၄၅၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် (အခြားသော) ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်း မရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၄၆၀။ ''အကြင်ရဟန်းသည် ရဟန်းကို (မြင်ခြင်း ကြားခြင်း ရွံရှာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲငြားအံ့ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၄၆၁။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
ရဟန်းကိုဟူသည် အခြားသော ရဟန်းကို။
အကြောင်းရင်းမရှိဘဲ မည်သည် မြင်လည်း မမြင်၊ ကြားလည်း မကြား၊ ရွံရှာလည်း မရွံရှာ။
သံဃာဒိသိသ်အာပတ်ဖြင့်ဟူသည် သံဃာဒိသိသ်အာပတ် တစ်ဆယ့်သုံးပါးတို့တွင် တစ်ပါးပါးသော အာပတ်ဖြင့်။
စွပ်စွဲငြားအံ့ဟူသည် စောဒနာမူလည်း စောဒနာအံ့ စောဒနာစေမူလည်း စောဒနာစေအံ့၊ ပါစိတ်အာပတ် သင့်၏။
၄၆၂။ ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ် အာပတ်ဖြင့် စွပ်စွဲအံ့၊ ပါစိတ်အာပတ် သင့်၏။
ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ အကြောင်း ရင်း မရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲအံ့၊ ပါစိတ်အာပတ် သင့်၏။
အကျင့်၏ ပျက်စီးခြင်းဖြင့်လည်းကောင်း၊ အယူ၏ ပျက်စီးခြင်းဖြင့်လည်းကောင်း စွပ်စွဲအံ့၊ ဒုက္က္ကဋ် အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူကို စွပ်စွဲအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့။ ဒုက္က္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။
ရဟန်းမဟုတ်သော သူ၌ ရဟန်းမဟုတ်ဟု အမှတ်ရှိအံ့၊ ဒုက္က္ကဋ်အာပတ် သင့်၏။
၄၆၃။ ထိုသို့ သံဃာဒိသိသ်အာပတ် သင့်၏ဟု အမှတ်ရှိသည်ဖြစ်၍ စောဒနာမူလည်း စောဒနာအံ့၊ စောဒနာစေမူလည်း စောဒနာစေအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဆဋ္ဌ အမူလကသိက္ခာပုဒ် ပြီး၏။