းအား အာပတ် မသင့်၊ ဘေးရန်တို့ကြောင့် အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမသိက္ခာပုဒ်ပြီး၏။
တတိယခမ္ဘကတဝဂ် ပြီး၏။