၂၆၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ် ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံးနေတော်မူသောအခါ
ရဟန်းတစ်ပါးသည် (ပစ္စည်း) အလုံးစုံ ပံ့သကူဓူတင်ကို ဆောင်၍ သုသာန်၌ နေ၏။
ထိုရဟန်းသည် လူတို့ပေးလှူသည်ကို ခံယူခြင်းငှါ အလိုမရှိ၊ သုသာန်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ တံခါးခုံ၌လည်းကောင်း သေလွန်သော မိဘဘိုးဘွား စသည်တို့၏ အကျိုးငှါ စွန့်ထားသော ခဲဖွယ်ဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စား၏။
လူတို့သည် ''အဘယ့်ကြောင့် ဤရဟန်းသည် ငါတို့၏ သေလွန်သော မိဘဘိုးဘွားစသည်တို့၏ အကျိုးငှါ စွန့်ထားသော ခဲဖွယ်ဘောဇဉ်တို့ကို ကိုယ်တိုင် ယူ၍ စားဘိသနည်း၊ ဤရဟန်းသည် ဆူဖြိုး၏၊ လူသားကို စားလေယောင်တကား''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်း တို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ရဟန်းသည် မပေးအပ်သော 'အကပ်မခံရ သေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။
''ရဟန်း သင်သည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ဘိသနည်း။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ဤ (သင်ပြုမိသော အမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
(က) ''အကြင်ရဟန်းသည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
၂၆၄။ ထိုအခါ ရဟန်းတို့သည် ရေ, ဒန်ပူတို့ကို မအပ်ဟု တွေးတောမှု ''သံသယကုက္ကုစ္စ' ရှိကြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ ရေ, ဒန်ပူကို ကိုယ်တိုင် ယူ၍ သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူ၏။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၂၆၅။ ''အကြင်ရဟန်းသည် ရေ, ဒန်ပူကို ကြဉ်၍ မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။
၂၆၆။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း''ဟူ၍ အလိုရှိအပ်၏။
မပေးအပ် မည်သည် အကပ်မခံအပ်သော ခဲဖွယ် ဘောဇဉ်ကို ဆို၏။
ပေးအပ် မည်သည် ကိုယ်ဖြင့်သော်လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်သော်လည်းကောင်း၊ ပစ်လွှင့်သောအားဖြင့်သော်လည်းကောင်း၊ ပေးသည်ရှိသော် ဟတ္တပါသ် 'နှစ်တောင့်ထွာ' အတွင်း၌ ရပ်တည် လျက် ကိုယ်ဖြင့်သော်လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်သော်လည်းကောင်း ခံယူအံ့၊ ဤကား ပေးအပ်သည် မည်၏။
အဟာရ မည်သည် ရေ, ဒန်ပူကို ဖယ်ထား၍ အလုံးစုံသော မျိုအပ်သောဝတ္ထုသည် အာဟာရ မည်၏။
ရေ ဒန်ပူကို ကြဉ်၍ဟူသည် ရေ, ဒန်ပူကို ကြဉ်ထား၍။
''ခဲအံ့ စားအံ့''ဟူ၍ ခံယူအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မျိုတိုင်း မျိုတိုင်း ပါစိတ်အာပတ် သင့်၏။
၂၆၇။ အကပ်မခံအပ်သော ခဲဖွယ်ဘောဇဉ်၌ အကပ်မခံအပ်သော ခဲဖွယ်ဘောဇဉ်ဟု အမှတ်ရှိသည် ဖြစ်၍ ရေ, ဒန်ပူကို ကြဉ်၍ မပေးအပ်သော 'အကပ်မခံအပ်သော' အာဟာရကို ခံတွင်းဝသို့ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
အကပ်မခံအပ်သော ခဲဖွယ်ဘောဇဉ်၌ ယုံမှားရှိသည်ဖြစ်၍ ရေ, ဒန်ပူကိုကြဉ်၍ မပေးအပ်သော အာဟာရကို ခံတွင်းဝသို့ ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
အကပ်မခံအပ်သော ခဲဖွယ်ဘောဇဉ်၌ အကပ်ခံအပ်သော ခဲဖွယ်ဘောဇဉ်ဟု အမှတ်ရှိသည်ဖြစ်၍ ရေ, ဒန်ပူကို ကြဉ်၍ မပေးအပ်သော အာဟာရကို ခံတွင်းဝသို့ ဆောင်အံ့၊ ပါစိတ်အာပတ် သင့်၏။
အကပ်ခံအပ်သော ခဲဖွယ်ဘောဇဉ်၌ အကပ်မခံအပ်သော ခဲဖွယ်ဘောဇဉ်ဟု အမှတ်ရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
အကပ်ခံအပ်သော ခဲဖွယ်ဘောဇဉ်၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
အကပ်ခံအပ်သော ခဲဖွယ်ဘောဇဉ်၌ အကပ်ခံအပ်သော ခဲဖွယ်ဘောဇဉ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။