၈၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူ သောအခါ
အာဠဝီပြည်သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ်ကုန်သော် မြေကို ကိုယ်တိုင်လည်း တူးဆွကုန်၏၊ သူတစ်ပါးတို့ကိုလည်း တူးဆွစေကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မြေကြီးကို ကိုယ်တိုင် တူးဆွကုန်ဘိသနည်း၊ သူတစ်ပါးတို့ကိုလည်း တူးဆွစေကုန်ဘိသနည်း၊ သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် တစ်ခုသော ဣန္ဒြေရှိသော အသက်ကို ညှဉ်းဆဲကုန် ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏။ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ထိုလူတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားတို့ကို ကြားကြသည် သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အာဠဝီပြည်သား ရဟန်းတို့သည် မြေကြီး ကို ကိုယ်တိုင် တူးဆွကုန်ဘိသနည်း၊ သူတစ်ပါးတို့ကို တူးဆွစေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
ရဟန်းတို့ သင်တို့သည် မြေကြီးကို ကိုယ်တိုင် တူးဆွကုန်၏၊ သူတစ်ပါးတို့ကိုလည်း တူးဆွစေကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏။)
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မြေကြီးကို ကိုယ်တိုင် တူးဆွကုန်ဘိသနည်း၊ သူတစ်ပါးတို့ကို တူးဆွစေကုန်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့ လူတို့သည် မြေကြီး၌ အသက် ရှိ၏ဟု ထင်မှတ်ကုန်၏။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၈၅။ ''အကြင်ရဟန်းသည် မြေကို တူးမူလည်း တူးငြားအံ့၊ တူးစေမူလည်း တူးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၈၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
မြေ မည်သည် မြေစစ် မြေတုဟူ၍ နှစ်မျိုး ရှိ၏။
မြေစစ် မည်သည် မြေမှုန့်သက်သက် မြေညက်သက်သက် ကျောက်ခဲအနည်းငယ် ရှိသောမြေ ကျောက်စရစ်အနည်းငယ် ရှိသောမြေ အိုးခြမ်းကွဲအနည်းငယ် ရှိသောမြေ ကျောက်ပြုတ်အနည်းငယ် ရှိသောမြေ သဲအနည်းငယ် ရှိသောမြေ မြေမှုန့်များသောမြေ မြေညက်များသောမြေတည်း၊
မီးမလောင် သော မြေကိုလည်း မြေစစ်ဟူ၍ ဆိုအပ်၏။
လေးလထက် လွန်၍ မိုးစွတ်စိုသော မြေမှုန့်အစုအပုံ မြေညက်အစုအပုံကိုလည်း မြေစစ်ဟူ၍ ဆိုအပ်၏။
မြေတု မည်သည် ကျောက်ခဲသက်သက် ကျောက်စရစ်သက်သက် အိုးခြမ်းကွဲသက်သက် ကျောက် ပြုတ်သက်သက် သဲသက်သက် မြေမှုန့်အနည်းငယ်ရှိသောမြေ မြေညက်အနည်းငယ်ရှိသောမြေ ကျောက်ခဲ များသောမြေ ကျောက်စရစ်များသောမြေ အိုးခြမ်းကွဲများသောမြေ ကျောက်ပြုတ်များသောမြေ သဲများသော မြေတည်း၊
မီးလောင်သော မြေကိုလည်း မြေတုဟူ၍ ဆိုအပ်၏။
လေးလအောက် ယုတ်လျော့၍ မိုးစွတ်စို သော မြေမှုန့်အစုအပုံ မြေညက်အစုအပုံကိုလည်း မြေတုဟူ၍ ဆိုအပ်၏။
တူးငြားအံ့ဟူသည် ကိုယ်တိုင်တူးအံ့၊ ပါစိတ်အာပတ် သင့်၏။
တူးစေငြားအံ့ဟူသည် သူတစ်ပါးကို တူးစေငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
တစ်ကြိမ်စေခိုင်းအပ်လျက် အကြိမ်များစွာ တူးငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
၈၇။ မြေကြီး၌ မြေကြီးဟု အမှတ်ရှိသည်ဖြစ်၍ တူးသော်လည်းကောင်း၊ တူးစေသော်လည်းကောင်း၊ ခွဲဖျက်သော်လည်းကောင်း၊ ခွဲဖျက်စေသော်လည်းကောင်း၊ မီးတိုက်သော်လည်းကောင်း၊ မီးတိုက်စေသော် လည်းကောင်း ပါစိတ်အာပတ် သင့်၏။
မြေကြီး၌ ယုံမှားရှိသည်ဖြစ်၍ တူးသော်လည်းကောင်း၊ တူးစေသော်လည်းကောင်း၊ ခွဲဖျက်သော် လည်းကောင်း၊ ခွဲဖျက်စေသော်လည်းကောင်း၊ မီးတိုက်သော်လည်းကောင်း၊ မီးတိုက်စေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
မြေကြီး၌ မြေကြီးမဟုတ်ဟု အမှတ်ရှိသည် ဖြစ်၍ တူးသော်လည်းကောင်း၊ တူးစေသော်လည်း ကောင်း၊ ခွဲဖျက်သော်လည်းကောင်း၊ ခွဲဖျက်စေသော်လည်းကောင်း၊ မီးတိုက်သော်လည်းကောင်း၊ မီးတိုက်စေ သော်လည်းကောင်း အာပတ် မသင့်။
မြေကြီးမဟုတ်သည်၌ မြေကြီးဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မြေကြီးမဟုတ်သည်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မြေကြီးမဟုတ်သည်၌ မြေကြီးမဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။
၈၈။ ''ဤမြေကို သိလော့၊ ဤမြေကို ပေးလော့၊ ဤမြေကို ဆောင်ခဲ့လော့၊ ဤမြေဖြင့် အလိုရှိ၏၊ ဤမြေကို အပ်စပ်အောင် ပြုလော့''ဟု ဆိုအံ့၊ အာပတ် မသင့်။
စေတနာ မရှိဘဲ တူးအံ့၊ သတိမေ့လျော့၍ တူးအံ့၊ အာပတ် မသင့်။
မသိသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။
ဒသမ ပထဝီခဏနသိက္ခာပုဒ် ပြီး၏။
ပဌမ မုသာဝါဒဝဂ် ပြီး၏။
မဟုတ်မမှန်ရာကိုပြောသော မုသာဝါဒသိက္ခာပုဒ်၊ နှုတ်လှံထိုးသော စကားကို ဆိုသော ဩမသဝါဒသိက္ခာပုဒ်၊ ရဟန်းတို့ကို ကုန်းတိုက်သော ဘိက္ခုပေသုည သိက္ခာပုဒ်၊ ပုဒ်ပြိုင်တရားကို ပို့ချသော ပဒသောဓမ္မသိက္ခာပုဒ်၊ အတူအိပ်သော သဟ သေယျသိက္ခာပုဒ်နှစ်ပါး၊
မာတုဂါမအား တရားဟောသော ဓမ္မဒေသနာသိက္ခာပုဒ်၊ဟုတ် မှန်ရာ ပြောကြားသော ဘူတာရောစနသိက္ခာပုဒ်၊ ရုန့်ရင်းသော အာပတ်ကို ပြော ကြားသော ဒုဋ္ဌုလ္လာပတ္တိရောစနသိက္ခာပုဒ်၊ မြေကိုတူးသော ပထဝီခဏနသိက္ခာပုဒ်တို့။
ဤကား အကျဉ်းချုပ်တည်း။