Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

9. Mahallakavihārasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၁၃၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်း သုံးနေတော်မူသောအခါ
အသျှင်ဆန္န၏ အလုပ်အကျွေးဖြစ်သော အမတ်ကြီးသည် အသျှင်ဆန္န၏ ကျောင်း ကို ဆောက်လုပ်စေ၏။
ထိုအခါ အသျှင်ဆန္နသည် ပြုလုပ်ပြီးဖြစ်သော ကျောင်းကို အထပ်ထပ် မိုးစေ၍ အထပ်ထပ် လိမ်းကျံစေ၍
ကျောင်းသည် အလွန်လေးလံသောကြောင့် ပြိုကျလေ၏။
ထိုအခါ အသျှင်ဆန္နသည် မြက်ကိုလည်းကောင်း၊ သစ်ကိုလည်းကောင်း စုရုံးသော် ပုဏ္ဏား တစ်ယောက်၏ မုယောခင်းသည် ပျက်စီး၏။
ထိုအခါ ထိုပုဏ္ဏားသည် ''အဘယ့်ကြောင့် အသျှင်ကောင်း တို့သည် ငါ၏ မုယောခင်းကို ဖျက်ဆီးကုန်ဘိသနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြပြောဆိုသော ထိုပုဏ္ဏား၏ စကားကို ကြားကြသည်သာ တည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဆန္နသည် ဆောက်လုပ်ပြီးဖြစ်သော ကျောင်းကို အထပ်ထပ် မိုးစေဘိသနည်း၊ အထပ်ထပ် လိမ်းကျံစေဘိသနည်း၊ ကျောင်းသည် အလွန် လေးလံသောကြောင့် ပြိုကျ၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် အသျှင်ဆန္နကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ဆန္န သင်သည် ဆောက်လုပ်ပြီးဖြစ်သော ကျောင်းကို အထပ်ထပ် မိုးစေ၏၊ အထပ်ထပ်လိမ်း ကျံစေ၏၊ ကျောင်းသည် အလွန်လေးလံသောကြောင့် ပြိုကျ၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်း တော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် ဆောက်လုပ်ပြီးဖြစ်သော ကျောင်းကို အထပ်ထပ် မိုးစေဘိသနည်း၊ အထပ်ထပ် လိမ်းကျံစေဘိသနည်း၊ ကျောင်းသည် လေးလံသောကြောင့် ပြိုကျ၏။
(မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၁၃၅။ ''ကြီးသောကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည် တံခါး အိမ်တိုင် အောင်တံခါးရွက်ကို ထားခြင်းငှါလည်းကောင်း၊ တံခါးပေါင်နှင့် တံခါးရွက်ကို မတုန်လှုပ်စေခြင်းငှါလည်းကောင်း၊ လေသာတံခါးရွက်ကို အပြေအပြစ်ပြုခြင်းငှါ လည်းကောင်း အထပ်ထပ် လိမ်းကျံ အပ်၏၊ အထပ်ထပ် လိမ်းကျံစေအပ်၏၊ အမိုး နှစ်ထပ်သုံးထပ် 'နှစ်စဉ်သုံးစဉ်' မိုးခြင်းကို စိမ်း သော ကောက်ပဲမရှိရာ အရပ်၌ ရပ်၍ စီရင်အပ်၏၊
ထိုနှစ်ထပ်သုံးထပ် မိုးခြင်းထက်အလွန် စိမ်းသော ကောက်ပဲ မရှိရာ အရပ်၌လည်း ရပ်၍ စီရင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၁၃၆။ ကြီးသောကျောင်း မည်သည် ဆောက်လုပ်သူ ဒါယကာရှိသော ကျောင်းကို ဆိုအပ်၏။
ကျောင်း မည်သည် အတွင်း၌ လိမ်းကျံအပ်သော ကျောင်းသည်သော်လည်းကောင်း၊ အပ၌ လိမ်း ကျံအပ်သော ကျောင်းသည်သော်လည်းကောင်း၊ အတွင်းအပ၌ လိမ်းကျံအပ်သော ကျောင်းသည်သော်လည်း ကောင်းတည်း။
ဆောက်လုပ်စေလိုသောဟူသည် ဆောက်လုပ်သော်လည်းကောင်း၊ ဆောက်လုပ်စေသော်လည်း ကောင်း။
