၂၅၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို မိမိ၏အကျိုးငှါ တောင်း၍ စားသောက်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို မိမိ၏အကျိုးငှါ တောင်း၍ စားသောက်ကုန်ဘိသနည်း၊ အဘယ်သူသည် ချိုမြိန်သော အရသာကို မကြိုက်ဘဲ ရှိအံ့နည်း၊ အဘယ်သူသည် ကောင်းမြတ်သော အရသာကို မနှစ် သက်ဘဲ ရှိအံ့နည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ် တို့ကို မိမိအကျိုးငှါ တောင်း၍ စားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို မိမိအကျိုးငှါ တောင်း၍ စားကြကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို မိမိအကျိုးငှါ တောင်း၍ စားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်မွန်မြတ်သော ဘောဇဉ်တို့သည် ရှိကုန်၏၊ ထိုဘောဇဉ်တို့ဟူသည် အဘယ်တို့နည်း၊ ထောပတ် ဆီဦး 'ထောပေး' ဆီ ပျားရည် တင်လဲ ငါး စမဲ ဟင်းလျာ နို့ရည် နို့ဓမ်း (ဤသည်တို့ပင်တည်း)၊
အကြင်ရဟန်းသည် ဤသို့ သဘောရှိသော မွန်မြတ်သော ဘောဇဉ်တို့ကို မိမိ၏ အကျိုးငှါ တောင်း၍ စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော် မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၅၈။ ထိုအခါ ရဟန်းတို့သည် နာဖျားကြကုန်၏။
သူနာမေးကုန်သော ရဟန်းတို့သည် နာဖျား သော ရဟန်းတို့ကို ''ငါ့သျှင်တို့ ခန့်ကျန်း၏လော မျှတ၏လော''ဟု မေးကုန်၏။
ငါ့သျှင်တို့ ငါတို့သည် ရှေးအခါ၌ မွန်မြတ်သော ဘောဇဉ်တို့ကို မိမိအကျိုးငှါ တောင်း၍ စားကုန်၏၊ ထို့ကြောင့် ငါတို့အား ကျန်းမာခြင်းဖြစ်၏၊
ယခုအခါ၌ကား ''မြတ်စွာဘုရားသည် မြစ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ'ရှိသည် ဖြစ်၍ မတောင်းယူကြကုန်၊ ထို့ကြောင့် ငါတို့အား ကျန်းမာခြင်း မဖြစ်ဟု (ပြောဆိုကုန်၏)။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာ ဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ နာဖျားသော ရဟန်းသည် မွန်မြတ်သော ဘောဇဉ်တို့ကို မိမိအကျိုးငှါ တောင်း၍ စားခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၅၉။ ''အကြင် မွန်မြတ်သော ဘောဇဉ်တို့သည် ရှိကုန်၏၊ ထိုဘောဇဉ်တို့ဟူသည် အဘယ်တို့နည်း၊ ထောပတ် ဆီဦး 'ထောပေး' ဆီ ပျားရည် တင်လဲ ငါး စမဲဟင်းလျာ နို့ရည် နို့ဓမ်း (ဤသည်တို့ပင်တည်း)၊
အကြင်ရဟန်း သည် ဤသို့သဘောရှိသော မွန်မြတ်သော ဘောဇဉ်တို့ကို မနာဖျားဘဲ မိမိ၏ အကျိုးငှါ တောင်း၍ စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၆၀။ အကြင်မွန်မြတ်သော ဘောဇဉ်တို့ဟူရာ၌ ထောပတ် မည်သည် နွားထောပတ် ဆိတ် ထောပတ် ကျွဲထောပတ် အသားအပ်သော သတ္တဝါတို့မှ ဖြစ်သော ထောပတ်တည်း။
ဆီဦး 'ထောပေး' မည်သည် ထိုအသားအပ်သော သတ္တဝါတို့မှသာလျှင် ဖြစ်သော ဆီဦးတည်း။
ဆီ မည်သည် နှမ်းဆီ မုန်းညင်းဆီ မယ်ဇယ်ဆီ ကြက်ဆူဆီ အသားဆီတည်း။
ပျားရည် မည်သည် ပျားငယ်သည် ပြုအပ်သော ပျားရည်တည်း။
တင်လဲ မည်သည် ကြံမှ ဖြစ်သော တင်လဲတည်း။
ငါး မည်သည် ရေ၌ ကျက်စားသော သတ္တဝါကို ဆို၏။
စမဲဟင်းလျာ မည်သည် အသားအပ်သော သတ္တဝါတို့၏ အသားတည်း။
နို့ရည် မည်သည် နွားနို့ရည် ဆိတ်နို့ရည် ကျွဲနို့ရည် အသားအပ်သော သတ္တဝါတို့မှ ဖြစ်သော နို့ရည်တည်း။
နို့ဓမ်း မည်သည် ထိုအသားအပ်သော သတ္တဝါတို့မှသာလျှင် ဖြစ်သော နို့ဓမ်းတည်း။
အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ဤသို့သဘောရှိသော မွန်မြတ်သော ဘောဇဉ်ဟူသည် ထိုသို့သဘောရှိသော မွန်မြတ်သော ဘောဇဉ်တို့တည်း။
မနာဖျားသော ရဟန်း မည်သည် မွန်မြတ်သော ဘောဇဉ်တို့နှင့် ကင်း၍ ကျန်းမာသော ရဟန်း တည်း။
နာဖျားသော ရဟန်း မည်သည် မွန်မြတ်သော ဘောဇဉ်တို့နှင့် ကင်း၍ မကျန်းမာသော ရဟန်း တည်း။
မနာဖျားဘဲ မိမိအကျိုးငှါ တောင်းငြားအံ့၊ အားထုတ်တိုင်း အားထုတ်တိုင်း ဒုက္ကဋ်အာပတ် သင့်၏။
''ရသည်ရှိသော် စားအံ့''ဟူ၍ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၂၆၁။ မနာဖျားဘဲ မနာဖျားဟု အမှတ်ရှိသည်ဖြစ်၍ မွန်မြတ်သော ဘောဇဉ်တို့ကို မိမိအကျိုးငှါ တောင်း၍ စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မနာဖျားဘဲ ယုံမှားရှိသည်ဖြစ်၍ မွန်မြတ်သော ဘောဇဉ်တို့ကို မိမိအကျိုးငှါ တောင်း၍ စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မနာဖျားဘဲ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ မွန်မြတ်သော ဘောဇဉ်တို့ကို မိမိအကျိုးငှါ တောင်း၍ စားငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
နာဖျားလျက် မနာဖျားဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားလျက် နာဖျား၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၆၂။ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ နာဖျား၍ တောင်းပြီးလျှင် မနာဖျားဘဲ စားအံ့၊ နာဖျားသော ရဟန်း၏ အကြွင်းအကျန်ကို စားအံ့၊ ဆွေမျိုးတော်စပ်သူ ပင့်ဖိတ်ထားသူတို့၏ (အထံမှ တောင်းစားအံ့)၊ သူတစ်ပါးအကျိုးငှါ (တောင်းစားအံ့)၊ မိမိ၏ ဥစ္စာဖြင့် (ဝယ်စားအံ့)၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျုးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ ပဏီတဘောဇနသိက္ခာပုဒ် ပြီး၏။