Issues
Select Version
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

5. Talasattikasikkhāpadaṃ

Author: my-tipitaka @ visuddhinanda

၄၅၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံး မသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီရဟန်းတို့အား လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်၏။
ထိုရဟန်းတို့သည် ပုတ်ခတ်ခြင်း ခံရဖန်များသောကြောင့် ငိုကြွေးကုန်၏။
ရဟန်းတို့သည် ''ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကုန်သနည်း''ဟု မေးကုန်၏။
ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ ငါတို့အား လက်ဝါး ဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်၏ဟု (ပြောဆိုကုန်၏)။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီရဟန်းတို့အား လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ရဟန်းတို့ သင်တို့သည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီရဟန်းတို့အား လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ သတ္တရသဝဂ္ဂီ ရဟန်းတို့အား လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၅၅။ ''အကြင်ရဟန်းသည် ရဟန်းအား အမျက်ထွက်သည် ဖြစ်၍ နှလုံး မသာသည် ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၅၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းအားဟူသည် အခြားသော ရဟန်းအား။
အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ဟူသည် မမွေ့လျော်သည်ဖြစ်၍ ထိခိုက်သော စိတ်ရှိ့သည်ဖြစ်၍ ငြောင့်ကဲ့သို့ ဖြစ်သော စိတ်ရှိသည်ဖြစ်၍။
လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့ဟူသည် ကိုယ်ကိုသော်လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဝတ္ထုကိုသော်လည်းကောင်း အယုတ်အားဖြင့် ကြာရွက်ကိုသော်လည်း မြှောက်အံ့၊ ပါစိတ်အာပတ် သင့်၏။
၄၅၇။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူအား အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။
၄၅၈။ တစ်စုံတစ်ယောက်သော သူသည် ညှဉ်းဆဲသောကြောင့် လွတ်စေလိုသော သဘောရှိသည် ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ပဉ္စမ တလသတ္တိကသိက္ခာပုဒ် ပြီး၏။