၅၄၇။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မြတ်စွာဘုရား၏ မိထွေးတော်၏ သားဖြစ်သော အသျှင်နန္ဒသည် သာလွန်သော အဆင်း ရှိ၏၊ ရှုချင်ဖွယ် ရှိ၏၊ ကြည်ညိုဖွယ် ရှိ၏၊ မြတ်စွာဘုရားအောက် လက်လေးသစ် ယုတ်လျော့၏၊
ထိုအသျှင်နန္ဒသည် မြတ်စွာဘုရား သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းကို ဆောင်၏။
မထေရ်ကြီးဖြစ်သော ရဟန်းတို့သည် အသျှင်နန္ဒ လာနေသည်ကို အဝေးကပင်
မြင်၍
''မြတ်စွာဘုရားသည် ကြွလာတော်မူ၏''ဟု နေရာမှ ထကုန်၏။
ထိုမထေရ်ကြီးတို့သည် အနီးသို့ ရောက်လာသည် ရှိသော် သိကုန်၍ ''အဘယ့်ကြောင့် အသျှင်နန္ဒသည် မြတ်စွာဘုရား၏ သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းကို ဆောင်ဘိနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''နန္ဒ သင်သည် မြတ်စွာဘုရား သင်္ကန်းတော်ပမာဏရှိသော သင်္ကန်းကို ဆောင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ နန္ဒ သင်သည် အဘယ့်ကြောင့် မြတ်စွာဘုရား သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းကို ဆောင်ဘိသနည်း။
နန္ဒ ဤ (သင်ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၄၈။ ''အကြင်ရဟန်းသည် မြတ်စွာဘုရား၏ သင်္ကန်းတော်ပမာဏ ရှိသော သင်္ကန်းကိုလည်းကောင်း၊ ထိုထက်လွန်သော သင်္ကန်းကိုလည်းကောင်း ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏။
ထိုမြတ်စွာဘုရား သင်္ကန်းတော် ပမာဏရှိသော သင်္ကန်းဟူရာ၌ ဤဆိုလတ္တံ့သည်ကား မြတ်စွာဘုရား သင်္ကန်းတော် ပမာဏတည်း၊ မြတ်စွာဘုရား၏အထွာတော်ဖြင့် အလျားမှ ကိုးထွာ၊
အနံမှ ခြောက်ထွာတို့တည်း။
ဤကား မြတ်စွာဘုရား သင်္ကန်းတော် ပမာဏတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၄၉။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
မြတ်စွာဘုရား၏ သင်္ကန်းတော် ပမာဏ မည်သည် မြတ်စွာဘုရားအထွာတော်ဖြင့် အလျား ကိုးထွာ၊
အနံ ခြောက်ထွာတို့တည်း။
ပြုလုပ်စေငြားအံ့ဟူသည် ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂ တိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် (ပမာဏထက်လွန်သည်ကို) ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားအပ်၏။
၅၅၀။ မိမိပြုလုပ်၍ မပြီးသေးသော သင်္ကန်းကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
မိမိပြုလုပ်၍ မပြီးသေးသော သင်္ကန်းကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော သင်္ကန်းကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော သင်္ကန်းကို သူတစ်ပါးတို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးအကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါးပြုလုပ်ထားသော သင်္ကန်းကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၅၁။ မြတ်စွာဘုရား၏ သင်္ကန်းတော်အောက် ယုတ်လျော့သော သင်္ကန်းကို ပြုလုပ်အံ့၊ သူတစ်ပါး ပြုလုပ်ထားသော သင်္ကန်းကို ရသော် ဖြတ်၍ သုံးဆောင်အံ့၊ ဗိတာန်မျက်နှာကြက်ကိုလည်းကောင်း၊ မြေ အခင်းကိုလည်းကောင်း၊ တင်းတိမ် အကာအရံကိုလည်းကောင်း၊ ဘုံလျို 'ဖုံ'ကိုလည်းကောင်း၊ ခေါင်းအုံး ကိုလည်းကောင်း ပြုလုပ်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်း တို့အားလည်း အာပတ် မသင့်။
ဒသမ နန္ဒသိက္ခာပုဒ် ပြီး၏။
ရတနဝဂ် ပြီး၏။
မင်းနှင့်စပ်သောသိက္ခာပုဒ်၊ ရတနာကို ကောက်ယူသောသိက္ခာပုဒ်၊ ထင်ရှားရှိသော ရဟန်းကို ပန်ကြား၍ ဝင်သောသိက္ခာပုဒ်၊ အပ်ကျည် 'အပ်ဗူး'သိက္ခာပုဒ်၊ ပမာဏ လွန်သော ညောင်စောင်းသိက္ခာပုဒ်၊ လဲသွတ်သောသိက္ခာပုဒ်၊
နိသီဒိုင်သိက္ခာပုဒ်၊ အမာလွှမ်းသိက္ခာပုဒ်၊ မိုးရေခံသင်္ကန်း သိက္ခာပုဒ်၊ မြတ်စွာဘုရား သင်္ကန်းတော် ပမာဏသိက္ခာပုဒ်၊
ဤကား အကျဉ်းချုပ်တည်း။
အသျှင်ဘုရားတို့ ကိုးဆယ့်နှစ်ပါးကုန်သော ပါစိတ်အာပတ်တို့ကို သရုပ်အားဖြင့် ပြအပ်ပြီးပါကုန်ပြီ၊
ထိုပါစိတ်အာပတ်တို့၌ အသျှင်တို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
နှစ်ကြိမ်မြောက် လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊
အသျှင်တို့သည် ဤကိုးဆယ့်နှစ်ပါးသော ပါစိတ်အာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤပါစိတ်အာပတ်မှ စင်ကြယ်သည့် အဖြစ်ကို သိမှတ်ရပါသည်။
ဘိက္ခုပါစိတ်
အခန်း ပြီး၏။