Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

1. Sahadhammikasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၃၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
အသျှင်ဆန္နသည် မကျင့်ထိုက်သော အကျင့်ကို ကျင့်၏၊
ရဟန်းတို့သည် ''ငါ့သျှင်ဆန္န ဤသို့သဘော ရှိသော အမှုကို မပြုပါလင့် ဤအမှုသည် မအပ်''ဟု ပြောဆိုကုန်၏။
ထိုဆန္နသည် ''ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်''ဟု ပြောဆို၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဆန္နသည် ရဟန်းတို့က သိက္ခာပုဒ် တော်နှင့် လျော်ညီစွာ ဆိုဆုံးမသည်ရှိသော် ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်ဟူ၍ ဆိုဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ဆန္န သင်သည် ရဟန်းတို့က သိက္ခာပုဒ်တော်နှင့် လျော်ညီစွာ ဆုံးမသည် ရှိသော် 'ငါ့သျှင်တို့ ကျွမ်းကျင် လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤ သိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်'ဟု ပြောဆို၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသင်သည် အဘယ့်ကြောင့် ရဟန်းတို့က သိက္ခာပုဒ်တော်နှင့် လျော်ညီစွာ ဆိုဆုံးမသည် ရှိသော် ''ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်''ဟု ပြောဆိုဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်း ကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၃၄။ ''အကြင်ရဟန်းသည် ရဟန်းတို့က တရားနှင့်လျော်ညီစွာ ပြောဆိုဆုံးမသည် ရှိသော် 'ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်'ဟု ပြောဆိုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။
ရဟန်းတို့ ကျင့်လိုသော ရဟန်းသည် သိအောင် ပြုရမည်၊ အဖန်တလဲလဲ မေးမြန်းရမည်၊ အဖန်တလဲလဲ စုံစမ်းဆင်ခြင်ရမည်၊
ဤသို့ ပြုခြင်းသည် ထိုသိက္ခာပုဒ်ကို ကျင့်လိုရာ၌ ကျင့်ဝတ်တည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၃၅။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းတို့ကဟူသည် အခြားသော ရဟန်းတို့သည်။
တရားနှင့်လျော်ညီစွာ မည်သည် မြတ်စွာဘုရားပညတ်တော်မူသော သိက္ခာပုဒ်တော်သည် တရားနှင့် လျော်သည် မည်၏။
ထိုသိက္ခာပုဒ်တော်ဖြင့် ဆိုဆုံးမသည်ရှိသော် ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်ဟူသည် ဝိနည်းသိက္ခာပုဒ်၌ ကျွမ်းကျင်ထက်မြက်သော၊ အကြားအမြင်များသော၊ တရားစကားကို ပြောဆိုတတ် သော ပညာရှိရဟန်းကို မေးဦးအံ့ဟု ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
၄၃၆။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ဤသို့ ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ဤသို့ ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ဤသို့ ပြောဆိုအံ့၊ ပါစိတ်အာပတ် သင့်၏။
ပညတ်တော်မဟုတ်သော သိက္ခာပုဒ်ဖြင့် ဆိုဆုံးမသည်ရှိသော်
''ဤသိက္ခာပုဒ်သည် ကိလေသာကို မခေါင်းပါးစေနိုင်၊ ကိလေသာကို မခါတွက်စေနိုင်၊ ကြည်ညိုဖွယ်ကို မဆောင်စေနိုင်၊ ကိလေသာကို မပယ် စေနိုင်၊ လုံ့လထုတ်ခြင်းငှါ မဖြစ်နိုင်''ဟု ပြောဆို၏၊ ''ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်၊ ကျွမ်းကျင် ထက်မြက်သော အကြားအမြင်များသော တရားစကားကို ပြောဆိုတတ်သော ပညာရှိရဟန်းကို မေးဦးအံ့''ဟု ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူသည် ပညတ်တော်ဟုတ်, မဟုတ်သော သိက္ခာပုဒ်ဖြင့် ဆိုဆုံးမသည်ရှိသော်
''ဤသိက္ခာပုဒ်သည် ကိလေသာကို မခေါင်းပါးစေနိုင်၊ ကိလေသာကို မခါတွက်စေနိုင်၊ ကြည်ညိုဖွယ်ကို မဆောင်စေနိုင်၊ ကိလေသာကို မပယ်စေနိုင်၊ လုံ့လထုတ်ခြင်းငှါ မဖြစ်နိုင်''ဟု ပြောဆို၏၊ ''ငါ့သျှင်တို့ ကျွမ်းကျင်လိမ္မာသော အခြား ဝိနည်းဓိုရ် ရဟန်းကို မမေးရသေးသမျှ ကာလပတ်လုံး ငါသည် ဤ သိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်၊ ဝိနည်းသိက္ခာပုဒ်၌ ကျွမ်းကျင်ထက်မြက်သော အကြားအမြင်များသော တရားစကားကို ပြောဆိုတတ်သော ပညာရှိရဟန်းကို မေးဦးအံ့''ဟု ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ကျင့်လိုသောဟူသည် ကျင့်ခြင်းငှါ အလိုရှိသော သူတည်း။
သိအောင် ပြုရမည်ဟူသည် သိရမည်။
အဖန်တလဲလဲ မေးမြန်းရမည်ဟူသည် အသျှင်ဘုရား ဤသိက္ခာပုဒ်သည် အဘယ်အခြင်းအရာဖြင့် ပြီးသနည်း၊
ဤသိက္ခာပုဒ်၏ အနက်ကား အဘယ်ပါနည်းဟု မေးမြန်းရမည်။
အဖန်တလဲလဲ စုံစမ်း ဆင်ခြင်ရမည်ဟူသည် ကြံစည်ရမည် နှိုင်းချိန်ရမည်။
ဤသို့ ပြုခြင်းသည် ထိုသိက္ခာပုဒ်ကို ကျင့်လိုရာ၌ ကျင့်ဝတ်တည်းဟူသည် ဤသို့ ပြုခြင်းသည် ထိုသိက္ခာပုဒ်တော်ကို ကျင့်လိုရာ၌ တရားနှင့်လျော်သော အကျင့်တည်း။
၄၃၇။ ''သိအံ့ ကျင့်အံ့''ဟု ပြောဆိုအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဌမ သဟဓမ္မိကသိက္ခာပုဒ် ပြီး၏။