Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

6. Cīvarasibbanasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၁၇၅။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်ဥဒါယီသည် သင်္ကန်းချုပ်ခြင်းအမှုကို ပြုခြင်းငှါ တတ်ကျွမ်းလိမ္မာ၏။
ရဟန်းမိန်းမတစ်ပါးသည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဥဒါယီကို
''အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်၏ သင်္ကန်းကို ချုပ်ပေးပါလော့''ဟု လျှောက်၏။
ထိုအခါ အသျှင်ဥဒါယီသည် ထိုရဟန်းမိန်းမ၏ သင်္ကန်းကို ချုပ်၍ ကောင်းစွာဆိုး ကောင်းစွာ အပြေအပြစ် ပြုပြီးလျှင် အလယ်၌ မိမိဉာဏ်အထင်ဖြင့် ပြုလုပ်သော ဆန်းကြယ်သော (မိန်းမ ယောက်ျား) အရုပ်ကို ကောင်းစွာ ထင်စေ၍ ခေါက်ထား၏။
ထိုအခါ ထိုရဟန်းမိန်းမသည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီကို
''အသျှင်ဘုရား ထို သင်္ကန်းသည် အဘယ်မှာနည်း''ဟု လျှောက်၏။
''နှမ ယူလော့ ဤသင်္ကန်းကို ခေါက်ထားသည့်အတိုင်း ဆောင် ယူသိမ်းထား၍ ရဟန်းမိန်းမသံဃာသည် အဆုံးအမခံရာ အရပ်သို့ လာသောအခါ ဤသင်္ကန်းကို ရုံ၍ ရဟန်းမိန်းမသံဃာ၏ နောက်မှ နောက်မှ လိုက်၍ လာလော့''ဟု (ဆို၏)။
ထိုအခါ ထိုရဟန်းမိန်းမသည် ထိုသင်္ကန်းကို ခေါက်ထားသည့်အတိုင်း ဆောင်ယူသိမ်းထား၍ ရဟန်း မိန်းမသံဃာသည် အဆုံးအမကို ခံယူရန် လာသောအခါ ထိုသင်္ကန်းကို ရုံ၍ ရဟန်းမိန်းမသံဃာ၏ နောက်မှ နောက်မှ လိုက်လာ၏။
လူတို့သည် ''ဤရဟန်းမိန်းမတို့သည် အလွန် အကြောက်အလန့် ကင်းပြတ်ကုန်၏၊ အပျော် အပါးကြူးကုန်၏၊ အရှက်မရှိကုန်၊ အကြင်ရဟန်းမိန်းမတို့စင်လျက် သင်္ကန်း၌ ဆန်းကြယ်သော မိန်းမရုပ် ယောက်ျားရုပ်ကို ထင်စေကုန်ဘိ၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းမိန်းမတို့သည် ''ဤအမှုသည် အဘယ်သူ၏ အမှုနည်း''ဟု ဆိုကုန်၏၊
အသျှင်ဥဒါယီ၏ အမှုတည်းဟု ဆိုလတ်သော်
အကြောက်အလန့် ကင်းပြတ်ကုန် အပျော်အပါးကြူးကုန် အရှက်မရှိကုန် သော သူတို့အားသော်မှလည်း ဤသို့သော အမှုသည် မတင့်တယ်ရာ၊ အသျှင်ဥဒါယီအားမူကား အဘယ်မှာ တင့်တယ်ရာပါအံ့နည်းဟု (ဆိုကုန်၏)။
ထိုအခါ ထိုရဟန်းမိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် ရဟန်းမိန်းမ၏ သင်္ကန်းကို ချုပ်လုပ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဥဒါယီ သင်သည် ရဟန်းမိန်းမ၏ သင်္ကန်းကို ချုပ်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဥဒါယီ သင်နှင့် ဆွေမျိုးတော်စပ်သလော၊ ဆွေမျိုးမတော်စပ်သလောဟု (မေးတော်မူရာ) -
