၇၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် ဆဗ္ဗဂ္ဂီရဟန်းတို့နှင့် ခိုက်ရန်ဖြစ်၏။
ထိုအသျှင်ဥပနန္ဒသည် စေတနာနှင့် တကွဖြစ်သော သုက်လွှတ်မှုအာပတ်သို့ ရောက်၍ သံဃာအားထိုအာပတ်၏ ပရိဝါသ်၁ကို တောင်း၏၊
သံဃာသည် ထိုအသျှင်ဥပနန္ဒအား ထိုအာပတ်၏ ပရိဝါသ်ကိုပေး၏။
ထိုအခါ သာဝတ္ထိပြည်တွင် မထင်ရှားသော အသင်းတစ်ခု၌ သံဃဘတ် ရှိ၏၊
ထိုအသျှင်ဥပနန္ဒသည်ပရိဝါသ်ကျင့်သုံးနေစဉ်ဖြစ်၍ ဆွမ်းစားဇရပ်၌ အစွန်ဆုံးနေရာတွင် ထိုင်နေ၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည်ထိုဥပါသကာတို့ကို ''ဥပါသကာတို့ သင်တို့ ချီးမွမ်းအပ်သော အိမ်သို့ ကပ်တတ်သော သာကီဝင်မင်းသားအသျှင်ဥပနန္ဒ ရဟန်းသည် အကြင်လက်ဖြင့်ပင် သဒ္ဓါကြည်ညို၍ လှူအပ်သော ဆွမ်းကို သုံးဆောင်၏။ ထိုလက်ဖြင့်ပင် လုံ့လပြု၍ သုက်ကို လွတ်စေ၏။ ထိုအသျှင်ဥပနန္ဒသည် စေတနာနှင့်တကွ ဖြစ်သော သုတ်လွှတ်မှု အာပတ်သို့ ရောက်၍ သံဃာအား ထိုအာပတ်၏ ပရိဝါသ်ကို တောင်း၏။ သံဃာသည် ထိုအသျှင်ဥပနန္ဒအား ထိုအာပတ်၏ ပရိဝါသ်ကို ပေး၏။ ထိုအသျှင်ဥပနန္ဒသည် ပရိဝါသ်ကျင့်သုံးနေရသော ကြောင့် အစွန်ဆုံးနေရာမှာ နေရ၏''ဟု ပြောဆိုကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းမဟုတ်သူအား ပြောကြားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းမဟုတ်သူ အား ပြောကြားကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းမဟုတ်သူအား ပြောကြားကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၇၉။ ''အကြင်ရဟန်းသည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းတို့၏ သမ္မုတိ၂ မရဘဲ ရဟန်းမဟုတ်သူအား ပြောကြားငြားအံ့၊ (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၈၀။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်း၏ဟူသည် အခြားသော ရဟန်း၏။
ရုန့်ရင်းသော အာပတ် မည်သည် ပါရာဇိကလေးပါး သံဃာဒိသိသ် တစ်ဆယ့်သုံးပါးတို့တည်း။
ရဟန်းမဟုတ်သူ မည်သည် ရဟန်းယောက်ျား ရဟန်းမိန်းမကို ချန်ထား၍ ကြွင်းကျန်သော သူသည် ရဟန်းမဟုတ်သောသူ မည်၏။
ပြောကြားငြားအံ့ဟူသည် မိန်းမအားလည်းကောင်း၊ ယောက်ျားအားလည်းကောင်း၊ လူအားလည်း ကောင်း၊ ရဟန်းအားလည်းကောင်း ပြောကြားငြားအံ့။
ရဟန်းတို့၏ သမ္မုတိ မရဘဲဟူသည် ရဟန်းတို့၏ သမ္မုတိကို ချန်ထား၍။
အာပတ်အပိုင်းအခြားရှိ၍ အမျိုး 'ဒါယကာ' အပိုင်းအခြား မရှိသော ရဟန်းတို့၏ သမ္မုတိသည် ရှိ၏။
အမျိုး 'ဒါယကာ' အပိုင်းအခြားရှိ၍ အာပတ်အပိုင်းအခြား မရှိသော ရဟန်းတို့၏ သမ္မုတိသည် ရှိ၏။ အာပတ်အပိုင်းအခြားလည်းရှိ အမျိုးအပိုင်းအခြားလည်း ရှိသော ရဟန်းတို့၏ သမ္မုတိသည် ရှိ၏။ အာပတ်အပိုင်းအခြားလည်းမရှိ အမျိုးအပိုင်းအခြားလည်း မရှိသော ရဟန်းတို့၏ သမ္မုတိသည် ရှိ၏။
အာပတ်အပိုင်းအခြား မည်သည် ဤမျှသော အာပတ်တို့ဖြင့် ပြောကြားအပ်၏ဟု အာပတ်တို့ကို ပိုင်းခြား သတ်မှတ်ထားခြင်းတည်း။
အမျိုးအပိုင်းအခြား မည်သည် ဤမျှသော အမျိုးတို့၌ ပြောကြားအပ်၏ဟု အမျိုးတို့ကို ပိုင်းခြား သတ်မှတ်ထားခြင်းတည်း။
