၃၉၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ ''ကံကို မပြုရသေး၊ မကောင်းသဖြင့် ပြုထားသော ကံတည်း၊ တစ်ဖန်ပြန်၍ ပြုထိုက်၏၊ မငြိမ်းစေရသေး၊ မကောင်းသဖြင့် ငြိမ်းထားသော ကံတည်း၊ တစ်ဖန်ပြန်၍ ငြိမ်းစေထိုက်၏''ဟု လှုံ့ဆော်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် တရားအား လျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်းတို့ သင်တို့သည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၉၃။ ''အကြင်ရဟန်းသည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကို တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ငြားအံ့၊ (ထိုရဟန်း အား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၉၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။ ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
သိ၏ မည်သည် ကိုယ်တိုင်သော်လည်း သိ၏၊ သူတစ်ပါးတို့သော်လည်း ထိုရဟန်းအား ပြောကြားကုန်၏။ ထိုရဟန်းကမူလည်း ပြောကြား၏။
တရားအားလျော်စွာ မည်သည်ဟုတ်မှန်သော တရားသဘောဖြင့်, ဝိနည်းဖြင့်, မြတ်စွာဘုရား၏ အဆုံးအမတော် (ဉတ်ကမ္မဝါစာ) ဖြင့် ပြုလုပ်ထား၏၊ ဤသို့ ပြုလုပ်ခြင်းသည် တရားအားလျော်သည် မည်၏။
အဓိကရုဏ်း မည်သည် ငြင်းခုံမှု 'ဝိဝါဒ'အဓိကရုဏ်း၊ စွပ်စွဲမှု 'အနုဝါဒ'အဓိကရုဏ်း၊ အာပတ် ခုနစ်ဖုံဟူသော 'အာပတ္တိ'အဓိကရုဏ်း၊ ကံပြုမှု 'ကိစ္စ'အဓိကရုဏ်းဟူ၍ အဓိကရုဏ်းလေးမျိုး ရှိ၏။
တစ်ဖန် ကံဖြစ်စေခြင်းငှါ လှုံ့ဆော်ငြားအံ့ဟူသည် ''ကံကို မပြုရသေး၊ မကောင်းသဖြင့် ပြုထား သော ကံတည်း၊ ကံကို တစ်ဖန် ပြန်၍ ပြုထိုက်၏၊ မငြိမ်းစေရသေး၊ မကောင်းသဖြင့် ငြိမ်းစေထားသော ကံတည်း၊ တစ်ဖန် ပြန်၍ ငြိမ်းစေထိုက်၏''ဟု လှုံ့ဆော်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၃၉၅။ ဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ လှုံ့ဆော်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
ဓမ္မကံ၌ ယုံမှားရှိသည်ဖြစ်၍ လှုံ့ဆော်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိသည်ဖြစ်၍ လှုံ့ဆော်ငြားအံ့၊ အာပတ် မသင့်။
အဓမ္မကံ၌ ဓမ္မကံဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အဓမ္မကံ၌ အဓမ္မကံဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၃၉၆။ ''မဟုတ်မမှန်သော သဘောဖြင့်သော်လည်းကောင်း၊ ဝဂ် 'တစ်သိမ်တည်း၌ တစ်စုစီ' ဖြစ်သဖြင့်သော်လည်းကောင်း၊ ကံမထိုက်သော ရဟန်းအားသော်လည်းကောင်း ကံပြု၏''ဟု သိ၍ လှုံ့ဆော်ငြားအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
တတိယ ဥက္ကောဋနသိက္ခာပုဒ် ပြီး၏။