တံခါးအိမ်တိုင်အောင်ဟူသည် တံခါးပေါင်၏ ထက်ဝန်းကျင်မှ နှစ်တောင့်ထွာ ဟတ္တပါသ်တိုင်အောင်။
တံခါးရွက်ကိုထားခြင်းငှါဟူသည် တံခါးရွက်နှင့်တကွ တံခါးဖွဲ့ကို ထားခြင်းငှါ 'တံခါးရွက်နှင့်တကွ တံခါးဖွဲ့၏ မတုန်မလှုပ်စေခြင်းငှါ'။
လေသာတံခါးရွက်ကို အပြေအပြစ်ပြုခြင်းဟူသည် လေသာ တံခါးရွက်ကို အပြေအပြစ်ပြုခြင်းငှါ ဖြူသောအဆင်း မည်းသောအဆင်း ဂွေ့နီဖြင့် အပြေအပြစ်ပြုခြင်း ခြူးပန်း ခြူးနွယ် မကန်းသွား လက် ငါးချောင်းရာ ပြုလုပ်ခြင်းတို့တည်း။
အမိုးနှစ်ထပ်သုံးထပ် မိုးခြင်းကို စိမ်းသော ကောက်ပဲ မရှိရာအရပ်၌ ရပ်၍ စီရင်အပ်၏ဟူရာ၌ စိမ်းသော ကောက်ပဲ မည်သည် စပါးမျိုး ပဲမျိုးတည်း၊
စိမ်းသော ကောက်ပဲရှိသော အရပ်၌ ရပ်လျက် စီရင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဖြောင့်သော အကြောင်းဖြင့် မိုးသော ရဟန်းအား အကြောင်းနှစ်ခုတို့ကို စီရင်၍ သုံးခုမြောက် အကြောင်းကို (ဤသို့ပြုလော့ဟု) စေခိုင်း၍ ဖဲသွားအပ်၏။
ဝန်းဝိုင်းသော အစဉ် 'အထပ်' ဖြင့် မိုးသော ရဟန်းအား ဝန်းဝိုင်းသော အစဉ် 'အထပ်' နှစ်ခုတို့ကို စီရင်၍ သုံးခုမြောက် ဝန်းဝိုင်းသော အစဉ် 'အထပ်' ကို (ဤသို့ပြုလော့ဟု) စေခိုင်း၍ ဖဲသွားအပ်၏။
၁၃၇။ ထိုနှစ်ထပ်သုံးထပ် မိုးခြင်းထက်အလွန် စိမ်းသော ကောက်ပဲမ ရှိရာ အရပ်၌လည်း ရပ်၍ စီရင်ငြားအံ့ဟူသည် အုတ်ဖြင့် မိုးသော ရဟန်းအား အုတ်ချပ်တိုင်း အုတ်ချပ်တိုင်း ပါစိတ်အာပတ် သင့်၏။
ကျောက်ဖြင့် မိုးသော ရဟန်းအား ကျောက်ချပ်တိုင်း ကျောက်ချပ်တိုင်း ပါစိတ်အာပတ် သင့်၏။
အင်္ဂတေဖြင့် မိုးသော ရဟန်းအား အင်္ဂတေ အစိုင်အခဲတိုင်း အစိုင်အခဲတိုင်း ပါစိတ်အာပတ် သင့်၏။
မြက်ဖြင့် မိုးသော ရဟန်းအား မြက်ဆုပ်တိုင်း မြက်ဆုပ်တိုင်း ပါစိတ်အာပတ် သင့်၏။
သစ်ရွက်ဖြင့် မိုးသော ရဟန်းအား သစ်ရွက်တိုင်း သစ်ရွက်တိုင်း ပါစိတ်အာပတ် သင့်၏။
နှစ်ထပ်သုံးထပ် လွန်ရာ၌ လွန်၏ဟု အမှတ်ရှိသည်ဖြစ်၍ စီရင်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ထပ် သုံးထပ်ထက် လွန်ရာ၌ ယုံမှားရှိသည်ဖြစ်၍ စီရင်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ထပ် သုံးထပ်ထက် လွန်ရာ၌ ယုတ်လျော့၏ဟု အမှတ်ရှိသည်ဖြစ်၍ စီရင်အံ့၊ ပါစိတ်အာပတ် သင့်၏။
နှစ်ထပ်သုံးထပ် အောက် ယုတ်ရာ၌ လွန်၏ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှစ်ထပ် သုံးထပ် အောက် ယုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နှစ်ထပ်သုံးထပ် အောက် ယုတ်ရာ၌ ယုတ်၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၁၃၈။ နှစ်ထပ်သုံးထပ် မိုးခြင်း၌ နှစ်ထပ်သုံးထပ်အောက် ယုတ်၍ မိုးခြင်း၌ လိုဏ်၌ ဂူ၌ မြက်မိုး ကျောင်း၌ အာပတ် မသင့်၊ သူတစ်ပါးအကျိုးငှါ ပြုသော ရဟန်း မိမိဥစ္စာဖြင့် ပြုသော ရဟန်းအား အာပတ် မသင့်၊ နေစရာ ကျောင်းကို ဖယ်ထား၍ အလုံးစုံသော ဥပုသ်အိမ် စသည်၌ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ မဟလ္လကဝိဟာရသိက္ခာပုဒ် ပြီး၏။