အာပတ်အပိုင်းအခြားလည်းရှိ အမျိုးအပိုင်းအခြားလည်းရှိ မည်သည် ဤမျှသော အာပတ် တို့ဖြင့် ဤမျှလောက်ကုန်သော အမျိုးတို့၌ ပြောကြားအပ်၏ဟု အာပတ်တို့ကိုလည်း ပိုင်းခြား သတ်မှတ်ထားခြင်း အမျိုးတို့ကိုလည်း ပိုင်းခြား သတ်မှတ်ထားခြင်းတည်း။
အာပတ်အပိုင်းအခြားလည်းမရှိ အမျိုးအပိုင်းအခြားလည်းမရှိ မည်သည် ဤမျှသော အာပတ်တို့ဖြင့် ဤမျှသော အမျိုးတို့၌ ပြောကြားအပ်၏ဟု အာပတ်တို့ကိုလည်း မပိုင်းခြားခြင်း အမျိုးတို့ကို လည်း မပိုင်းခြားခြင်းတည်း။
၈၁။ အာပတ်အပိုင်းအခြားရှိရာ၌ ပိုင်းခြားသတ်မှတ်၍ ထားအပ်ကုန်သော အာပတ်တို့ကို ကြဉ်၍ တစ်ပါးသော အာပတ်တို့ဖြင့် ပြောကြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အမျိုးအပိုင်းအခြားရှိရာ၌ ပိုင်းခြားသတ်မှတ်၍် ထားအပ်ကုန်သော အမျိုးတို့ကို ကြဉ်၍ တစ်ပါးသော အမျိုးတို့၌ ပြောကြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အာပတ်အပိုင်းအခြားလည်းရှိ အမျိုးအပိုင်းအခြားလည်းရှိရာ၌ ပိုင်းခြားသတ်မှတ်၍ ထားသော အာပတ် ပိုင်းခြားသတ်မှတ်၍ ထားသော အမျိုးတို့ကို ကြဉ်၍ တစ်ပါးသော အာပတ်တို့ဖြင့် တစ်ပါးသော အမျိုးတို့၌ ပြောကြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အာပတ်အပိုင်းအခြားလည်းမရှိ အမျိုးအပိုင်းအခြားလည်းမရှိရာ၌ အာပတ် မသင့်။
၈၂။ ရုန့်ရင်းသော အာပတ်၌ ရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းမဟုတ်သူအား ပြောကြားအံ့၊ ရဟန်းတို့၏ သမ္မုတိကို ချန်ထား၍ ပါစိတ်အာပတ် သင့်၏။
ရုန့်ရင်းသော အာပတ်၌ ယုံမှားရှိသည်ဖြစ်၍ ရဟန်းမဟုတ်သူအား ပြောကြားအံ့၊ ရဟန်းတို့၏ သမ္မုတိကို ချန်ထား၍ ပါစိတ်အာပတ် သင့်၏။
ရုန့်ရင်းသော အာပတ်၌ မရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိသည်ဖြစ်၍ ရဟန်းမဟုတ်သူအား ပြောကြားအံ့၊ ရဟန်းတို့၏ သမ္မုတိကို ချန်ထား၍ ပါစိတ်အာပတ် သင့်၏။
မရုန့်ရင်းသော အာပတ်ကို ပြောကြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သာမဏေ၏ ရုန့်ရင်းသော လွန်ကျူးခြင်း မရုန့်ရင်းသော လွန်ကျူးခြင်းကို ပြောကြားအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
မရုန့်ရင်းသော အာပတ်ကို ရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မရုန့်ရင်းသော အာပတ်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မရုန့်ရင်းသော အာပတ်၌ မရုန့်ရင်းသော အာပတ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၈၃။ ဝတ္ထု (သုတ်လွှတ်မှု) ကို ပြောကြား၍ အာပတ်ကို မပြောကြားသော်လည်းကောင်း၊ အာပတ် (သံဃာဒိသိသ်) ကို ပြောကြား၍ ဝတ္ထုကို မပြောကြားသော်လည်းကောင်း အာပတ် မသင့်။ သမ္မုတိရသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
နဝမ ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ် ပြီး၏။
၁။ ပရိဝါသ်= ကျူးလွန်သောအပြစ် ဖုံးလွှမ်းသော ရက်အပိုင်းအခြား အားလျော်စွာ ဆောက်တည် နေထိုင်ရသော အကျင့်။
၂။ သမ္မုတိ= အာပတ်မပြတ်သင့်သော ရဟန်းအား နောင်အခါ စောင့်ရှောက်စိမ့်သောငှါ သုံးကြိမ်တိုင်တိုင် ပန်ကြား၍ သံဃာ က ပြောကြားရန် သမုတ်ခြင်း။