၂၀၉။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဒေဝဒတ်သည် လာဘ်ပူဇော်သကာမှ ဆုတ်ယုတ်သည်ဖြစ်၍ ပရိသတ်နှင့်တကွ ဒါယကာတို့ထံ၌ တောင်း၍ တောင်း၍ သုံးဆောင်၏။
လူတို့သည် ''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် ဒါယကာတို့ထံ၌ တောင်း၍ တောင်း၍ အဘယ့်ကြောင့် သုံးဆောင်ကုန်ဘိသနည်း၊ အဘယ်သူသည် ချိုမြိန်သော အရသာကို မကြိုက်ဘဲ ရှိအံ့နည်း၊ အဘယ်သူသည် ကောင်းသော အရသာကို မနှစ်သက်ဘဲ ရှိအံ့နည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဒေဝဒတ်သည် ပရိသတ်နှင့်တကွ ဒါယကာတို့ထံ၌ တောင်း၍ တောင်း၍ သုံးဆောင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ဒေဝဒတ် သင်သည် ပရိသတ်နှင့်တကွ ဒါယကာတို့ထံ၌ တောင်း၍ တောင်း၍ သုံးဆောင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် ပရိသတ်နှင့်တကွ ဒါယကာတို့ထံ၌ တောင်း၍ တောင်း၍ အဘယ့်ကြောင့် သုံးဆောင် ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၁၀။ ထိုအခါ၌ လူတို့သည် နာဖျားသော ရဟန်းတို့ကို ဆွမ်းဖြင့် ဖိတ်ကုန်၏။
ရဟန်းတို့သည် ''ဂဏဘောဇဉ်ကို မြတ်စွာဘုရားပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်သည်ဖြစ်၍ မခံယူကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ''ရဟန်းတို့ နာဖျားသော ရဟန်းအား ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ခ) ''အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသောအခါ၊ ဤကား ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၁၁။ ထိုအခါ လူတို့သည် သင်္ကန်းလှူသော အခါ၌ သင်္ကန်းနှင့်တကွ ဆွမ်းစီရင်၍ ဆွမ်းကျွေး ပြီးလျှင် သင်္ကန်းလှူဒါန်းကုန်အံ့ဟု ရဟန်းတို့ကို ပင့်ဖိတ်ကုန်၏၊
ရဟန်းတို့သည် ''ဂဏဘောဇဉ်ကို မြတ်စွာဘုရား ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူကုန်။
သင်္ကန်းအရနည်း၏၊
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်္ကန်းလှူသောအခါ၌ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ဂ) ''အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသောအခါ, သင်္ကန်းလှူသောအခါ၊ ဤကား ဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၁၂။ ထိုအခါ လူတို့သည် သင်္ကန်းချုပ်ကုန်သော ရဟန်းတို့ကို ဆွမ်းဖြင့် ပင့်ဖိတ်ကုန်၏၊
ရဟန်းတို့သည် ''ဂဏဘောဇဉ်ကို မြတ်စွာဘုရား ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူကုန်၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ သင်္ကန်းချုပ်သောအခါ၌ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ဃ) ''အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသော အခါ, သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်သောအခါ၊ ဤကား ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၁၃။ ထိုအခါ၌ ရဟန်းတို့သည် လူ 'ဒါယကာ' တို့နှင့်အတူ အဓွန့်ရှည်သော ခရီးသို့ သွားကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ထိုလူတို့ကို ''ဒါယကာတို့ တစ်ခဏမျှ ဆိုင်းငံ့ကုန်ဦးလော့၊ ဆွမ်းအလို့ငှါ လှည့်လည်ကုန်အံ့''ဟု ဆိုကုန်၏။
ထိုလူတို့သည် ''အသျှင်ဘုရားတို့ ဤအရပ်၌ပင် သုံးဆောင်တော်မူပါ ကုန်လော့''ဟု လျှောက်ကုန်၏။
ရဟန်းတို့သည် ''ဂဏဘောဇဉ်ကို မြတ်စွာဘုရား ပယ်တော်မူသော ကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူကုန်။
မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ အဓွန့်ရှည်သော ခရီးသို့ သွားသောအခါ၌ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြု တော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(င) ''အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသောအခါ, သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်သောအခါ, အဓွန့်ရှည်သော ခရီးသို့ သွားသောအခါ၊ ဤကား ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါ တည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၁၄။ ထိုအခါ ရဟန်းတို့သည် လူဒါယကာတို့နှင့်အတူ လှေဖြင့် သွားကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ထိုလူတို့ကို ''ဒါယကာတို့ တစ်ခဏမျှ ကမ်းသို့ ကပ်ကုန်လော့၊ ဆွမ်းအလို့ငှါ လှည့်လည်ကုန်အံ့''ဟု ဆိုကုန်၏။
ထိုလူတို့သည် ''အသျှင်ဘုရားတို့ ဤ (လှေ) ၌ပင် သုံးဆောင် တော်မူပါကုန်လော့''ဟု လျှောက်ကုန်၏။
ရဟန်းတို့သည် ''ဂဏဘောဇဉ်ကို မြတ်စွာဘုရား ပယ်တော့်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ လှေစီးသောအခါ၌ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(စ) ''အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသောအခါ, သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်သောအခါ, အဓွန့်ရှည်သော ခရီးသို့ သွားသောအခါ, လှေစီးသောအခါ၊ ဤကား ထိုဂဏဘောဇဉ်ကို သုံးဆောင် ရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန် လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၁၅။ ထိုအခါ အရပ်မျက်နှာတို့၌ ဝါမှထကုန်သော 'ဝါကျွတ်ကုန်သော' ရဟန်းတို့သည် မြတ်စွာ ဘုရားကို ဖူးမြော်ခြင်းငှါ ရာဇဂြိုဟ်ပြည်သို့ လာကုန်၏။
လူတို့သည် အထူးထူးသော တိုင်းပြည်တို့၌ နေကုန်သော ရဟန်းတို့ကို တွေ့မြင်၍ ဆွမ်းဖြင့် ပင့်ဖိတ်ကုန်၏။
ရဟန်းတို့သည် ''ဂဏဘောဇဉ်ကို မြတ်စွာဘုရား ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူ ကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ အခါကြီး၌ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(ဆ) ''အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း၊
နာဖျားသော အခါ, သင်္ကန်း လှူသောအခါ, သင်္ကန်းချုပ်သော အခါ, အဓွန့်ရှည်သောခရီးသို့ သွားသောအခါ, လှေစီးသောအခါ, အခါကြီး၊ ဤကား ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၁၆။ ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးတော်သူ တစ်ယောက် သည် အာဇီဝက 'တက္ကတွန်း'တို့ထံ၌ ရဟန်းပြု၏။
ထိုအခါ ထိုအာဇီဝက 'တက္ကတွန်း' သည် မဂဓတိုင်း ရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးထံသို့ ချဉ်းကပ်၍
မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရ မင်းကြီးအား ''မင်းကြီး ငါသည် ပါသဏ္ဍအယူရှိသူ အားလုံးတို့အား ထမင်းကျွေးလို၏''ဟု ပြော၏။
အသျှင်ဘုရား အသျှင်သည် အကယ်၍ မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို ရှေးဦးစွာ ကျွေးမွေးပါမူကား
အသျှင်ပြောသောအတိုင်း ပြုပါအံ့ဟု (ဆို၏)။
ထိုအခါ ထိုအာဇီဝက 'တက္ကတွန်း'သည် ရဟန်းတို့ထံသို့ ''ရဟန်းတို့သည် နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကို ခံယူပါကုန်''ဟု တမန်စေလွှတ်လိုက်၏။
ရဟန်းတို့သည် ''ဂဏဘောဇဉ်ကို မြတ်စွာဘုရား ပယ်တော်မူသောကြောင့် မအပ်''ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည်ဖြစ်၍ မခံယူကုန်။
ထိုအခါ ထိုအာဇီဝက 'တက္ကတွန်း' သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုအာဇီဝက 'တက္ကတွန်း' သည် မြတ်စွာဘုရားအား-
''အသျှင်ဂေါတမသည်လည်း ရဟန်းဖြစ်၏၊ အကျွန်ုပ်သည်လည်း ရဟန်းဖြစ်၏၊
ရဟန်းသည် ရဟန်း၏ ဆွမ်းကို ခံယူခြင်းငှါထိုက်၏၊
အသျှင်ဂေါတမသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန် အဖို့ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါလော့''ဟု လျှောက်၏။
မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏၊
