၅၃၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
မြတ်စွာဘုရားသည် ရဟန်းတို့အား နိသီဒိုင်ကို ခွင့်ပြု တော်မူ၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''နိသီဒိုင်ကို မြတ်စွာဘုရား ခွင့်ပြုအပ်ပြီ''ဟု အတိုင်းအရှည်ပမာဏ မရှိသော နိသီဒိုင်တို့ကို ဆောင်ကြကုန်၏၊
ညောင်စောင်း အင်းပျဉ်တို့၏ရှေ့မှသော်လည်းကောင်း၊ နောက်မှ သော်လည်းကောင်း တွဲရရွဲ ဆွဲကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည်ပမာဏ မရှိဘဲ နိသီဒိုင်ကို ဆောင်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် အတိုင်းအရှည်ပမာဏ မရှိကုန်သော နိသီဒိုင်တို့ကို ဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် အတိုင်းအရှည်ပမာဏ မရှိသော နိသီဒိုင်တို့ကို ဆောင်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''နိသီဒိုင်ကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည်ပမာဏနှင့်ယှဉ်သော နိသီဒိုင်ကို ပြုလုပ်ရမည်၊
ထိုနိသီဒိုင်၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း၊ မြတ်စွာဘုရား အထွာတော်ဖြင့် အလျားနှစ်ထွာ၊
အနံ တစ်ထွာခွဲတည်း။
ထိုပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၅၃၂။ ထိုအခါ၌ အသျှင်ဥဒါယီသည် ကြီးသော ကိုယ်ကာယ ရှိ၏။
ထိုဥဒါယီသည် မြတ်စွာဘုရား၏ ရှေ့မှ နိသီဒိုင်ကို ခင်း၍ ထက်ဝန်းကျင်မှ ဆွဲဖြန့်လျက် ထိုင်၏။
ထိုအခါ မြတ်စွာဘုရားသည် အသျှင် ဥဒါယီကို ''ဥဒါယီ သင်သည် အဘယ့်ကြောင့် နိသီဒိုင်ကို ထက်ဝန်းကျင်မှ ဆွဲဖြန့်ဘိသနည်း၊ ရှေးဟောင်း သားရေသမားကဲ့သို့တည်း''ဟု မိန့်တော်မူ၏။
အသျှင်ဘုရား မြတ်စွာဘုရားသည် အလွန်ငယ်သော နိသီဒိုင်ကို ခွင့်ပြုထားတော်မူသောကြောင့် ပါတည်းဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို- ''ရဟန်းတို့ နိသီဒိုင်၌ တစ်ထွာရှိသော အဆာအမြိတ်ကို ခွင့်ပြုတော် မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၅၃၃။ ''နိသီဒိုင်ကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည် ပမာဏ နှင့်ယှဉ်သော နိသီဒိုင်ကို ပြုလုပ်ရမည်၊
ထိုနိသီဒိုင်၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း၊ မြတ်စွာ ဘုရားအထွာတော်ဖြင့် အလျား နှစ်ထွာ၊
အနံ တစ်ထွာခွဲ၊
အဆာအမြိတ်ကား တစ်ထွာတည်း။
ထိုပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၅၃၄။ နိသီဒိုင် မည်သည် အဆာအမြိတ်ရှိသော နိသီဒိုင်အခင်းကို ဆိုအပ်၏။
ပြုလုပ်လိုသော ရဟန်းဟူသည် ပြုသော်လည်းကောင်း၊ ပြုစေသော်လည်းကောင်း အတိုင်းအရှည် ပမာဏနှင့်ယှဉ်သော နိသီဒိုင်ကို ပြုလုပ်အပ်၏။
ထိုနိသီဒိုင်၌ ဤဆိုလတ္တံ့သည်ကား အတိုင်းအရှည်ပမာဏတည်း၊ မြတ်စွာဘုရားအထွာတော်ဖြင့် အလျားမှ နှစ်ထွာတို့တည်း၊ အနံကား တစ်ထွာခွဲတည်း၊ အဆာအမြိတ်ကား တစ်ထွာတည်း၊
ထိုအတိုင်း အရှည် ပမာဏကို လွန်စေ၍ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ပယောဂတိုင်း ပယောဂတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရခြင်းကြောင့် (ပမာဏထက်လွန်သည်ကို) ဖြတ်၍ ပါစိတ်အာပတ်ကို ဒေသနာကြားအပ်၏။
၅၃၅။ မိမိပြုလုပ်၍ မပြီးသေးသော နိသီဒိုင်ကို မိမိသည်ပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
မိမိ ပြုလုပ်၍ မပြီးသေးသော နိသီဒိုင်ကို သူတစ်ပါးတို့ကို ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော နိသီဒိုင်ကို မိမိသည် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါးတို့ ပြုလုပ်၍ မပြီးသေးသော နိသီဒိုင်ကို သူတစ်ပါးတို့ကိုပင် ပြီးဆုံးစေအံ့၊ ပါစိတ်အာပတ် သင့်၏။
သူတစ်ပါး၏ အကျိုးငှါ ပြုလုပ်မူလည်း ပြုလုပ်အံ့၊ ပြုလုပ်စေမူလည်း ပြုလုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သူတစ်ပါး ပြုလုပ်သော နိသီဒိုင်ကို ရ၍ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၃၆။ အတိုင်းအရှည်ပမာဏနှင့် ယှဉ်သော နိသီဒိုင်ကို ပြုလုပ်အံ့၊ အတိုင်းအရှည်ပမာဏအောက် ယုတ်လျော့သော နိသီဒိုင်ကို ပြုလုပ်အံ့၊ သူတစ်ပါးပြုလုပ်ထားသော ပမာဏထက် ပိုလွန်သော နိသီဒိုင်ကို ရသော် ဖြတ်၍ သုံးဆောင်အံ့၊ ဗိတာန်မျက်နှာကြက်ကိုလည်းကောင်း၊ မြေအခင်းကိုလည်းကောင်း၊ တင်း တိမ်အကာကိုလည်းကောင်း၊ ဘုံလျို 'ဖုံ'ကိုလည်းကောင်း၊ ခေါင်းအုံးကိုလည်းကောင်း ပြုလုပ်အံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
သတ္တမ နိသီဒနသိက္ခာပုဒ် ပြီး၏။