ဆွေမျိုးမတော်စပ်ပါ မြတ်စွာဘုရားဟု (လျှောက်၏)။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဆွေမျိုးမတော်စပ်သော သူသည် ဆွေမျိုး မတော်စပ် သော ရဟန်းမိန်းမ၏ သင်္ကန်းကို ချုပ်သဖြင့် သင့်တော်သည်ကိုလည်းကောင်း၊ မသင့်တော်သည်ကိုလည်း ကောင်း၊ ကြည်ညိုဖွယ်ဖြစ်သည်ကိုလည်းကောင်း၊ ကြည်ညိုဖွယ်မဖြစ်သည်ကိုလည်းကောင်း မသိ၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် ဆွေမျိုးမတော်စပ်သော ရဟန်း မိန်းမ၏ သင်္ကန်းကို ချုပ်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၇၆။ ''အကြင်ရဟန်းသည် ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမ၏ သင်္ကန်းကို ကိုယ်တိုင်မူလည်း ချုပ်ငြားအံ့၊ သူတစ်ပါးကိုမူလည်း ချုပ်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ့်သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၇၇။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ဆွေမျိုးမတော်စပ်သော မည်သည် အမိဘက်မှသော်လည်းကောင်း၊ အဖဘက်မှသော်လည်းကောင်း ဘိုးဘေးခုနစ်ဆက်တိုင်အောင် ဆွေမျိုးမတော်စပ်သော။
ရဟန်းမိန်းမ မည်သည် ဥဘတောသံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမတည်း။
သင်္ကန်း မည်သည် သင်္ကန်းခြောက်ထည်တို့တွင် တစ်ထည်ထည်သော သင်္ကန်းတည်း။
ချုပ်ငြားအံ့ဟူသည် ကိုယ်တိုင်ချုပ်အံ့၊ အပ်နုတ်တိုင်း အပ်နုတ်တိုင်း ပါစိတ်အာပတ် သင့်၏။
ချုပ်စေငြားအံ့ဟူသည် သူတစ်ပါးကို စေခိုင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ကြိမ်စေခိုင်းရာ များစွာလည်း ချုပ်အံ့၊ ပါစိတ်အာပတ် သင့်၏။
၁၇၈။ ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမ၌ ဆွေမျိုးမတော်စပ်ဟု အမှတ်ရှိသည်ဖြစ်၍ သင်္ကန်း ကို ချုပ်မူလည်း ချုပ်အံ့၊ ချုပ်စေမူလည်း ချုပ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမ၌ ယုံမှားရှိသည်ဖြစ်၍ သင်္ကန်းကို ချုပ်မူလည်း ချုပ်အံ့၊ ချုပ်စေမူလည်း ချုပ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
ဆွေမျိုးမတော်စပ်သော ရဟန်းမိန်းမ၌ ဆွေမျိုးတော်စပ်၏ဟု အမှတ်ရှိသည်ဖြစ်၍ ချုပ်မူလည်း ချုပ်အံ့၊ ချုပ်စေမူလည်း ချုပ်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ဖက်သံဃာ၌ ပဉ္စင်းဖြစ်သော ရဟန်းမိန်းမ၏ သင်္ကန်းကို ချုပ်မူလည်း ချုပ်အံ့၊ ချုပ်စေမူလည်း ချုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုးတော်စပ်သော ရဟန်းမိန်းမ၌ ဆွေမျိုးမတော်စပ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုးတော်စပ်သော ရဟန်းမိန်းမ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဆွေမျိုးတော်စပ်သော ရဟန်း မိန်းမ၌ ဆွေမျိုးတော်စပ်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၇၉။ ဆွေမျိုးတော်စပ်သော ရဟန်းမိန်းမ၏ (သင်္ကန်းကို ချုပ်အံ့)၊ သင်္ကန်းကို ထား၍ တစ်ပါး သော ပရိက္ခရာကို ချုပ်မူလည်း ချုပ်အံ့၊ ချုပ်စေမူလည်း ချုပ်စေအံ့၊ အာပတ် မသင့်၊ သိက္ခမာန်၏ သာမဏေမ၏ (သင်္ကန်းကို ချုပ်အံ့)၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌ စီဝရသိဗ္ဗနသိက္ခာပုဒ် ပြီး၏။