ထိုအခါ ထိုအာဇီဝက 'တက္ကတွန်း' သည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ ဖဲခွါသွား၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်း တို့ကို-
''ရဟန်းတို့ ရဟန်းက ဆွမ်းကျွေးသောအခါ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၁၇။ ''အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။
ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါ တည်း၊
နာဖျားသောအခါ, သင်္ကန်းလှူသောအခါ, သင်္ကန်းချုပ်သောအခါ, အဓွန့်ရှည်သောခရီးသို့ သွားသောအခါ, လှေစီးသောအခါ, အခါကြီး, ရဟန်းကဆွမ်းလှူသောအခါ၊ ဤကား ထိုဂဏ ဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၁၈။ ဂဏဘောဇဉ် မည်သည် အကြင်အရပ်၌ ရဟန်းလေးပါးတို့ကို ဘောဇဉ်ငါးပါးတို့တွင် တစ်ပါးပါးသော ဘောဇဉ်ဖြင့် ပင့်ဖိတ်သောကြောင့် သုံးဆောင်ကုန်၏၊
ဤသည်လျှင် ဂဏဘောဇဉ် မည်၏။
အချိန်အခါကို ကြဉ်၍ဟူသည် အချိန်အခါကို ကြဉ်ထား၍။
နာဖျားသောအခါ မည်သည် အယုတ်သဖြင့် ခြေတို့သော်လည်း ကွဲပြဲကုန်အံ့၊
နာဖျားသောအခါဟူ၍ သုံးဆောင်အပ်၏။
သင်္ကန်းလှူသောအခါ မည်သည် ကထိန်မခင်းသော် မိုးဥတု၏ နောက်ဆုံးဖြစ်သော လပတ်လုံး လည်းကောင်း၊ ကထိန်ခင်းသော် ငါးလတို့ပတ်လုံးလည်းကောင်း
သင်္ကန်းလှူသောအခါဟူ၍ သုံးဆောင် အပ်၏။
သင်္ကန်းချုပ်သောအခါ မည်သည် သင်္ကန်းကိုချုပ်သော်
သင်္ကန်းချုပ်သောအခါဟူ၍ သုံးဆောင် အပ်၏။
အဓွန့်ရှည်သောခရီးသို့ သွားသောအခါ မည်သည် ယူဇနာခွဲခရီးသို့ သွားအံ့ဟု သုံးဆောင် အပ်၏၊ သွားဆဲ ရဟန်းသည် သုံးဆောင်အပ်၏၊ သွားပြီးရဟန်းသည် သုံးဆောင်အပ်၏။
လှေစီးသောအခါ မည်သည် လှေကိုစီးအံ့ဟု သုံးဆောင်အပ်၏၊ စီးဆဲရဟန်းသည် သုံးဆောင်အပ်၏၊ လှေမှဆင်းသော ရဟန်းသည် သုံးဆောင်အပ်၏။
အခါကြီး 'မဟာသမယ' မည်သည် အကြင်အရပ်၌ ရဟန်း နှစ်ပါး သုံးပါးတို့သည် ဆွမ်းခံလှည့် လည်၍ မျှတကုန်၏၊ လေးပါးမြောက် ရဟန်းလာသည် ရှိသော် မမျှတကုန်၊
(ထိုအရပ်၌) (ထိုအခါမျိုးကို) အခါကြီးဟူ၍ သုံးဆောင်အပ်၏။
ရဟန်းက ဆွမ်းလှူသောအခါ မည်သည် တစ်စုံတစ်ယောက်သောသူသည် ပရိဗိုဇ်အဖြစ်သို့ ရောက်၍ ဆွမ်းကို ပြုလုပ်စီရင်၏၊
(ထိုအခါမျိုးကို) ရဟန်းက ဆွမ်းလှူသောအခါဟူ၍ သုံးဆောင်အပ်၏။
အခါကာလကို ကြဉ်၍ သုံးဆောင်အံ့ဟု ခံ့ယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၂၁၉။ ဂဏဘောဇဉ်ကို ဂဏဘောဇဉ်ဟု အမှတ်ရှိသည်ဖြစ်၍ အချိန်အခါကို ကြဉ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဂဏဘောဇဉ်၌ ယုံမှားလျက် အချိန်အခါကို ကြဉ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဂဏဘောဇဉ်၌ ဂဏဘောဇဉ်မဟုတ်ဟု အမှတ်ရှိလျက် အချိန်အခါကို ကြဉ်၍ သုံးဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
ဂဏဘောဇဉ် မဟုတ်ရာ၌ ဂဏဘောဇဉ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဂဏဘောဇဉ် မဟုတ်ရာ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ဂဏဘောဇဉ် မဟုတ်ရာ၌ ဂဏဘောဇဉ်မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၂၂၀။ အချိန်အခါ၌ အာပတ် မသင့်၊ ရဟန်း နှစ်ပါး သုံးပါးတို့သည် တစ်ပေါင်းတည်း အတူ သုံးဆောင်ကုန်အံ့၊ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် တစ်ပေါင်းတည်း စုဝေး၍ သုံးဆောင်ကုန်အံ့၊ အမြဲလှူသော ဆွမ်းကိုလည်းကောင်း၊ စာရေးတံချ၍ လှူသော ဆွမ်းကိုလည်းကောင်း၊ လဆန်းလဆုတ်၌ လှူသော ဆွမ်းကိုလည်းကောင်း၊ ဥပုသ်နေ့၌ လှူသော ဆွမ်းကိုလည်းကောင်း၊ အထွက်တစ်ရက်နေ့၌ လှူသော ဆွမ်းကိုလည်းကောင်း သုံးဆောင်အံ့၊ အာပတ် မသင့်။
ဘောဇဉ်ငါးပါးတို့ကို ထား၍ (ခဲဖွယ်စသည်) အလုံးစုံတို့၌ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒုတိယ ဂဏဘောဇနသိက္ခာပုဒ် ပြီး၏။