၃၆။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ဖြစ်ကြ ငြင်းခုံကြ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့ထံသို့ ချောပစ်ကုန်းတိုက်သော စကားကို ပို့ဆောင်ကြကုန်၏။
ဤရဟန်း၏ စကားကို နားထောင်၍ ဤရဟန်းနှင့် ကွဲပြားအောင် ထိုရဟန်းကို ပြောကြားကုန်၏၊
ထိုရဟန်း၏ စကားကို နားထောင်၍ ထိုရဟန်းနှင့် ကွဲပြားအောင် ဤရဟန်းကို ပြောကြားကုန်၏၊
ထိုသို့ပြောကြားခြင်းကြောင့် မဖြစ်သေးသော ခိုက်ရန်တို့သည်လည်း ဖြစ်ပွားကုန်၏၊ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း အတိုင်းထက်အလွန် ပွားများခြင်း ကျယ်ပြန့်ခြင်းသို့ ရောက်ကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ဖြစ်ကြ ငြင်းခုံကြ ဝါဒကွဲပြား ခြင်းသို့ရောက်ကြကုန်သော ရဟန်းတို့ထံသို့ ချောပစ်ကုန်းတိုက်သော စကားကို အဘယ့်ကြောင့်ပို့ဆောင်ကုန်ဘိသနည်း၊ ဤရဟန်း၏ စကားကို နားထောင်၍ ဤရဟန်းနှင့် ကွဲပြားအောင် ထိုရဟန်းကို ပြောကြားကုန်ဘိသနည်း၊ ထိုရဟန်း၏ စကားကို နားထောင်၍ ထိုရဟန်းနှင့် ကွဲပြားအောင် ဤရဟန်းကို ပြောကြားကုန်ဘိသနည်း၊ ထိုသို့ ပြောကြားခြင်းကြောင့် မဖြစ်သေးသော ခိုက်ရန်တို့သည်လည်း ဖြစ်ပွားကုန်၏၊ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း အတိုင်းထက်အလွန် ပွားများခြင်း ကျယ်ပြန့်ခြင်းသို့ ရောက်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသောအကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင်မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် ခိုက်ရန် ဖြစ်ကြငြင်းခုံကြ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့အထံသို့ ချောပစ်ကုန်းတိုက်သော စကားကိုပို့ဆောင်ကုန်၏၊ ဤရဟန်း၏ စကားကို နားထောင်၍ ဤရဟန်းနှင့် ကွဲပြားအောင် ထိုရဟန်းကို ပြောကြားကုန်၏၊ ထိုရဟန်း၏ စကားကို နားထောင်၍ ထိုရဟန်းနှင့် ကွဲပြားအောင် ဤရဟန်းကို ပြောကြားကုန်၏၊ ထိုသို့ ပြောကြားခြင်းကြောင့် မဖြစ်သေးသော ခိုက်ရန်တို့သည်လည်း ဖြစ်ပွားကုန်၏၊ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း အတိုင်းထက်အလွန် ပွားများခြင်း ကျယ်ပြန့်ခြင်းသို့ ရောက်ကုန်၏ဟူသည်မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ သင်တို့သည် ခိုက်ရန်ဖြစ်ကြ ငြင်းခုံကြ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့ထံသို့ ချောပစ်ကုန်းတိုက်သော စကားကို အဘယ့်ကြောင့် ပို့ဆောင်ကြကုန်ဘိသနည်း၊
ဤရဟန်း၏စကားကို နားထောင်၍ ဤရဟန်းနှင့် ကွဲပြားအောင် ထိုရဟန်းကို ပြောကြားကုန်ဘိသနည်း၊
ထိုရဟန်း၏စကားကို နားထောင်၍ ထိုရဟန်းနှင့် ကွဲပြားအောင် ဤရဟန်းကို ပြောကြားကုန်ဘိသနည်း၊
ထိုသို့ ပြောကြားခြင်းကြောင့် မဖြစ်သေးသော ခိုက်ရန်တို့သည်လည်း ဖြစ်ပွားကုန်၏၊ ဖြစ်ပြီးသော ခိုက်ရန်တို့သည်လည်း အတိုင်းထက်အလွန် ပွားများခြင်း ကျယ်ပြန့်ခြင်းသို့ ရောက်ကုန်၏။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊
ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၃၇။ ''ရဟန်းတို့အား ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်း ကြောင့်ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၃၈။ ချောပစ်ကုန်းတိုက်ခြင်း မည်သည် မိမိအား ချစ်ခင်စေလိုသောကြောင့်လည်းကောင်း၊ ကွဲပြားစေလိုသောကြောင့်လည်းကောင်း ဤအကြောင်းနှစ်ပါးတို့ဖြင့် ချောပစ်ကုန်းတိုက်၏။
အမျိုးဇာတ်အားဖြင့်လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း၊အနွယ်အားဖြင့်လည်းကောင်း၊ အလုပ်အားဖြင့်လည်းကောင်း၊အတတ်ပညာအားဖြင့်လည်းကောင်း၊ အနာရောဂါအားဖြင့်လည်းကောင်း၊ အသွင် 'ပုံသဏ္ဌာန်'အားဖြင့်လည်းကောင်း၊ ညစ်ညမ်းမှု ကိလေသာအားဖြင့်လည်းကောင်း၊ အာပတ်အားဖြင့် လည်းကောင်း၊ ဆဲရေးခြင်းအားဖြင့်လည်းကောင်း ဆယ်ပါးသောအကြောင်းတို့ဖြင့်ချောပစ်ကုန်းတိုက်သော စကားကို ပို့ဆောင်၏။
အမျိုးဇာတ် မည်သည် ယုတ်သော အမျိုးဇာတ် မြတ်သော အမျိုးဇာတ်ဟူ၍ နှစ်မျိုး ရှိ၏။
ယုတ်သော အမျိုးဇာတ် မည်သည် ဒွန်းစဏ္ဍားအမျိုးဇာတ် ဒေါင်းရွေသမားအမျိုးဇာတ် မုဆိုး တံငါအမျိုးဇာတ် သားရေနယ်သမားအမျိုးဇာတ် ပန်းမှိုက်သွန်အမျိုးဇာတ်တည်း၊
ဤကား ယုတ်သော အမျိုးဇာတ် မည်၏။
မြတ်သော အမျိုးဇာတ် မည်သည် မင်းမျိုးဇာတ် ပုဏ္ဏားမျိုးဇာတ်တည်း၊
ဤကား မြတ်သောအမျိုးဇာတ် မည်၏။ပ။
ဆဲရေးခြင်း မည်သည် ယုတ်သော ဆဲရေးခြင်း မြတ်သော ဆဲရေးခြင်းဟူ၍ နှစ်မျိုး ရှိ၏။
ယုတ်သော ဆဲရေးခြင်း မည်သည် (သင်သည်) ကုလားအုပ်ဖြစ်၏၊ သိုးဖြစ်၏၊ နွားဖြစ်၏၊ မြည်းဖြစ်၏၊ တိရစ္ဆာန်ဖြစ်၏၊ ငရဲသူဖြစ်၏၊
သင့်အား ကောင်းသော လားရာဂတိမရှိ၊
မကောင်းသောလားရာဂတိသို့သာလျှင် သင်ရောက်ထိုက်၏ဟူ၍လည်းကောင်း၊ ယအက္ခရာ ဘအက္ခရာဖြင့်လည်းကောင်း၊ ယောက်ျားနိမိတ် မိန်းမနိမိတ်ဖြင့် လည်းကောင်း (ဆဲရေးခြင်းတည်း)။
ဤကား ယုတ်သော ဆဲရေးခြင်းမည်၏။
မြတ်သော ဆဲရေးခြင်း မည်သည်ကား သင်သည် ပညာရှိသူ ဖြစ်၏၊ လိမ္မာသူ ဖြစ်၏၊ ထက်မြက့်သော ပညာရှိသူ ဖြစ်၏၊ အကြားအမြင်များသူ ဖြစ်၏၊ တရားဟောတတ်သူ ဖြစ်၏၊
သင့်အား မကောင်းသော လားရာဂတိမရှိ၊
ကောင်းသော လားရာဂတိသို့သာလျှင် သင် ရောက်ထိုက်၏ဟု ဆဲရေးခြင်းတည်း၊
ဤကား မြတ်သော ဆဲရေးခြင်း မည်၏။
၃၉။ ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤ မည်သောရဟန်းက 'ဒွန်းစဏ္ဍားမျိုးတည်း၊ ဒေါင်းရွေသမားမျိုးတည်း၊ မုဆိုးတံငါမျိုးတည်း၊ သားရေနယ်သမားမျိုးတည်း၊ ပန်းမှိုက်သွန်မျိုးတည်း'ဟူ၍ ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'မင်းမျိုးတည်း၊ ပုဏ္ဏားမျိုးတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကိုပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ငနားရှည်မည်၏၊ ငနားပဲ့မည်၏၊ ငနားလုံးမည်၏၊ ငနားကျယ်မည်၏၊ ငမျိုးပွားမည်၏'ဟူ၍ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ဗုဒ္ဓရက္ခိတမည်၏၊ ဓမ္မရက္ခိတမည်၏၊ သံဃရက္ခိတမည်၏'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ကောသိယအနွယ်တည်း၊ ဘာရဒွါဇအနွယ်တည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ဂေါတမအနွယ်တည်း၊ မောဂ္ဂလာနအနွယ်တည်း၊ ကစ္စာနအနွယ်တည်း၊ ဝါသိဋ္ဌအနွယ်တည်း'ဟူ၍ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ကျီစောင့်တည်း၊ ပန်းမှိုက်သွန်တည်း'ဟု ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကိုပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက လယ်သမားတည်း၊ ကုန်သည်တည်း၊ နွားမွေးမြူသူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ကျူထရံသည်တည်း၊ အိုးထိန်းသည်တည်း၊ ရက်ကန်းသည်တည်း၊ သားရေနယ်သမားတည်း၊ ဆတ္တာသည်တည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်းခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'လက်ချိုးရေတွက်တတ်သူတည်း၊ ဂဏန်းဖြင့် ရေတွက်တတ်သူတည်း၊ စာရေးတတ်သူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ်သင့်၏။
၄၀။ ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤ မည်သောရဟန်းက 'နူနာရှိသူတည်း၊ အိုင်းအမာရှိသူတည်း၊ (ပွေးညှင်း တင်းတိပ်စသော) အရေပြား နာရှိသူတည်း၊ ချောင်းဆိုးနာရှိသူတည်း၊ ဝက်ရူးနာရှိသူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက် စကားကိုပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ပျားရည်နှင့်တူသော မုတ်ယိုနာ 'ဆီးချိုနာ' ရှိသူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'အလွန်ရှည်၏၊ အလွန်တို၏၊ အလွန်မည်း၏၊ အလွန်ဖြူ၏'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'မရှည်လွန်း၊ မတိုလွန်း၊ မမည်းလွန်း၊ မဖြူလွန်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ရာဂထကြွသူ ဒေါသထကြွသူ မောဟထကြွသူ'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ရာဂကင်းသူတည်း၊ ဒေါသကင်းသူတည်း၊ မောဟကင်းသူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက် စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ပါရာဇိကအာပတ် သင့်သူတည်း၊ သံဃာဒိသိသ်အာပတ် သင့်သူတည်း၊ ထုလ္လစ္စဉ်းအာပတ်သင့်သူတည်း၊ ပါစိတ်အာပတ် သင့်သူတည်း၊ ပါဋိဒေသနီအာပတ် သင့်သူတည်း၊ ဒုက္ကဋ်အာပတ် သင့်သူတည်း၊ ဒုဗ္ဘာသီအာပတ် သင့်သူတည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'သောတာပန်တည်း'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ကုလားအုပ်တည်း၊ သိုးတည်း၊ နွားတည်း၊ မြည်းတည်း၊ တိရစ္ဆာန်တည်း၊ ငရဲသူတည်း၊ ထိုရဟန်းအား ကောင်းသော လားရာဂတိမရှိ၊ မကောင်းသော လားရာဂတိသို့သာလျှင် ထိုရဟန်း ရောက်ထိုက်၏'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်းပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''သင့်ကို ဤမည်သောရဟန်းက 'ပညာရှိသူတည်း၊ လိမ္မာသူတည်း၊ ထက်မြက်သော ပညာရှိသူတည်း၊ အကြားအမြင်များသူတည်း၊ တရားဟောတတ်သူတည်း၊ ထိုရဟန်းအား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသောလားရာ ဂတိသို့သာလျှင် ထိုရဟန်းရောက်ထိုက်၏'ဟူ၍ ပြောဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကိုပို့ဆောင်အံ့၊
စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
