Issues
ເລືອກເວີຊັນ
(VN)Pācittiyapāḷi
(VN)Pācittiyapāḷi

6. Jotikasikkhāpadaṃ

ຜູ້ຂຽນ: my-tipitaka @ visuddhinanda

၃၅၀။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့ သမင်စသော သားကောင်တို့ကို ဘေးမဲ့ပေးရာ ပဲစင်းငုံတော၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတို့သည် ဆောင်းတွင်း ၌ ကြီးမားသော အခေါင်းရှိသော သစ်တုံးတစ်ခုကို မီးမွှေး၍ လှုံကုန်၏။
ထိုသစ်ခေါင်း၌ မြွေဟောက်သည် မီးပူသောကြောင့် အပြင်သို့ ထွက်၍ ရဟန်းတို့ကို လိုက်၏။
ရဟန်းတို့သည် ထိုထိုအရပ်တို့သို့ ပြေးကြကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းတို့သည် မီးမွှေး၍ လှုံကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ ရဟန်းတို့သည် မီးမွှေး၍ လှုံကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ထိုယောက်ျားတို့သည် အဘယ့်ကြောင့် မီးမွှေး၍ လှုံကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ထိုရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် မီးလှုံလို၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူ လည်း မွှေးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့)ဟု မိန့်တော်မူ၏။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၃၅၁။ ထိုအခါ ရဟန်းတို့သည် နာဖျားကုန်၏၊
သူနာမေးသော ရဟန်းတို့သည် နာဖျားသော ရဟန်းတို့ကို ''ငါ့သျှင်တို့ ခံ့ကျန်းပါ၏လော၊ မျှတပါ၏လော''ဟု မေးကုန်၏။
ငါ့သျှင်တို့ ငါတို့သည် ရှေးက မီးမွှေး၍ လှုံကုန်၏၊
ထိုမီးလှုံခြင်းဖြင့် ငါတို့အား ချမ်းသာကုန်၏၊
ယခုမူကား ''မြတ်စွာဘုရားသည် ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မီးမလှုံရကုန်၊ ထို့ကြောင့် ငါတို့အား ချမ်းသာမှု မဖြစ်ဟု ဆိုကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ နာဖျားသော ရဟန်းသည် မီးကို မွှေး၍သော်လည်းကောင်း၊ မွှေးစေ၍သော်လည်းကောင်း လှုံစိမ့်သောငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ခ) ''အကြင်ရဟန်းသည် မနာမဖျားဘဲ မီးလှုံလို၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့)ဟု မိန့်တော်မူ၏။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၃၅၂။ ထိုအခါ ရဟန်းတို့သည် ဆီမီးထွန်းရာ၌လည်းကောင်း၊ (သပိတ်ဖုတ်ရန်စသည်အလို့ငှါ) မီးမွှေးရာ၌လည်းကောင်း၊ မီးဇရုံးအိမ်၌လည်းကောင်း မအပ်ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။  ''ရဟန်းတို့ ထိုသို့ သဘောရှိသော (ဆီမီးထွန်းခြင်းစသော) အကြောင်းကြောင့် မီးကို မွှေးခြင်းငှါ လည်းကောင်း၊ မွှေးစေခြင်းငှါလည်းကောင်း ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၅၃။ ''အကြင်ရဟန်းသည် မနာမဖျားဘဲ မီးလှုံလို၍ ထိုသို့ သဘောရှိသော (ဆီမီးထွန်းခြင်းစသော) အကြောင်းကို ကြဉ့်၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့)ဟု မိန့်တော်မူ၏။
၃၅၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
မနာမဖျားသူ မည်သည် မီးနှင့်ကင်း၍ ချမ်းသာသော ပုဂ္ဂိုလ်တည်း။
နာဖျားသူ မည်သည် မီးနှင့်ကင်း၍ မချမ်းသာသော ပုဂ္ဂိုလ်တည်း။
လှုံလို၍ဟူသည် ပူနွေးစေလို၍။
မီး မည်သည် မီးကိုပင် ဆိုအပ်၏။
မွှေးငြားအံ့ဟူသည် ကိုယ်တိုင်မွှေးအံ့၊ ပါစိတ်အာပတ် သင့်၏။
မွှေးစေငြားအံ့ဟူသည် အခြားသူကို စေခိုင်းအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ကြိမ်သာ စေခိုင်းပါ လျက် အကြိမ်များစွာ မွှေးအံ့၊ ပါစိတ်အာပတ် သင့်၏။
ထိုသို့သဘောရှိသော အကြောင်းကို ကြဉ်၍ဟူသည် ထိုသို့သဘောရှိသော (ဆီမီးညှိထွန်းခြင်း စသော) အကြောင်းကို ဖယ်ထား၍။
၃၅၅။ မနာမဖျားဘဲ မနာမဖျားဟု အမှတ်ရှိသည်ဖြစ်၍ လှုံလိုသောကြောင့် ထိုသို့သဘောရှိသော (ဆီမီးထွန်းခြင်းစသော) အကြောင်းကို ဖယ်ထား၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မနာမဖျားဘဲ ယုံမှားရှိသည်ဖြစ်၍ လှုံလိုသောကြောင့် ထိုသို့သဘောရှိသော အကြောင်းကို ဖယ် ထား၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မနာမဖျားဘဲ နာဖျား၏ဟု အမှတ်ရှိသည်ဖြစ်၍ လှုံလိုသောကြောင့် ထိုသို့သဘောရှိသော အကြောင်းကို ဖယ်ထား၍ မီးကို မွှေးမူလည်း မွှေးငြားအံ့၊ မွှေးစေမူလည်း မွှေးစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
မီးစကို ချီမအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားသည်ကို မနာမဖျားဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားသည်ကို ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
နာဖျားသည်ကို နာဖျား၏ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၅၆။ နာဖျားသော ရဟန်းအား အာပတ် မသင့်၊ သူတစ်ပါး ပြုလုပ်ပေးအပ်သော မီးကို လှုံအံ့၊ အလျှံကင်းသော မီးကျီးခဲကို လှုံအံ့၊ အာပတ်မသင့်။ ဆီမီးထွန်းရာ၌လည်းကောင်း၊ (သပိတ်ဖုတ်ရန် စသည်အလို့ငှါ) မီးမွှေးရာ၌လည်းကောင်း၊ မီးဇရုံးအိမ်၌လည်းကောင်း ထိုသို့သဘောရှိသော အကြောင်း ကြောင့်လည်းကောင်း၊ ဘေးရန်တို့ကြောင့်လည်းကောင်း မီးမွှေးအံ့ မီးမွှေးစေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။
ဆဋ္ဌ ဇောတိကသိက္ခာပုဒ် ပြီး၏။