၃၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
လေးသမားဖြစ်ခဲ့ဖူးသော အသျှင်ဥဒါယီသည် ကျီးတို့ကို မနှစ်သက်သောကြောင့်
ပစ်၍ ပစ်၍ ခေါင်းကို ဖြတ်ပြီးလျှင် တံစို့၌ အစဉ်အတိုင်း ထိုးသီ၍ ထား၏။
ရဟန်းတို့သည် ''ငါ့သျှင် ဤကျီးတို့ကို အဘယ်သူသည် သတ်ဖြတ်သနည်း''ဟု မေးကုန်၏။
ငါ့သျှင်တို့ ငါသတ်သည်၊
ဤကျီးတို့ကို ငါမနှစ်သက်ဟု ဆို၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် သေစေလိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို သတ်ဖြတ်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ဥဒါယီ သင်သည် သေစေလိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို သတ်ဖြတ်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် အဘယ့်ကြောင့် သေစေလိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို သတ်ဖြတ်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေး သော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၈၃။ ''အကြင်ရဟန်းသည် သေစေလိုသော စေတနာရှိသည်ဖြစ်၍ သတ္တဝါကို သတ်ဖြတ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၈၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သေစေလိုသော စေတနာရှိသည်ဖြစ်၍ဟူသည် သိလျက် ကောင်းစွာ သိလျက် စေ့ဆော်၍ လွှမ်းမိုး ၍ လွန်ကျူးခြင်းတည်း။
သတ္တဝါ မည်သည် တိရစ္ဆာန်ဖြစ်သော သတ္တဝါကို ဆို၏။
သတ်ဖြတ်ငြားအံ့ဟူသည် ဇီဝိတိန္ဒြေ 'အသက်'ကို ဖြတ်အံ့၊ ကင်းစေအံ့၊ အစဉ်ကို ပျက်စေအံ့၊ ပါစိတ်အာပတ် သင့်၏။
၃၈၅။ သတ္တဝါ၌ သတ္တဝါဟု အမှတ်ရှိသည် ဖြစ်၍ သတ်ဖြတ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
သတ္တဝါ၌ ယုံမှားရှိသည်ဖြစ်၍ သတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သတ္တဝါ၌ သတ္တဝါမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
သတ္တဝါမဟုတ်သည်၌ သတ္တဝါဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သတ္တဝါမဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
သတ္တဝါမဟုတ်သည်၌ သတ္တဝါ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ်မသင့်။
၃၈၆။ သေစေလိုသော စေတနာမရှိသော ရဟန်း၊ သတိမထားမိသော ရဟန်း၊ မသိသော ရဟန်း၊ သေစေလိုသော သဘောမရှိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့ အားလည်း အာပတ် မသင့်။
ပဌမ သဉ္စိစ္စသိက္ခာပုဒ် ပြီး၏။