၄၁။ ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'ဤအရပ်၌ အချို့သော ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေသမားမျိုး မုဆိုးတံငါမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့သည် ရှိကုန်၏'ဟု ပြောဆို၏၊ ထိုရဟန်းသည် အခြားသူကို ဆိုသည်မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်းဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'ဤအရပ်၌ အချို့သော မင်းမျိုး ပုဏ္ဏားမျိုးတို့သည် ရှိကုန်၏'ဟု ပြောဆို၏၊ ထိုရဟန်း သည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်း သည် 'ဤအရပ်၌ အချို့သော ပညာရှိသူများ လိမ္မာသူများ ထက်မြက်သော ပညာရှိသူများ အကြားအမြင်များသူများ တရားဟောတတ်သူများ ရှိကုန်၏၊ ထိုသူတို့အား မကောင်းသော လားရာဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ထိုသူတို့ ရောက်ထိုက်၏'ဟူ၍ ပြောဆို၏၊ ထိုရဟန်းသည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ်သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ဒွန်းစဏ္ဍားမျိုး ဒေါင်းရွေ သမားမျိုးမုဆိုးတံငါမျိုး သားရေနယ်သမားမျိုး ပန်းမှိုက်သွန်မျိုးတို့တည်း'ဟု ပြောဆို၏၊ ထိုရဟန်း သည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'အကြင်သူတို့သည် ရှိကုန်၏၊ ထိုသူတို့ကား စင်စစ်အားဖြင့် ပညာရှိသူများ လိမ္မာသူများ ထက်မြက်သောပညာရှိသူများ အကြားအမြင်များသူများ တရားဟောတတ်သူများတည်း'ဟု ပြောဆို၏၊ ထိုရဟန်းသည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်း သည် 'ငါတို့ကား ဒွန်းစဏ္ဍားမျိုး မဟုတ်ကုန်၊ ဒေါင်းရွေသမားမျိုး မဟုတ်ကုန်၊ မုဆိုးတံငါမျိုး မဟုတ် ကုန်၊ သားရေနယ်သမားမျိုး မဟုတ်ကုန်၊ ပန်းမှိုက်သွန်မျိုး မဟုတ်ကုန်'ဟု ပြောဆို၏၊ ထိုရဟန်း သည်အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ် အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ''ဤမည်သော ရဟန်းသည် 'ငါတို့ကား ပညာရှိသူတို့ မဟုတ်ကုန်၊ လိမ္မာသူူတို့ မဟုတ်ကုန်၊ ထက်မြက်သော ပညာ ရှိသူူတို့မဟုတ်ကုန်၊ အကြားအမြင်များသူတို့ မဟုတ်ကုန်၊ တရားဟောတတ်သူူတို့ မဟုတ်ကုန်၊ ငါတို့ အားမကောင်းသော လားရာ ဂတိမရှိ၊ ကောင်းသော လားရာဂတိသို့သာလျှင် ငါတို့ ရောက်ထိုက်၏'ဟူ၍ပြောဆို၏၊ ထိုရဟန်းသည် အခြားသူကို ဆိုသည် မဟုတ်၊ သင့်ကိုသာလျှင် ဆို၏''ဟု ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ဒုက္ကဋ်အာပတ် သင့်၏။
၄၂။ ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ စကားခွန်းတိုင်း ခွန်းတိုင်း ပါစိတ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်း၏ စကားကို နားထောင်၍ ရဟန်းမဟုတ်သူ အထံသို့ ချောပစ်ကုန်းတိုက် စကားကို့ပို့ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းမဟုတ်သူတို့၏ စကားကို နားထောင်၍ (အခြား) ရဟန်းအထံသို့ ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းသည် ရဟန်းမဟုတ်သူ၏ စကားကို နားထောင်၍ ရဟန်းမဟုတ်သူအထံသို့ ချောပစ်ကုန်းတိုက်စကားကို ပို့ဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၄၃။ မိမိအား မချစ်ခင်စေလိုသော ရဟန်း၊ မကွဲပြားစေလိုသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းတို့အားလည်း အာပတ်မသင့်။
တတိယ ပေသုညသိက္ခာပုဒ် ပြီး၏။
၁- မုသာဝါဒဝဂ်